x

27.5.18

ပြောင်းလဲခြင်းကမြန်ဆန်လွန်း-



သူငယ်ချင်းတွေက တနင်္ဂနွေနေ့ကို 75-81 RIT Welfare Group ရေတွင်းအလှူအတွက် ရေစက်ချပွဲ ဓနုဖြူဘက်သွားဘို့ စီစဉ်ထားကြတယ်။ အဒေါ်တွေနဲ့ညီမတွေကလည်း ရွှေမြင့်မိုရ် ဆရာတော်ဦးဆောင်ပြီး သံဃာတော် အပါး ၅၀ရဲ့ သိမ်ဆင်းလောင်းပွဲသွားကြဘို့ အစောကြီးထဲက ပြောထားတာမို့ ပြည်တော်ပြန် ဘုရားဖူးချင်ပေမယ့် ဓနုဖြူဘက်မလိုက်တော့ပဲ စိတ်ကိုဒုန်းဒုန်းချခဲ့တယ်။ တစ်ပတ်မှာ တနင်္ဂနွေတစ်ရက်ပဲ အားတာမို့ လူမှုရေးကိစ္စတွေမှာ အထူးသဖြင့် သာရေး နာရေးအားလုံးကို တနင်္ဂနွေရက်နဲ့တိုက်နေရင် အတတ်နိုင်ဆုံး ပါဝင်ချင်ခဲ့တဲ့ကျွန်မပါ။ မနက်မိုးလင်းတာနဲ့ အစီအစဉ်တွေအားလုံး ပြောင်းလဲ သွားပါတော့တယ်။ စနေနေ့ည သူငယ်ချင်းများနဲ့ ဆုံခွင့်ရလို့ ပျော်ရသလို၊ တေရသမ အကြိမ်မြောက် ရွှေအမြုတေစာပေဆုပေးပွဲမှာ ဘလော့ဂ်ဂါ မြစ်ကျိုးအင်း ၀တ္ထုရှည်ဆုရလို့ ၀မ်းသာပျော်ရွှင် ရပြန်တယ်။
ညအိပ်ရင် ဖုန်းကိုအသံတိတ်လုပ်ထားပြီးမှ အိပ်လေ့ရှိတော့ စနေနေ့ မနက် ၃နာရီမထိုးခင် မန္တလေးက ဦးလေး (ဖေဖေ့ရဲ့ညီအလတ်) ဆုံးသွားတဲ့သတင်း မနက် ၆နာရီ ကျော်မှသိလိုက်ရတယ်။ အပျော်လေးတွေရဲ့ နေရာကို စိတ်မကောင်းစရာသတင်းလေးက နေရာယူလိုက်ပြီ။ လတစ်လရဲ့ နောက်ဆုံးအပတ်ဖြစ်တဲ့ စနေနေ့ဆိုရင် စက်ရုံမှာ ဒါဘာရှိနေတာရယ်၊ စနေနေ့ညမှာ ဆရာသိန်းတို့ အပတ်စဉ် ၆၃- က ဆရာကန်တော့ပွဲရှိနေတာရယ် ပျက်ကွက်လို့မရတဲ့ အခြေအနေ အကြောင်း ကြောင်းတွေကြောင့် ဦးလေးရဲ့ နောက်ဆုံးခရီးကို မပို့ဖြစ်တော့ဘူး။ စိတ်မကောင်းစွာနဲ့ မျက်နှာလွှဲခဲ့ရတယ်။ စိတ်ရင်းစေတနာကောင်းပြီး ဘယ်သူ့ အပေါ်မှ အပြစ်မမြင်တတ်တဲ့ ဦးလေး၊ ကျွန်မဖေဖေနဲ့ စိတ်နေစိတ်ထား အတော်လေးထပ်တူကျတယ်။
မှတ်မှတ်ရရ မန္တလေး နန်းတွင်းအိမ်မှာနေခဲ့စဉ် အတိတ်ကအကြောင်းလေးတွေ အတွေးထဲမှာ ရေးရေးပေါ်သလို ဦးလေးရဲ့ ဘ၀ကြင်ဖော်အဖြစ် လက်တွဲဘို့ အိမ်ကိုခေါ်လာတဲ့ ဇနီးလောင်း အန်တီမအုန်းကြည်တို့ကို မျက်လုံးထဲ ပြန်မြင်ယောင်နေမိတယ်။ ဖွားဖွားက မအုံးကြည်လို့ခေါ်တာကို ကိုကိုနဲ့ကျွန်မက ဖွားဖွားခေါ်သလို လိုက်ခေါ်တဲ့အခါ ‘လူကြီးကိုအဲ့လို မခေါ်ရဘူး ရှေ့က အန်တီထည့်ခေါ်ရတယ်’ လို့ သင်ပေးပြီးနောက်ပိုင်း ‘အန်တီမအုံးကြည်’ ဖြစ်သွားခဲ့တယ်။ ဦးလေးကတော့ ခပ်ပြုံးပြုံးပဲ ကြည့်နေတယ်လေ။ အရင်ထဲက ဦးလေးအငယ်က စကားကို မရပ်တန်း ပြောသလောက် ဦးလေးအလတ်က တစ်နေ့နေလို့ စကားသုံးခွန်း မပြောသူ။ မန္တလေးနန်းတွင်းအိမ်ကြီးမှာ သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်စရာကောင်းတာလေးတွေ သတိရရင်း လွမ်းသွားတယ်။ ဒီပို့စ်လေးကိုရေးနေချိန်မှာတော့ ဖေဖေတို့ ညီအစ်ကိုတွေ အားလုံး ကျောခိုင်းသွားကြပါပြီ။
နန်းတွင်းအိမ်ကြီးထဲမှာ အတူနေခဲ့ကြတဲ့ မိသားစုကြီးထဲကနေ နေ၀င်ချိန်ရောက်လို့ ပျောက်ကွယ် သွားသူများ အချိန်မတန်သေးပဲ အပြီးအပိုင် ထွက်ခွာသွားသူများ ကံ ကံရဲ့အကျိုးဆိုသည့်တိုင် ဆုံးပါးသွားသူများကို ကျွန်မလက်ချိုးရေတွက်နေမိပြန်တယ်။ အသက်ရှင်ခွင့်ရတဲ့အပြင် ဖြစ်ခဲလှတဲ့လူရယ်လို့ ဖြစ်ခွင့်ရနေချိန်မှာ ဘ၀ကိုတန်ဘိုးရှိစွာ ဖြတ်သန်းဘို့အရေးကြီးပါလားဆိုတဲ့ သံဝေဂလည်း အကြိမ်ကြိမ်ရဘူးတယ်။ ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လို အဆုံးသတ်ရမယ်ဆိုတာ သိခွင့်မရနိုင်ကြတာနဲ့ ပတ်သက်ပြီး ကျွန်မဖတ်ဘူးတဲ့ စာလေးတစ်ပိုဒ်-
ဝါဆို ၀ါခေါင်လများတွင် အမရပူရ၌ လေပြင်းထန်ထန် တိုက်ခတ်တတ်၏။ မင်္ဂလာတိုက်ဟောင်း၏ အရှေ့တောင်ဘက်က တောင်သမန်အင်း ရေပြင်ကြီးဆိုလျှင် လှိုင်းတွေလေတွေ တ၀ုန်းဝုန်း ဆူပွက်လျက် ဒေါသတွေ ထွက်နေတတ်၏။ ထို့ကြောင့် မန္တလေး-စစ်ကိုင်း ကားလမ်းမပေး မလျှောက်တော့ဘဲ လေကွယ်ရာ မြို့ မြောက်ဖျားက ပုထိုးတော်ကြီးဘုရားဘက်သို့ ပြောင်း၍ လျှောက်ကြ၏။ ဆရာတော်က စ၍ အမိန့်ရှိသည်-
‘မောင်စောမောင်ရေ ဒို့ရန်ကုန်မှာတုန်းက စင်္ကြံ လျှောက်တော့ တိရစ္ဆာန်ဥယျာဉ်ထဲကို သွားလျှောက်ကြတယ်ကွ။ ဟင်္သာတ ဦးမြလဲပါတယ်၊ တို့နှစ်ယောက် အတူတူလျှောက်ကြတာပေါ့၊ ငါက တရားကို ကြိုးစားဖို့ ပြောတယ်၊ အသေမဦးခင် ဉာဏ်က ဦးအောင် အလုပ်လုပ်ပါလို့ ပြောတော့ သူက ဘာပြောတယ်မှတ်တုံး၊ တပည့်တော်က ပန်းနာသည် ဘုရာ့။ ပန်းနာသည်ဆိုတာ ပိန်ပိန်ညှော်ညှော်နဲ့ သေခဲတယ်၊ အသက်ပြင်းတယ် တဲ့။ ဟော… ပြောလို့သာ ပြောနေတာ၊ တို့ရန်ကုန်က ပြန်လာလို့ တစ်လလောက်ပဲ ရှိသေး၊ အခု ဦးမြ တစ်ယောက် သေပြီ တဲ့။ ဒါကြောင့် မင်းတို့ကို တရားအားထုတ်ဖို့ ခဏ ခဏ သတိပေးနေရတာ၊ ဘယ်နေ့သေမယ် သိနိုင်သလားလို့။ အေး ဒါကြောင့် တိုက်တွန်းနေရတာပေါ့” 
တစ်ဘ၀သာသနာ ကောက်နှုတ်ချက်။

‘နက်ဖြန်ခါနှင့်နောက်ဘ၀’

နက်ဖြန်ဆိုတာ တနေ့တာသည်၊
သည်ကာလနောက်၊ ညဥ့်မှောင်ရောက်၍၊
နောက်နေ့နံနက် အရုဏ်တက်မှ၊
ဆက်ဆက်ရောက်လာ ခရီးကြာ၏။
သို့ပါသော်လည်း၊ မှန်မလွဲသည့်၊
ရောက်မြဲဌာန နောက်ဘ၀ကား၊
ခဏခရီး လျှပ်ပြက်စီးသို့၊
ကွေးပြီးသောလက် မဆန့်မီ၊
ဆန့််ပြီးသောလက် မကွေးမီ
မဝေးလှပါပြီတကား။ ။

( ဘုရားသွားခါနီးမှာ လက်တစ်ကမ်းက ပန်းခရေလေးတွေကို ဓာတ်ပုံရိုက်ရင်း ဘုရားကနေ အိမ်ပြန်ရောက်ရင်ဆွတ်ပြီး ဘုရားတင်မယ်လို့ တွေးခဲ့တယ်။ မိုးဒဏ် လေဒဏ်ကြောင့် အိမ်ပြန်ရောက်တော့ ခရေပွင့်လေးတွေ မြေခနေပြီ ) 

မေတ္တာဖြင့်
တီတင့်(၂၇-၅-၂၀၁၈)
၁၃၈၀ ခုနှစ်၊ နယုန်လဆန်း (၁၃)ရက် (တနင်္ဂနွေနေ့)

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz