x

12.2.18

စွယ်တော်ရိပ်မှ မေတ္တာရိပ်သို့


75-81 RIT Welfare Group Annual Records မှာ သူငယ်ချင်းများအတွက် ရေးခြစ်ခဲ့တဲ့ အမှတ်တရ ဆောင်းပါးတစ်ပုဒ်။

စွယ်တော်ရိပ်မှ မေတ္တာရိပ်သို့

မကြာခင်ရောက်လာတော့မည့် ၁၉၇၅-၁၉၈၁ ခုနှစ် အင်ဂျင်နီယာနှင့် ဗိသုကာများ မိတ်ဆုံစားပွဲကြီးကို အကြောင်းပြုပြီး မဂ္ဂဇင်းစာအုပ် ထုတ်မှာဖြစ်တဲ့အတွက် တစ်ခန်းတစ်ကဏ္ဍအနေနဲ့ ကျွန်မရဲ့ စာမူလေးကို အမှတ်တရ ခြေရာချန်ချင်မိခဲ့တယ်။ ကျောင်းတော်ကြီးနဲ့ ပတ်သက်ပြီး ဘာအကြောင်းကို ဘယ်ကစလို့ ရေးရမှန်း ‘မု’ ကမ၀င်တာကြောင့်လည်း ရက်တွေသာ တစ်ရက်ပြီးတစ်ရက် မရပ်မနား ကျော်ဖြတ်လို့သွားခဲ့တယ်၊ ခေါင်းစဉ်ကွဲ လူမှုရေးတွေအကြားမှာ စာမူပို့ဖို့ရာ စိတ်ကသာရှိနေပြီး လက်တွေ့ကပုံမဖော်နိုင်။ ကျွန်မရဲ့ တစ်ဘ၀စာအဖြစ် ခိုင်မာသောအခြေခံအုတ်မြစ်ကြီးချပေးခဲ့တဲ့ ကျောင်းတော်ကြီးနဲ့ ပတ်သက်ပြီး တစ်ခန်းရပ်စာမူကို ‘ဖြတ်သန်းခဲ့သော ဘ၀ရဲ့နေ့ရက်များ’ (တီတင့်စက်မှုတက္ကသိုလ်) စာအုပ်ကနေလည်း ကောက်နှုတ် ထုတ်ယူချင်စိတ်ကမရှိ။ အသစ်တစ်ပုဒ် ရှင်သန်စေချင်တဲ့ ဆန္ဒကြောင့် နောက်ဆုံးတော့ ကျွန်မသီကုံးခဲ့တဲ့ စာအုပ်ကို လစ်လျူရှုခဲ့တယ်။ အလုပ်အားတဲ့ မနက်ပိုင်းအချိန်လေးတွေမှာ ဦးနှောက်ထဲကို စာစုလေးများ ၀င်လာလေမလားဆိုတဲ့ မျှော်လင့်ချက်ရောင်ခြည်လေးကို အဖော်ပြုခဲ့ပေမယ့် လက်ပ်တော့အရှေ့မှာ ငုတ်တုတ်မေ့ခဲ့တဲ့ ရက်များနဲ့သာ အဆုံးသတ်ခဲ့ရတယ်။

“ရန်ကုန်စက်မှုတက္ကသိုလ် (RIT) ပုလဲရတု အထိမ်းအမှတ်အဖြစ်၊ ၁၉၇၅-၁၉၈၁ အင်ဂျင်နီယာနှင့် ဗိသုကာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ လိပ်စာမှတ်တမ်း” စာအုပ်လေးကို ကျွန်မ ရည်ရွယ်ချက်မဲ့ တစ်ရွက်ချင်းလှန်ရင်း လျှောက်ဖတ်မိနေပါတယ်။ စာအုပ်ထဲမှာ ဘာသာရပ်အလိုက် နာမည်တွေကိုဖော်ပြထားပြီး ကွယ်လွန်သူတွေကိုတော့ သက်ဆိုင်ရာ ဘာသာရပ်ရဲ့ နောက်ဆုံးစာမျက်နှာမှာ ဖော်ပြလေ့ရှိပါတယ်။ ကွယ်လွန်လေပြီဖြစ်တဲ့ သူငယ်ချင်းများရဲ့ စာမျက်နှာတွေဆီကို ရောက်သွားတိုင်း အတိုင်းအဆမသိတဲ့ ၀မ်းနည်းမှုမျိုးကို ခံစားမိတယ်။ တိုက်တိုက်ဆိုင်ဆိုင် တစ်ချိန်ထဲမှာ ကျွန်မရဲ့နောက်ကျောဖက် ပြူတင်းပေါက်နဲ့ ကပ်လျက်ရှိ ခရေပင်ကြီးပေါ်မှာ ခေတ္တခဏ နားခိုနေတဲ့ ဥသြငှက်လေးရဲ့ ‘ဥသြ-ဥသြ’ ဆိုတဲ့ တွန်သံလေး ကျွန်မရဲ့နားထဲကို အတားအဆီးမဲ့ ပြေးဝင်လာပြန်တယ်။ ရင်ထဲမှာ လှိုက်ဖိုစွာနဲ့ ခံစားလိုက်ရတဲ့ အမည်ဖော်ပြရခက် ခံစားချက်ကြောင့် မပြီးဆုံးနိုင်တဲ့ အတွေးမျှင်များ ကျွန်မအတွေးကမ္ဘာထဲကို ခုန်ပေါက်ဝင်ရောက်ပြီး မရပ်မနား ဒလစပ်ခုတ်မောင်းလို့ နေပါတော့တယ်။

စက်မှုတက္ကသိုလ်ကျောင်းတော်ကြီး စတက်စဉ်ကာလက ကျွန်မရဲ့ ပင်ကိုယ်စရိုက်အတိုင်း လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ဟန်အမူအယာ အသွင်အပြင်ကို မနှစ်မြို့ မရှုစိမ့် အမြင်မရှင်းတဲ့ နှစ်ကြီးစီနီယာအချို့နဲ့ အတန်းတူသူငယ်ချင်း အချို့ထဲက သူငယ်ချင်းတစ်ယောက်ရဲ့ အမည်ဟာ ကွယ်လွန်သူတွေစာရင်းထဲမှာ မထင်မှတ်ပဲ မြင်လိုက်ရချိန်မှာ အတိတ်ကပုံရိပ်များကို တဖန်ပြန်လည်ခြေရာကောက်မိခြင်းပင်။ အဲ့ဒီသူငယ်ချင်းများထဲက တစ်ယောက်သောသူဟာ သူများနဲ့မတူ တမူထူးခြားပြီး ကျွန်မကိုမသိမသာတစ်မျိုး သိသိသာသာတစ်ဖုံ အမျိုးမျိုးအစုံစုံ ဆုံတိုင်းလိုလို စိတ်ရှုပ်အောင် လုပ်တတ်ခဲ့သူမို့လည်း သတိထားနေခဲ့မိတယ်။ ကျောင်းမှာ တတ်နိုင်သမျှ မျက်နှာချင်း မဆိုင်မိအောင် ကြိုးစားပြီးရှောင်ခဲ့ဘူးသူတစ်ယောက်။ ဒီလိုနဲ့ ကျောင်းတော်ကြီးမှာ အတန်းပညာကိုအတူ သင်ကြားခဲ့ရပြီး ရက် လ နှစ်တွေကြာလာတဲ့အခါ ကျွန်မရဲ့ ပင်ကိုယ်စိတ်သဘောထားကို သူနားလည်သွားခဲ့ပုံရပါတယ်။ ကျန်သူငယ်ချင်းများထက် နောက်ကျပြီးမှ ခင်မင်ခွင့်ရခဲ့တဲ့ သူငယ်ချင်းတစ်ယောက်မို့လည်း ကျွန်မရဲ့အမှတ်သဉာမှာ အလွယ်တကူ မှတ်မိလွယ်ခြင်းပါ။

ကျွန်မ စက်မှုတက္ကသိုလ်ကို စတင်ခြေလှမ်းခွင့်ရခဲ့တဲ့ အချိန်မှာ အဆောင်ကျောင်းသူအဖြစ် နေခွင့် ရခဲ့တယ်။ ‘သဇင်ဆောင်’ ဟာ သမိုင်းဝန်းအတွင်းမှာတည်ရှိပြီး အင်ဂျင်နီယာ ကျောင်းသူများအတွက် ပြိုင်ဘက်ကင်း တစ်ဆောင်တည်းရှိတဲ့ အဆောင်ဖြစ်ပါတယ်။ အဆောင်ရဲ့ ဘယ်ဖက်မှာ တိရိစ္ဆာန်ဆေးကုဘာသာရပ်နဲ့ စီးပွားရေး ဘာသာရပ်တို့ ပေါင်းစည်းထားတဲ့ ‘ဂန္ဓမာဆောင်’ ရှိပြီး၊ ကျွန်မတို့အဆောင်ရဲ့ နောက်ကျောဘက်မှာတော့ စိတ်ပညာဘာသာရပ်နဲ့ စီးပွားရေး ဘာသာရပ် တို့ပေါင်းစည်းထားတဲ့ ‘သရဖီဆောင်’ ရှိပါတယ်။ ကျွန်မတို့အဆောင်ရဲ့ ညာဘက်မှာ မြေကွက်လပ် ဟင်းလင်းပြင်ကြီး ရှိပါတယ်။ အဆောင်ကို စတင်ဝင်ရောက်တဲ့နေ့မှာ အဆောင် အတွင်းရေးမှူးက လူသစ်တွေကို မိမိရဲ့ အခန်းနေရာများစနစ်တကျချပေးတဲ့အခါ အောက်ထပ်မှာ လူသစ်များအတွက် အခန်းပြည့်သွားတဲ့အတွက် ကျွန်မ ပထမထပ်ကို ရောက်သွားခဲ့တယ်။ ဒါကြောင့်လည်း ဒုတိယနှစ် စီနီယာ အဆောင်ကျောင်းသူအဖွဲ့ထဲကို ရောက်ခဲ့ပြီး ကျောင်းစာသင်ချိန်မှာ နှစ်တူသူငယ်ချင်းများနဲ့ သွားအတူ လာအတူ စားအတူ နေပေမယ့် အဆောင်ပြန်ရောက်တဲ့အခါ ဒုတိယနှစ်သူငယ်ချင်းအဖွဲ့နဲ့ အနေများခဲ့တယ်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ အင်ဂျင်နီယာဘွဲ့ကို အပ်နှင်းတဲ့ ကျောင်းဆိုလို့ ‘ရန်ကုန်စက်မှုတက္ကသိုလ်’ ကျောင်းတော်ကြီးသာ အထင်ကရ ရှိခဲ့တာကြောင့် တိုင်း မြို့နယ် ဒေသအသီးသီးက ရောက်လာတဲ့ အရောင်အသွေးစုံ ပထမနှစ် သူငယ်ချင်းတွေနဲ့ ကျေနပ်စွာ ဆုံဆည်းခွင့်ရခဲ့တယ်။

အဆောင်နေ သူငယ်ချင်းအဖွဲ့ထဲမှာလည်း မော်လမြိုင်၊ မန္တလေး၊ စစ်ကိုင်း၊ လားရှိုး အစရှိတဲ့ နေရပ်ဒေသအသီးသီးက လာရောက်ကြသလို ကိုယ်ပိုင်ခံယူချက်အတိုင်း ကွဲပြားခြားနားတဲ့ ဘာသာကိုးကွယ်မှုအမျိုးမျိုး ပါဝင်ကြတယ်။ အဓိကကျတဲ့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင် ရင်းနှီးမှုနဲ့ နားလည်မှုများကို ခံယူထားကြတာကြောင့်လည်း ပြဿနာ ကြီး၊ ငယ်ရယ်လို့ အဖွဲ့ထဲမှာ မရှိသလောက်ပါ။ မတူညီတဲ့ စိတ်မြန်သူနဲ့ အေးဆေးသူတို့ပါကြသလို တစ်ဦးနဲ့တစ်ဦး ကွဲပြားခြားနားတဲ့ စရိုက်လက္ခဏာတွေရှိကြတယ်။ အဖွဲ့ထဲမှာ ကလေးဆန်သူ နှစ်ယောက်ဖြစ်တဲ့ မန္တလေးသူနဲ့ မော်လမြိုင်သူတို့ နှစ်ယောက်ကို တစ်ဖွဲ့လုံးက မိဝေးဖဝေးနေကြရသူများပီပီ ကိုယ်ချင်းစာနားလည်မှုများနဲ့ အပြစ်မမြင် ချစ်ခင်နေခဲ့ကြစမြဲပင်။ သူတို့ကလေးဆန်ပုံက ချစ်စရာ၊ သူတို့အိမ်ကစာလာရင် လွမ်းလို့အော်ငိုကြသလို လက်ထဲမှာ မုန့်ဘိုးနည်းတဲ့အခါမျိုး၊ အဆောင်ဟင်း အဆောင်ထမင်းစားပြီး စားမ၀င်တဲ့ အခါမျိုးတွေမှာ သူတို့ရဲ့အခန်းတံခါးကို လော့ချပြီး ကြမ်းပြင်ပေါ် ခြေဆင်းထိုင်ကာ နှုတ်ကလည်း တတွတ်တွတ်ပြောရင်းဆိုရင်း အော်ငိုတတ်ကြတယ်။ အဖွဲ့က ချော့မော့ပြီးတံခါးဖွင့်ခိုင်းရင်တော့ လာဖွင့်ပေးတတ်ပြီး အငိုကမရပ်။ ကျွန်မဒီအကြောင်းတွေ ရေးနေချိန်မှာတော့ ကလေးဆန်တဲ့ ချစ်သူငယ်ချင်းနှစ်ယောက်စလုံး လူ့ဘ၀ကြီးထဲကနေ အပြီးအပိုင် ထွက်ခွာသွားကြပါပြီ။

တစ်ချိန်က ရန်ကုန်စက်မှုတက္ကသိုလ်လို့ အမည်တွင်ခဲ့တဲ့ ကျောင်းတော်ကြီးရဲ့ အဆာက်အဦ အပြင်ဘက် စတုဂံပုံစံရှိတဲ့ ကားများရပ်နားရာ ကားဝန်းတစ်ခုရယ် ကားဝန်းနဲ့ကပ်လျက်ရှိတဲ့ လူ ၄-ဦးခန့် ယှဉ်တွဲပြီးလျှောက်နိုင်တဲ့ စင်္ကြံလမ်းရှည်လေး၊ စင်္ကြံလမ်းအဆုံးရဲ့ ညာဘက်ချိုးအကွေ့လေးမှာ မုန့်ပဲသရေစာတို့ကို နေ့စဉ်ရက်မပျက် ပုံမှန်ရောင်းနေတဲ့ ဦးလေးကြီးရဲ့ ယာယီဆိုင် သေးသေးလေး၊ ဗိသုကာဘာသာရပ်ဘက်ကို သွားတဲ့ ဘယ်ဘက်ချိုး အကွေ့လေးက အောက်ဖက်ကို ဆင်းသွားရတဲ့ လှေခါးထစ်လေးများ ဘယ်နေရာကနေကြည့်ကြည့် လွယ်ကူစွာမြင်တွေ့နိုင်တဲ့ စွယ်တော်ပင်တွေ အတိတ်က ခြေလှမ်းတွေဆီကို အမှတ်မထင် သမင်လည်ပြန်ကြည့်မိတဲ့အခိုက် ရင်ထဲမှာ-

စတင်လို့ဆုံတွေ့ချိန်မှာတော့ တစ်ယောက်နဲ့တစ်ယာက် စိမ်းနေကြသေးတာကြောင့် မ၀ံ့မရဲ

ရက် လ နှစ်တွေပြောင်း အချိန်တွေညောင်းလာတာနဲ့အမျှ ခင်မင်မှုတွေ မှတ်ကျောက်တင်နိုင်ခဲ့

ဘ၀ပေးတာဝန်တွေ ကိုယ်စီထမ်းဆောင်ကြရင်း တစ်ယောက်တစ်နေရာ အနေဝေးခဲ့ကြရပြန်လည်း ပန်းသတင်း လေညှင်းဆောင်သလို စောကြွေသူသတင်း သူငယ်ချင်းတွေ ဆောင်ခဲ့လို့ ၀မ်းနည်းကြေကွဲကြရ။
မတူကွဲပြားတဲ့ရောဂါ ဝေဒနာတွေနဲ့ ဘ၀နိဂုံး အဆုံးသတ်ခဲ့ရတဲ့ သူငယ်ချင်းများအတွက် ရင်နာကြရပြန်။

75-81 RIT Welfare Group ပေါ်ပေါက်ခဲ့တဲ့နောက်မှာ သာရေး နာရေးကို အကြောင်းပြုလို့ သူငယ်ချင်းများ ဆုံနိုင်ခွင့်ရသလို ခေါင်းစဉ်တစ်ခု အခြေပြုတိုင်း တိုင်ပင် ဆွေးနွေး သုံးသပ် ဆုံးဖြတ်ဖြစ်ကြတာ မြင်တွေ့ရလေတိုင်း ရင်ထဲမှာ အတိုင်းထက်အလွန် ၀မ်းသာကြည်နူးခဲ့မိတယ်။

တစ်နေ့နေ့တစ်ချိန်ချိန် တို့များအားလုံး မဖြစ်မနေသွားကြရမယ့် ခရီးဆုံးကို အရှုံးမဖက်ပဲ ပြုံးပန်းတစ်ပွင့်နဲ့ သွားနိုင်ကြစေဘို့ ရိက္ခာထုပ်ကိုယ်စီ ထုပ်ပိုးကြပါစို့ သူငယ်ချင်းတို့။

စွယ်တော်ရိပ်ကိုကျောခိုင်းခဲ့ရပေမယ့် တို့များအားလုံး အခုတော့ မေတ္တာရိပ်မှာခိုလှုံခွင့်ရနေကြပါပြီ။

တီတင့်(စက်မှုတက္ကသိုလ်)
(၁-၁၂-၂၀၁၇)
၁၃၇၉ ခုနှစ်၊ နတ်တော်လဆန်း (၁၃)ရက်။

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz