x

12.9.17

ပါရမီဆယ်ပါး-အပြားသုံးဆယ်


ဒီတစ်ခေါက်တင်မည့် ပို့စ်ကနည်းနည်းရှည်တာကြောင့် နားနားပြီးဖတ်-မှတ်ကြပါလို့ စာဖတ်သူတို့ကို ဦးစွာပထမ မေတ္တာရပ်ခံပါရစေ။ ဒီပို့စ်လေးဖြစ်ပေါ်လာရခြင်း အကြောင်းရင်းက- လွန်ခဲ့တဲ့ ၅-ရက်လောက်က ခင်ပွန်းဖြစ်သူ ကျွန်မကို ‘ပါရမီဆယ်ပါး အပြားသုံးဆယ်’ နဲ့ပတ်သက်ပြီး အဓိပ္ပါယ်ကိုမေးပါတယ်။ ပို့စ်တစ်ပုဒ်အဖြစ်နဲ့ တင်လိုက်ရင်စာဖတ်သူတို့လည်း ဖတ်လို့ရ ကျွန်မအတွက်လည်း ဘလော့ဂ်မှာပို့စ်တစ်ပုဒ်အဖြစ် သိမ်းဆည်းနိုင်မယ်လို့တွေးခဲ့တယ်။ စိတ်ကသာ တွေးနေခဲ့ပေမယ့် လက်တွေ့ကအကောင်အထည်ဖေါ်ဘို့ရာ တိုတောင်းတဲ့အချိန်တွေက ကိုယ်မသိလိုက်တဲ့ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာ ကုန်မှန်းမသိ ကုန်ကုန်သွားခဲ့တယ်။ ကြာသာပတေးနေ့ ညနေမှာတော့ ခင်ပွန်းဖြစ်သူတို့ မိဘ ဘိုးဘွား အစဉ်အဆက်ကိုးကွယ်ပြီး သားတို့နှစ်ယောက် ရှင်ပြု ကိုရင်ဝတ်ခဲ့တဲ့ အရှေ့ကျောင်း ဆရာတော်ကြီး အသက်(၉၉)နှစ် ဘ၀နတ်ထံပျံလွန်တော်မူသွားတယ်လို့ ဖုန်းသတင်းဝင်လာပါတယ်။ ခင်ပွန်းလည်း ညတွင်းချင်း လိုအပ်တဲ့ ပစ္စည်းလေးတွေဝယ်၊ ခရီးသွားဘို့ အင်္ကျီတွေထည့်ပြီး သောကြာမနက် အစောဆုံးကားနဲ့ တောင်တွင်းကြီးဘက်ကို ထွက်သွားတယ်။ 
 ခင်ပွန်းရဲ့ ကျေးဇူးရှင်မိဘနှစ်ပါးနဲ့ အရှေ့ကျောင်းထိုင်ဆရာတော်ကြီး 

စနေနေ့က သွားရောက်ကြည့်ဖြစ်ခဲ့တဲ့ မေတ္တာရောင်စဉ်တန်းများ

တနင်္ဂနွေနေ့က သူငယ်ချင်း ကိုကျင်စိန်တို့ ဇနီးမောင်နှံရဲ့ ကျေးဇူးနဲ့ ကုန်းမြင့်သာမှာ ဆုံဆည်းဖြစ်ခဲ့တဲ့ 
75-81 RIT Welfare Group မှ သူငယ်ချင်းတစ်စု
ခင်ပွန်းခရီးသွားတုန်းလေး သူမေးထားတဲ့ မေးခွန်းကို ပို့စ်တစ်ပုဒ်အဖြစ်တင်မယ်လို့ တွေးရင်း လက်တော့ပ်လေးဖွင့်ကာရှိသေး မသွားမဖြစ်တဲ့ ကိစ္စတစ်ခုကပေါ်လာပြန်တယ်။ မြို့ထဲအထိ သွားရမှာဆိုတော့ သိလိုက်ပါပြီ ကားပိတ်ပုံနဲ့ ညနေမစောင်းမချင်း အိမ်ပြန်မရောက်တော့ဘူးလို့။ သောကြာတစ်ရက်ကုန်သွားပြီး စနေနေ့ကျတော့ တစ်ချိန်က ဘလော့ဂ်ဂါတစ်ယောက် အခုတော့ Producer at PS Films က ဒါရိုက်တာပေါ့။ ၀ဇီရာမှာပြသတဲ့ ရုပ်ရှင်ပွဲတော်ကို မရောက်မဖြစ်လို့ အရောက်သွားခဲ့တယ်။ တစ်ခါ တနင်္ဂနွေနေ့ မနက်ရောက်တော့ 75-81 RIT Welfare Group ဆုံဆည်းခွင့်ရဘို့အတွက် သူငယ်ချင်းတစ်ယောက်က ကုန်းမြင့်သာမှာစီစဉ်ပေးတယ်။ သူငယ်ချင်းတွေ ဆုံဆည်းပွဲဟာလည်း ကျွန်မအတွက်အရေးကြီးနေပြန်တယ်။ ဒီလို ဒီလိုနဲ့ တနင်္လာနေ့မှာ အိမ်အတွက်လိုအပ်တာလေးတွေ ၀ယ်ဖြည့်ရတဲ့ ဟိုနားသည်နား ဟိုဝယ်သည်ဝယ် ကိစ္စနဲ့ တစ်ရက်တာကုန်လွန်ပြီး ဒီနေ့မနက် ၅နာရီမှာ ခရီးကနေ ပြန်ရောက်လာတဲ့ ခင်ပွန်းကိုမြင်မှ အကြွေးပို့စ်လေးကို အသည်းအသန်တင်ဖြစ်ပါတော့တယ်။ 

ပါရမီဆယ်ပါး-အပြားသုံးဆယ်
(၁) ဒါနပါရမီ
ဒါနသည် စွန့်ခြင်းလက္ခဏာရှိ၏၊ ငြိတွယ်သော လောဘကို ဖျက်ဆီးခြင်းကိစ္စရှိ၏၊ မငြိမတွယ်ခြင်းလျှင် ဉာဏ်၌ထင်သော အခြင်းအရာရှိ၏၊ စွန့်လှူထိုက်သော ဝတ္ထုလျှင် နီးစွာသောအကြောင်းပဒဋ္ဌာန် ရှိ၏။
(၂) သီလပါရမီ
သီလသည် ကိုယ်,နှုတ်နှစ်ပါးကို သိမ်းဆည်းသောအား ကောင်းစွာထားခြင်း လက္ခဏာရှိ၏၊ မကောင်းသော ကိုယ်,နှုတ်အမှု ဟူသောအကုသိုလ် ဓမ္မကို ဖျက်ဆီးခြင်းကိစ္စရှိ၏ ကိုယ်,နှုတ်အမှု ဖြူစင်သန့်ရှင်းခြင်းလျှင် ထင်သောပစ္စပဋ္ဌာန်ရှိ၏၊ မကောင်းမှုတို့ပြုရန် ရှက်,ကြောက်ခြင်းလျှင် နီးစွာသော အကြောင်းပဒဋ္ဌာန် ရှိ၏။
(၃) နေက္ခမပါရမီ
နိက္ခမသည် ကာမမှလည်းကောင်း, ဘဝမှလည်းကောင်း ထွက်ခွာကျွတ်လွတ်ခြင်း လက္ခဏာရှိ၏။ ကာမ၏ အပြစ်, ဘဝ၏အပြစ်တို့ကို အလင်းထင်အောင်ပြခြင်း ကိစ္စ ရှိ၏။ ထိုကာမ ဘဝကိုသာလျှင် မတွေ့လိုမှု, မျက်ကွယ်ပြုလိုသောအဖြစ်လျှင် ထင်သောပစ္စပဌာန်ရှိ၏၊ ကာမဘေး, ဘဝဘေးတို့မှ ထိတ်လန့်သော အကြောင်းပဒဌာန် ရှိ၏။
(၄) ပညာပါရမီ
ပညာသည် သဘာဝ ဟုတ်မှန်တိုင်းသော သဘောတရားကို ထိုးထွင်း၍သိမြင်ခြင်း လက္ခဏာရှိ၏။ ဉာဏ်၏အရာ အာရုံ ဓမ္မ သဘာဝကို ထွန်းပြခြင်း ကိစ္စရှိ၏။ မတွေမဝေခြင်းလျှင် ထင်သောပစ္စုပဋ္ဌာန် ရှိ၏။ စိတ်၏ တည်ကြည်ခြင်းလျှင် နီးစွာသော အကြောင်းပဒဋ္ဌာန် ရှိ၏။
(၅) ဝီရိယပါရမီ
ဝီရိယသည် အားသစ် ကြိုးပမ်းခြင်းလက္ခဏာရှိ၏၊ စိတ်ကို မလျော့မရဲ ခိုင်မြဲတင်းရင်းအောင် ထောက်ပံ့ခြင်း ကိစ္စရှိ၏၊ မတွန့်မဆုတ် ခြင်းလျှင်ထင်သောပစ္စု ပဌာန်ရှိ၏၊ ဇာတိဘေး, ဇရာဘေး, ဗျာတိဘေး, မရဏဘေး, စသည်တို့ကို တွေးမိလေတိုင်း အလှိုင်းတကြီးအား သည်းဆွေ့ခုန် နှလုံးတုန်ခြင်းလျှင် နီးစွာသော အကြောင်း ပဒဌာန်ရှိ၏။
(၆) ခန္တီပါရမီ
ခန္တီသည် နှလုံးခိုင်ခန့်ခြင်း လက္ခဏာရှိ၏၊ လောက ဓလေ့ ကြိုက်ကြုံတွေ့လည်း မရွေ့မယိုင် သည်းခံနိုင်ခြင်း ကိစ္စရှိ၏၊ သူတထူးတို့ ကျူးကျူး လွန်လွန် ဝန်တာပြစ်ဖို့ ပြုသည်တို့ကို သူသို့တဖန် အမျက်မာန်ဖြင့် လှန်ပြန်မရှိ သည်းခံချိခြင်းလျှင် ထင်သောပစ္စုပဋ္ဌာရှိ၏၊ ဟုတ်မှန်တိုင်းသော ဓမ္မသဘောကို မြင်နိုင်သော ဉာဏ်လျှင် ပဒဋ္ဌာန်ရှိ၏။
(၇) သစ္စာပါရမီ
သစ္စာသည် သူတပါးကို မှတ်မှား,ယူမှား တိမ်းပါးချော်ချွတ်အောင် မပြုခြင်း လက္ခဏာရှိ၏၊ မိမိသိတိုင်း မြင်တိုင်း ဟုတ်မှန်တိုင်းကိုသာ အလင်းဖွင့်ပြခြင်းကိစ္စရှိ၏၊ မြွက်ဆိုသမျှ ယုံကြည်ရ၍ သြဇာနှစ်ဆီ ချိုဆိမ့်အီသော စကားရှိသည်၏ အဖြစ်လျှင်ထင်သော ပစ္စုပဋ္ဌာန်ရှိ၏၊ ကိုယ်အမှု, နှုတ်အမှု ဖြူဖြောင့်မွေ့ခြင်း၌ အလေးဂရုပြုခြင်းလျှင် နီးစွာသောအကြောင်းပဒဋ္ဌာန်ရှိ၏။
(၈) အဓိဋ္ဌာန်ပါရမီ
အဓိဋ္ဌာန်သည် သဗ္ဗညု ဗောဓိ- ပစ္စေက ဗောဓိ- သာဝက ဗောဓိ ဟူသော ဗောဓိသုံးမျိုးတို့၏ အချေမူလ သမ္ဘာရ ဖြစ်ကုန်သော ဒါနမှု, သီလမှု, နိက္ခမမှု, ပညာမှု စသည်တို့၌ မရွေ့မယိုင် ကြံ့ခိုင်စွဲမြဲခြင်း လက္ခဏာရှိ၏၊ ထိုသမ္ဘာရမူတို့၏ ဆန့်ကျင်ဘက်အသင်းကို နှိပ်နင်းပယ်ရှားခြင်း ကိစ္စရှိ၏၊ ထိုသမ္ဘာရမူတို့၌ မလှုပ်မရှားသည်၏အဖြစ်လျှင် ထင်ရှားသောပစ္စုပဋ္ဌာန်ရှိ၏၊ ဒါန စသော ဗောဓိမူလ တရားစုလျှင် နီးစွာသော အကြောင်းပဒဋ္ဌာန်ရှိ၏။
(၉) မေတ္တာပါရမီ
မေတ္တာသည် သတ္တဝါတပါး ကျေးဇူးများအံ့သော အခြင်းအရာအားဖြင့် ဖြစ်ခြင်းလက္ခဏာရှိ၏၊ သူတပါး၏ ကောင်းကျိုးကို လွန်စွာ သယ်ပိုးခြင်းကိစ္စရှိ၏၊ လပြည့်ဝန်းကဲသို့ ရွှန်းရွှန်းကြည်ဆွ အေးမြငြိမ်းချမ်းသော စိတ်သဘောလျှင် ထင်သောပစ္စုပဋ္ဌာန်ရှိ၏၊ သတ္တဝါတို့၏ နှစ်သက်ဖွယ်သောဂုဏ်ကိုသာ ရှုမြင်တတ်သော ဉာဏ်လျှင် နီးစွာသော အကြောင်းပဒဋ္ဌာန် ရှိ၏။
(၁၀) ဥပေက္ခာပါရမီ
ဥပေက္ခာသည် ချီးမြှောက်, ရှုတ်ချ နှစ်ဌာန၌ တူမျှသမှု လျစ်လျူရှုသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းလက္ခဏာရှိ၏၊ ညီမျှသော သဘောအားဖြင့် ရှုခြင်းကိစ္စရှိ၏၊ မုန်းသည်, ချစ်သည် နှစ်မည်နှစ်သင်း ကင်းငြိမ်းခြင်းလျှင် ထင်သောပစ္စုပဋ္ဌာန်ရှိ၏၊ ဘယ်သူမပြုမိမိမှုဟု အရှုအဆင်ခြင်း ကောင်းစွာမြင်သော ဉာဏ်ပညာလျှင် နီးစွာသော အကြောင်းပဒဋ္ဌာန် ရှိ၏။ 

၁။ မူလ(ရိုးရိုး)ပါရမီ(၁၀)ပါး ကိုယ်ပိုင်ဆိုင်သော ပစ္စည်းဥစ္စာ အရာဝတ္ထုအားလုံးကို စွန့်လွှတ်လှူဒါန်းခြင်း။ (အလှူခံလာပါက ဇနီးမယား၊ သမီး သားတို့ကိုလည်း စွန့်လွှတ်လှူဒါန်းခြင်း။ )
၂။ ဥပပါရမီ(၁၀)ပါး ကိုယ်ခန္ဓာနှင့်ဆက်စပ်သော ပိုယ်အင်္ဂါအစိတ်အပိုင်း အားလုံးကို စွန့်လွှတ် လှူဒါန်းခြင်း။ (ကိုယ်အင်္ဂါအစိတ်အပိုင်းဟူသည် မျက်စိ၊ လက်၊ ခြေ စသည့် လိုအပ်တာမှန်သမျှ စွန့်လွှတ် လှူဒါန်းခြင်း)
၃။ ပရမတ္ထပါရမီ(၁၀)ပါး ကိုယ့်အသက်ကို မငဲ့ကွက်ဘဲ၊ အသက်စွန့်ကာ စွန့်လွှတ်လှူဒါန်းခြင်း။ ။ (အသက် အသေခံကာ လှူဒါန်းမှုမှန်သမျှ ပရမတ္ထပါရမီပင်တည်း။)
ပါရမီ (၁၀)ပါးကို ဤ ၃-ပါးဖြင့် မြှောက်ပါက အပြား(၃၀)ဖြစ်၏။ 

ဥပမာ - ဒါနပါရမီသည်-
၁။ဒါနပါရမီ၊ ၂။ဒါနဥပပါရမီ၊ ၃။ဒါနပရမတ္ထပါရမီ ဟူ၍ သုံးပါးစီ ဖြစ်လာ၍ ပရမီ(၁၀)ပါးမှသည် အပြား(၃၀) ဖြစ်လာရပါသည်။ 

‘Blogger dream’ ဘလော့ဂ်ကနေ ရရှိခဲ့တာကြောင့် ဘလော့ဂ်ပိုင်ရှင်ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ 

မေတ္တာဖြင့်
တီတင့်(၁၂-၉-၂၀၁၇)
၁၃၇၉ ခုနှစ်၊ တော်သလင်းလဆုတ် (၇)ရက်။

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz