x

13.4.18

ပေါင်းကူးတံတား


တီတင့်တစ်ယောက် အွန်လိုင်းမှာ ရက်ပေါင်းများစွာ ပျောက်ချင်းမလှ ပျောက်နေတာကို စာဖတ်နေကျ ဆွေမျိုး မိတ်ဆွေသင်္ဂဟတို့ သတိထားမိမယ် ထင်ပါတယ်။ သူများတကာ ပင်စင်သွားတဲ့အချိန်ကျမှ တီတင့်တစ်ယောက် အလုပ်ပြန်ဝင်နေတာလို့ သိရင်တော့ ဘယ်လိုများ သုံးသပ်ပြီးပြောကြမယ်မသိ။ တကယ်တော့ လွန်ခဲ့တဲ့ ၁၇-၃-၂၀၁၈ ရက်နေ့မှာ ၁၂-နှစ်တိုင်တိုင် ကုမ္ပဏီမှာလက်တွဲ လုပ်ခဲ့ဘူးတဲ့ မ၀ါဆီကနေ ဖုန်းဝင်လာတယ်။

‘အန်တီရေ ၀ါ့ကိုကူပါအုံး’ တဲ့။ ကျွန်မက-

‘ဘာဖြစ်လို့လဲ ၀ါရဲ့’ လို့မေးတော့-

‘စက်ရုံမှာ HR မန်နေဂျာလိုနေလို့၊ အန်တီလုပ်ပါလားဟင်’ လို့ဆိုလာတယ်။

လွန်ခဲ့တဲ့ ၃-နှစ်လောက်က ယခင်ကျွန်မအလုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီက သူဌေးက အလုပ်လုပ်ဘို့ ကျွန်မကိုခေါ်ခဲ့ဘူးတယ်။ အဲ့ဒီအချိန်က ကျွန်မ ခရီးလေးထွက်လိုက်၊ စာလေးရေးလိုက်၊ ရိပ်သာလေးဝင်လိုက်နဲ့ နေနေရတာကို နှစ်သက်သဘောကျနေတာကြောင့် အလုပ်လုပ်ဘို့အတွက် အားမသန်ခဲ့ဘူး။ အားနာနာနဲ့ပဲ သူဌေးကို ငြင်းခဲ့ဘူးတယ်။ အခုမ၀ါက ထပ်ခေါ်ပြန်တယ် သူဌေးရဲ့ အကူအညီတောင်းတာကြောင့် မ၀ါလည်း သူဌေးစက်ရုံကို ပြန်လုပ်နေတယ်ဆိုတာ သိတာမို့-

‘အန်တီ အလည်သက်သက်လာကြည့်မယ်လေ လုပ်-မလုပ်တော့ မသေချာသေးဘူး’ လို့ပြောတော့

‘အန်တီဆီ ၀ါ အခုပဲ ကားလွှတ်ပေးလိုက်မယ် လိုက်ခဲ့ပါအန်တီ နော် နော်’
လို့ ဆိုတော့လည်း ‘အိုကေ’ မှတစ်ပါး အခြားမရှိပြီပေါ့။ အိမ်နဲ့စက်ရုံက နီးနေတော့လည်း ၁၀-မိနစ်အတွင်း စက်ရုံက ကား အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်။ ကျွန်မလည်း ချက်ခြင်းဆိုသလို ကားပေါ်တက်ပြီး လိုက်ပါသွားပါတယ်။ စက်ရုံထဲဝင်လိုက်တယ်ဆိုရင်ပဲ လက်တွဲလုပ်ဘူးခဲ့တဲ့ မ၀ါနဲ့အတူ ပဌာန်းဆက်ပါ ၀န်ထမ်း အတော်များများကို တွေ့လိုက်ရတယ်။ အားလုံးက ကျွန်မကို နွေးနွေးထွေးထွေး ဆီးကြို နှုတ်ဆက်လိုက်ခြင်းဟာ ကျွန်မရဲ့ရင်ကို သိမ့်ကနဲနွေးထွေးသွားစေခဲ့တယ်။ မ၀ါကလည်း ကျွန်မကို အလုပ်ပြန်ဝင်ဘို့ကိုသာ ဦးတည်ပြီး ပြောနေသလို လက်ရှိအခြေအနေက စက်ရုံမှာ အလုပ်သမား ပြဿနာပေါ်နေတယ်လို့ သိလိုက်ရတဲ့အခါမှာတော့ တစ်ချိန်က ကျေးဇူးရှင်ဖြစ်ခဲ့တဲ့ သူဌေးကို ပြန်ကျေးဇူးဆပ်ချင်စိတ် ပေါ်လာခဲ့သလို ကျွန်မအချိန်တွေကို တန်ဘိုးရှိရှိ သုံးချင်တဲ့စိတ်တွေကြောင့် မဆိုင်းမတွ ခေါင်းညိတ် ဆုံးဖြတ်ခဲ့တယ်။ ခေါင်းညိတ်တယ်ဆိုရင်ပဲ မ၀ါက-

‘တနင်္လာနေ့ စဆင်းနိုင်မလား အန်တီ’တဲ့

‘ဗုဒ္ဓဟူးနေ့လောက်မှ ဆင်းပါရစေ ၀ါရယ်’လို့ အချိုသတ်လိုက်ရတယ်။

စက်ထဲတစ်ပတ် ပတ်ကြည့်ပြီး ကျွန်မကို စက်ရုံကားနဲ့ အိမ်ပြန်ပို့ပေးခဲ့တယ်။ အိမ်ပြန်ရောက်တော့ ကျွန်မအပေါ် အမြဲနားလည်မှုရှိတဲ့ ခင်ပွန်းဖြစ်သူကို အလုပ်လုပ်မည့်အကြောင်း ပြောပြတော့ ‘မိန်းမသဘောပဲလေ’ တဲ့။ ဒီလိုနဲ့ပဲ ကျွန်မ ၂၁-၃-၂၀၁၈ ရက်နေ့မှာ အလုပ်စပြီး ၀င်ဖြစ်ခဲ့တယ်။

တိုင်းတပါးကနေ သူဌေးရဲ့ ၀မ်းပမ်းတသာ ကြိုဆိုတဲ့အသံကို ကြားရတော့ အလုပ်လုပ်ရမှာကို ကျွန်မပိုပြီးအားတက်သွားခဲ့တယ်။ တစ်ဆက်တည်း ကျွန်မအတွေးလေးတစ်ခုဝင်လာတာက အရည်အသွေးပြည့်မှီတဲ့ အရေအတွက် ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ဘို့၊ အလုပ်ရှင်နဲ့ အလုပ်သမားအားလုံးအကြား အစစအရာရာ အဆင်ပြေစေဘို့အတွက် ခိုင်ခံ့တဲ့ ‘ပေါင်းကူးတံတား’ တစ်စင်းအဖြစ် ကျွန်မ ကြိုးစားလိုက်ပါအုံးမယ်လို့။

မေတ္တာဖြင့်
တီတင့်(၂၄-၃-၂၀၁၈)
၁၃၇၉ ခုနှစ်၊ တန်ခူးလဆန်း(၉)ရက် (စနေနေ့)

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz