x

3.1.18

ချစ်သောမိခင်များသို့


၁-၁-၂၀၁၈ ခုနှစ်မှာကျရောက်တဲ့ မွေးနေ့ရှင် (၆၇)ဦးနဲ့ ဆွေမျိုး မိတ်ဆွေသင်္ဂဟတို့အတွက် နှစ်သစ်ကူး လက်ဆောင်မွန်အဖြစ် ဒီပို့စ်လေးကို တင်ပေးလိုက်ပါတယ်။

ဆရာသိန်းက ‘ဒီနေ့ပြာသိုလပြည့်အမေများနေ့’လို့ ပြောလိုက်တော့ ကျွန်မနည်းနည်း တွေဝေသွားတယ်။ ဖေ့ဘုတ်ထဲဝင်လိုက်တော့ ဆရာမင်းကျော်ဝင်းရဲ့'လောကတစ်ခုလုံးရှိ မိခင်များအားလုံး ချမ်းသာကြပါစေ' ဆိုတဲ့စတေးတပ်ကိုမြင်ပြန်တယ်။ တရားရိပ်သာဝင်နေစဉ်ကာလ ပြာသိုလဆန်း(၁)ရက်နေ့ကို အမေများနေ့ လို့ သိခဲ့တယ်။ ‘အမေ့ကျေးဇူး’ တရားတော်ကို ဆရာတော်က ဟောပေးခဲ့သေးတယ်။ ဘယ်လိုဖြစ်ဖြစ် နေ့တိုင်းနေ့တိုင်းကို အမေများနေ့ဖြစ်နေရင်တောင် ကျေနပ်နေမည့် မိခင်တစ်ဦးမို့ ၁၃-၉-၂၀၁၂ ခုနှစ်က ရေးတင်ခဲ့ဘူးတဲ့ ပို့စ်လေးတစ်ပုဒ်ကို အကျဉ်းချုံးပြီး ပြန်ရေးသား တင်ပေးလိုက်ပါတယ်။

ကျမအတွက် သားဦးမိခင်လောင်းဘဝကို ပိုင်ဆိုင်ခွင့်ရပြီလို့ သိလိုက်ရတဲ့နေ့တစ်နေ့ကို ပြန်စဉ်းစားတိုင်း ပီတိဖြစ်နေဆဲပါ။ သိသိခြင်းရင်တွေခုန်လာသလို ‘ငါမိခင်တစ်ယောက် ဖြစ်တော့မှာပါလား’ ဆိုတဲ့ အတွေးလေးနဲ့အတူ မသိစိတ်က လတ်တစ်လော ဘဝလေးကို ရင့်ကျက်သွားစေခဲ့ပါတယ်။ အချိန်အားလေး ရတာနဲ့ အတွေးသံသရာမှာ တစ်ဝဲလည်လည်ပေါ့။ အာရုံထဲမှာ ဆန္ဒနဲ့ ကိုက်ညီတဲ့ ပုံလေးတွေကို ဖော်ဖော်နေမိပြန်တယ်။ သားလေးလား သမီးလေးလား မသိခင်ထဲက စိတ်ကူးနဲ့တင် ကျေနပ်နေခဲ့သလို နေ့စဉ်ဘုရားကို ဝတ်ပြုပြီးတိုင်းလည်း ‘ကိုယ်လက်အင်္ဂါ ပြည့်စုံကျန်းမာတဲ့ ရင်သွေးလေး မွေးဖွားရပါလို၏’ ဆိုတဲ့ လောဘစိတ်လေးနဲ့ ဆုတောင်းခဲ့ဘူးတာ အခါခါ။ စိတ်ကိုလည်း လွတ်လပ်ပေါ့ပါးအောင် ထားနိုင်သမျှ ထားသလို အဝတ်အစားကိုလည်း တတ်နိုင်သမျှ လွတ်လပ်ပေါ့ပါးတာကို ရွေးချယ် ဝတ်ဆင်လေ့ ရှိပါတယ်။ လူ့သဘော သဘာဝအတိုင်း စိတ်ရှုပ်စရာတွေ ကြုံတွေ့လာတဲ့အခါ တိုတောင်းတဲ့ အချိန်အတွင်းမှာ ဖယ်ရှားနိုင်အောင် ကြိုးစားခဲ့လေ့ ရှိပါတယ်။ မိခင်လောင်းတို့အတွက် စိတ်ဒဏ်ရာ ရရှိမှုဟာ ရင်သွေးလေးကို သွားရောက်ထိခိုက်စေတယ်ဆိုတဲ့ အသိစိတ်ကို ကျမတို့ဇနီးမောင်နှံ နှစ်ယောက်စလုံး အပြည့်အဝ ခံယူထားကြတာကြောင့်လည်း မိခင်လောင်းဘဝ ရောက်လာခဲ့တဲ့ကျမကို ဆရာသိန်းက အလေးပေး ဂရုတစ်စိုက် စောင့်ရှောက်ခဲ့သလို ပြဿနာမှန်သမျှ ကျမဆီအရောက်မခံပဲ ကိုယ်တိုင် ဖြေရှင်းပေးခြင်းကြောင့် မိခင်လောင်းကျမဘဝ အေးချမ်းမှုကို ရခဲ့ပါတယ်။

ကျမကံကောင်းတာ တစ်ချက်ကတော့ မိခင်လောင်းဘဝ တစ်လျှောက်လုံးမှာ ဟင်းအနံ့ မခံနိုင်တာမျိုး မရှိသလို တစ်ကြိမ်တစ်ခါမျှ အော့အန်ခြင်းမျိုး မရှိခဲ့ပါဘူး။ အစား အသောက် အနေအထိုင်ကအစ ပြောင်းလဲမှု မရှိ ပကတိအတိုင်း အေးအေးဆေးဆေး ဖြစ်ခဲ့တာမို့ အဒေါ်တွေနဲ့ အဖွားဖြစ်သူက ကျမကို ကံကောင်းတယ်လို့ ဆိုပါတယ်။ ကျမတို့ ဇနီးမောင်နှံရဲ့ ရင်သွေးလေး သန္ဓေတည်လာပြီ ဆိုတဲ့ အသိစိတ်ကြောင့် အနေအထိုင် အသွားအလာ အစားအသောက် အပြင် အပြောအဆိုက အစ ဆင်ခြင်ပါတယ်။ ကာယကံ ဝစီကံတို့ထက် ထိန်းသိမ်းရခက်တဲ့ မနောကံကို ပိုပြီးထိန်းသိမ်းခဲ့သလို ဘာသာရေးကို သာမာန်ထက် အချိန်ပိုပေးခဲ့တယ်။ နှစ်ဖက်မိဘရဲ့ စောင့်ရှောက်ခြင်းနဲ့ ကင်းဝေးတဲ့ ကျမတို့အတွက် မိခင်လောင်း၊ ကလေး ဆိုတဲ့ စာအုပ်တွေဖတ်ပြီး အတွေ့အကြုံ ရင့်သူတွေရဲ့ ဆိုဆုံးမ လမ်းညွှန်မှုအတိုင်း လိုက်နာဆောင်ရွက်ခဲ့ပါတယ်။ အခုခေတ်လို အသိပညာပေး ဟောပြောပွဲတွေ၊ မှန်ကန်တဲ့နည်းစနစ်တွေ လှိုင်လှိုင်မပေါသေးတဲ့အတွက် ကိုယ့်ပတ်ဝန်းကျင်မှာ လက်လှမ်းမှီသလောက် လေ့လာဆည်းပူးရင်း အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်ခဲ့ပါတယ်။ ရင်သွေးလေး သန္ဓေတည်လာတဲ့ အတွက်လည်း ကျမတို့ဇနီးမောင်နှံရဲ့ အနာဂါတ်ရည်မှန်းချက် ယုံကြည်ချက်တွေ ပိုမိုပြီး ကျစ်လစ် ခိုင်မာလာကြတယ်။ ကျမရဲ့ ခင်ပွန်းသည်က မီးဖွားရလွယ်အောင်ဆိုပြီး ရှေးလူကြီးများ ဆိုစကားအတိုင်း ဆင်မြီးလက်စွပ်လေး ဝတ်ဆင်ပေးထားသလို အဂုင်္လိမာလသုတ်တော်ကို အချိန်ရရင် ရသလို ကိုယ်တိုင် ရွတ်ဆိုပြီး ကျမကိုလည်း ရွတ်ဆိုစေခဲ့ပါတယ်။ အချိန်တွေကုန်လွန်ရင်း တောင်းဆုလေးအတိုင်း ကျန်းမာသန်စွမ်းတဲ့ သားဦးရတနာကို လွယ်ကူစွာ ဖွားမြင်နိုင်ခဲ့ပါတယ်။

ဆရာတော်ရဲ့တရားတော်မှာလည်း သားသမီးတိုင်းအတွက် မိခင်ဖခင်တို့ဟာ ကျေးဇူးရှင်များဖြစ်ပြီး မိခင်ဟာဖခင်ထက် ကျေးဇူးတရားကြီးမားခဲ့ကြောင်းကို အသေးစိတ်ဟောကြားခဲ့ပါတယ်။ လူ့မျက်စေ့နဲ့ မမြင်နိုင်ပဲ အလွန်းသေးငယ်လှတဲ့ အစိုင်အခဲလေးဘ၀ထဲက မိခင်တွေဟာ မိမိရင်သွေးလေးအပေါ် မေတ္တာဂရုဏာတွေ လွှမ်းခြုံပေးခဲ့သလို စက္ကန့်မလတ် မေတ္တာဂရုဏာတွေ တပိုးတနင့်နဲ့ စောင့်ရှောက်ခဲ့ကြတယ်။ စားချင်တိုင်းမစား သွားလာချင်တိုင်း မသွားလာ အစစအရာရာ ကိုယ့်ရင်သွေးလေး မထိခိုက်အောင် ဆင်ခြင်တုံတရား လက်ကိုင်ထားရင်း ရက်တွေကို ကျော်ဖြတ်ခဲ့ကြတယ်။ အချိန်မှန်မှန် ကိုယ်တတ်သမျှ မှတ်သမျှ တရားစာများကို ရွတ်ဖတ်သရစ္ဇျာယ်ပြီး အန္တရာယ်အပေါင်းမှ ကင်းဝေးစေဘို့ တောင်းဆုတွေချွေကြပြန်တယ်။ မိခင်တိုင်းမှာတူညီတဲ့ စိတ်ဓာတ်များရှိနေကြပါတယ်။ ပုထုဇဉ်သားများ၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာများတို့၏ ကျေးဇူးရှင်မှာလည်း ဂရုဏာတရားကြီးမားလှသော မိခင်ပင်ဖြစ်ပါတယ်။ ဗုဒ္ဓဟောကြား မြတ်တရားမှာ လောကတွင်ရှိသော‘ကျေးဇူးရှင် ၂-ဦးမှာ မိခင်ဖခင်တို့ပင် ဖြစ်ပေသည်’ ဟူသတတ်။

မေတ္တာဖြင့်
တီတင့်(၁-၁-၂၀၁၈)
၁၃၇၉ ခုနှစ်၊ ပြာသိုလပြည့် (တနင်္လာ)

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz