x

14.9.17

မွေးနေ့အတွက် နှုတ်ခွန်းဆက်


နေ့စဉ်နေ့တိုင်း ပုံမှန်နိုးထချိန်မှာ နာရီကိုလှမ်းကြည့်လိုက်တော့ မနက် ၄နာရီ ၁၅မိနစ်ရှိပြီ။ မျက်လုံးနှစ်လုံး ပွင့်လာချိန်တိုင်းမှာ မွေ့ယာပေါ်မှာ တစ်မိနစ်တောင် မနေတတ်တဲ့ကျွန်မ ခန္ဓာကိုယ်ပေါ်လွှမ်းခြုံထားတဲ့ အညာစောင်ပါးပါးလေးကို လက်ကအလိုအလျောက် ဖယ်ခွာရင်း ကုတင်ပေါ်ကနေ ဆင်းလိုက်တယ်။ ရေတစ်ခွက်အပြည့် သောက်လိုက်ပြီး မျက်နှာသုတ်ပုဝါနဲ့ ညထဲက အဆင်သင့်ထုတ်ထားတဲ့ ယောဂီဝတ်စုံတို့ကိုယူဆောင်ပြီး ရေချိုးခန်းဆီကို ဦးတည်ပြီး သွားလိုက်တယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေး ဆောင်ရွက်ပြီးချိန်မှာ ရေချိုးခန်းက ထွက်ထွက်ခြင်း တံခါးရဲ့အပေါ်နံရံမှာ ချိတ်ထားတဲ့နာရီကို မော့ကြည့်လိုက်တော့ နေ့စဉ်ပုံမှန်မြင်နေကျဖြစ်တဲ့ ၄နာရီ ၃၀မိနစ်ရှိပြီ။ ဘုရားခန်းကို တည့်တည့်မတ်မတ် လာပြီး ဘုရားရှိခိုးဝတ်ပြုတဲ့အလုပ်ကို စတင်ပါတော့တယ်။
ရှေးဦးစွာ ရတနာမြတ်သုံးပါးကို ပူဇော်ကန်တော့ပြီး၊ ကျေးဇူးတော်ရှင် အရိယာသူတော်စင်များရဲ့ ဉာဏ်တော်နဲ့ ကျေးဇူးရှင်နှစ်ဖက်မိဘတို့ကို ပူဇော်ကန်တော့ပါတယ်။ အဲ့ဒီနောက်မှာတော့ တရား အားမထုတ်မီ ပြုလုပ်ရတဲ့ ပုဗ္ဗကိစ္စငါးပါး အမှုတို့ကိုပြုလုပ်ကာ ကမ္မဌာန်းတောင်းပါတယ်။ မနက် ၅နာရီ၃၀မိနစ်မှာ တရားဖြုတ်ပြီး သောက်တော်ရေ ရေပူရေချမ်း၊ ပန်း၊ ဆီမီး သစ်သီးတို့ကို ကပ်လှူကာ သြကာသကန်တော့ခြင်း၊ သီလတောင်းခံခြင်း၊ ဘုရားရှိခိုးခြင်း၊ သရဏံဂုံ ဆောက်တည်ခြင်း အမှုတို့ကို ရွတ်ဖတ်သရစ္ဇျာယ်ပါတယ်။ ၆နာရီ တိတိမှာ အာစိဏ္ဏကံကုသိုလ် အဖြစ် ပုံမှန်အချိန်မှာ ရွတ်ဖတ်လေ့ရှိတဲ့ နတ်ပင့်ခြင်း၊ ပဌာန်းဒေသနာတော်၊ ဓါရဏပရိတ်တို့ကို ရွတ်ဖတ်သရစ္ဇျာယ်ခြင်းတို့ကို ခြံထဲမှာ စင်္ကြံလျှောက်ရင်းရွတ်ဖတ်လေ့ရှိပါတယ်။ ရွတ်ဖတ်အပြီး မေတ္တာပို့၊ အမျှဝေ၊ နတ်ပို့တို့ကို ရွတ်ဖတ်ပြီးချိန်မှာ စင်္ကြံလျှောက် ခြေလှမ်းပေါင်း ၂၃၀၀လှမ်းခန့် လှမ်းပြီးဖြစ်ပါတယ်။
၆နာရီ ၄၀မိနစ်အပေါ်ထပ်ကို တက်လာချိန်တိုင်းမှာတော့ ခင်ပွန်းက အိပ်ယာကနေ နိုးနေပြီး ရေချိုးခန်း အသုံးပြုနေချိန်ဖြစ်ပါတယ်။ ဒီနေ့အိပ်ယာသိမ်း အခန်းရှင်းလုပ်နေချိန်မှာ ခင်ပွန်းက ကျွန်မကို ကွက်ကြည့် ကွက်ကြည့်လုပ်နေသလို ပြုံးစစနဲ့မို့ ဘာများပြောချင်တာပါလိမ့်လို့ စိတ်ကတွေးနေချိန်မှာ စောင့်ရတာ သည်းမခံနိုင်တော့တဲ့အဆုံး-
‘ဟက်ပီဘတ်ဒေး’ ဆိုပြီး ကျွန်မကို ပြုံးဖြီးဖြီးနဲ့ပြောတော့မှ
‘အဲဟုတ်သား ဒီနေ့ယောက်ျားမွေးနေ့ပါလား ကြည့်ပါအုံး အသက်ကစကားပြောနေပြီ တစ်ခါမှ မမေ့ဘူးခဲ့ပေမယ့် ဒီနှစ်မေ့နေတယ်၊ ဟက်ပီဘတ်ဒေး ယောက်ျား၊ ကိုယ်စိတ်နှစ်ပါး အေးချမ်းစွာနဲ့ မွေးနေ့ပေါင်းများစွာကို နွေးထွေးတဲ့ မိသားစုနဲ့အတူ ကျော်ဖြတ်နိုင်ပါစေ’ လို့ ကျွန်မလည်း ဆု အရှည်ကြီး ဆက်တိုက် တောင်းပေးလိုက်တယ်။
ထူးတော့ထူးဆန်းသား ခင်ပွန်းဖြစ်သူရဲ့မွေးနေ့ကို သတိသာမရတယ် စိတ်ကဒီနေ့ကို ပန်း၊ သစ်သီး၊ ဘုရားသာသနာပွဲကို မြိုင်နေအောင် ကပ်လိုစိတ်ပေါ်နေတာနဲ့ အဆင်ပြေ အံဝင်ဂွင်ကျ ဖြစ်သွားတယ်။
အိမ်ထောင်သက် နှစ်ပေါင်း (၃၄)နှစ်ကျော်ပြီး (၃၅)နှစ်ထဲရောက်လာတဲ့ ကျွန်မဘ၀ တစ်လျှောက်လုံးမှာ မိသားစုအပေါ် သံယောဇဉ်ကြီးမားပြီး အစစအရာရာ အပြစ်မမြင် ချစ်ခင်ပြီး လိုလေသေးမရှိ ဖြည့်ဆည်းပေးခဲ့တဲ့ တာဝန်ကျေတဲ့ ခင်ပွန်းအကြောင်းလေးကို မွေးနေ့ကို နှုတ်ဆက်တဲ့အနေနဲ့ ပို့စ်လေးတစ်ပုဒ်အဖြစ် တင်ချင်တဲ့ ဆန္ဒပေါ်လာခဲ့တယ်။ ကျွန်မတို့ မိသားစုအပေါ်မှာတင်မက နှစ်ဖက်ဆွေမျိုး မောင်နှမသားချင်းများ၊ ဆရာ တပည့်များ အပေါ်မှာလည်း လိုအပ်ရင် လိုအပ်သလို ကူညီစောင့်ရှောက်တတ်သူ၊ စိတ်သဘောထားပြည့်ဝသူ၊ စည်းကမ်းနဲ့ ပတ်သက်ရင် စည်းစနစ်ကြီးတာကတော့ နည်းနည်းလွန်တဲ့အတွက် သားတွေက ကိစ္စကြီးငယ်တစ်ခုခုဆိုရင် ကျွန်မဆီကိုပဲ အရင်ဦးတည်လာတယ်။ အသေးအဖွဲဆိုရင် ကျွန်မကိုယ်တိုင် ဖြေရှင်းပြီး ကြီးမားတဲ့ကိစ္စဆိုရင် ခင်ပွန်းကိုပြန်ပြောရလေ့ရှိတယ်။ သားနှစ်ယောက်စလုံးကို လိုအပ်တဲ့ အတတ်ပညာတွေကို အသက်အရွယ်ပေါ်မူတည်ပြီး သွန်သင်ဆုံးမခဲ့တဲ့ ဖခင်ကောင်း တစ်ဦးဆိုရင်မမှားပါဘူး။ သားနှစ်ယောက် အထက်တန်းကို ရောက်တဲ့အခါမှာ ကျွန်မကို ဈေးကနေ ကြက်တစ်ကောင် ၀ယ်လာခိုင်းပြီး ကြက်သားဟင်းတစ်ခွက်ဖြစ်ဖို့ ကြက်ကိုဘယ်လိုဘယ်ပုံ ကိုင်တွယ်ရတယ် ဆိုတာကအစ သင်ပေးခဲ့ပြီး လက်တွေ့လုပ်ခိုင်းခဲ့ဘူးတယ်။ ကိုယ်ခံပညာ အသိပညာ အတတ်ပညာတို့ကို အချိန်နဲ့ တပြေးညီ သင်ကြားပေးခဲ့သူ။
ကျွန်မကို အစစအရာရာ အလိုလိုက်ပေမယ့် လမ်းလွဲမယ်ထင်တဲ့ ကိစ္စရပ်များ ဥပမာ မလိုအပ်ပဲ အပိုကုန်တဲ့ကိစ္စမျိုးဆိုရင် ဟန့်တားရင်း အကြောင်းအကျိုး အကောင်းအဆိုးကို ရှင်းပြပြီးပြောလေ့ ရှိသူတစ်ဦးပင်။ မိသားစုအပေါ် ချစ်ခင်ကြင်နာ ယုံကြည်လေးစား နားလည်မှုများနဲ့ ပေးဆပ်ခဲ့သူ ကျေးဇူးရှင်ခင်ပွန်း၊ သားတို့ချစ်ခင်လေးစားရတဲ့ ဖေကြီးကို မိသားစုကလည်း အမြဲချစ်ခင် လေးစားလျှက်ရှိပြီး မွေးနေ့ပေါင်းများစွာကို ကိုယ်စိတ်နှစ်ပါး အေးချမ်းစွာနဲ့ ဖေကြီးချစ်တဲ့ မိသားစုနဲ့အတူ နွေးထွေးစွာ ဆက်လက်လျှောက်လှမ်းနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
မေတ္တာဖြင့်
တီတင့်(၁၄-၉-၂၀၁၇)
၁၃၇၉ ခုနှစ်၊ တော်သလင်းလဆုတ် (၉)ရက်။

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz