x

21.8.18

ဘလော့ဂ်အိမ်ပိုင်ရှင်များသို့


တိုတောင်းတဲ့ဘလော့ဂ်တစ်ခေတ် မျက်စိတစ်မှိတ်လျှပ်တစ်ပြက်လို့ပဲ ဆိုရလေမလား။ တရားသဘောအရ အရာခပ်သိမ်းတို့သည် မမြဲကုန်။ သိပင်သိငြား တိုက်ဆိုင်မှုများ ရှိလာတဲ့အခါ အခွင့်အခါသင့်ခဲ့တုန်းက စည်ပင်သာယာဝပြောခဲ့ဘူးတဲ့ ဘလော့ဂ်ရွာလေးကို သတိတရ ရှိနေဆဲပါလားဆိုတဲ့ အတွေးလေးတွေ ဖျောက်ဖျက်မရသေး။ အချိန်အခါပေးနေတုန်း အလွတ်မခံ ဘလော့ဒေးကို အကြောင်းပြုပြီး ၁၉-၈-၂၀၁၈ ရက်နေ့မှာ လာနိုင်တဲ့ဘလော့ဂါတို့ကို ဘလော့ဂ်ဂါ သားစိန်ရဲ့ ‘ဒို့အကြိုက်’ ဆိုင်မှာစုစည်းဖြစ်ခဲ့တယ်။ တစ်ဦးနဲ့တစ်ဦး ဆုံတွေ့တဲ့အခါ ဟန်ဆောင်မှု အလျဉ်းမပါတဲ့ ရိုးသားပွင့်လင်းတဲ့ချစ်ခြင်းများနဲ့အတူ ညီအစ်ကို မောင်နှမအရင်းများသဖွယ် ပွေ့ဖက်နှုတ်ဆက်နေကြတာကို မြင်ရတော့ အရင်လို မပြောင်းမလဲ နွေးထွေးမှု အပြည့်အ၀နဲ့ ရင်းနှီးနေကြမြဲဆိုတဲ့ ခံစားချက်လေးကို အတည်ပြုခဲ့တယ်။ အိမ်ပြန်ရောက်တော့ လက်တစ်ကမ်းမှာ တိတ်ဆိတ်ငြိမ်သက်စွာ အိပ်မောကျနေတဲ့ ဘလော့ဂ်ရွာလေးဆီ အလည်တစ်ခေါက် ခြေဦးလှည့်ခဲ့မိပြန်တော့ ရင်ထဲမှာတော့ မနေ့ကလိုဟာတာတာ။ မတူညီတဲ့ခေါင်းစဉ်ကွဲတွေနဲ့ အချိန်တွေကို ပေးဆပ်နေကြရတဲ့ ဘလော့ဂ်ဂါတွေဆီကနေ ပို့စ်တစ်ပုဒ်ဆီတောင်းချင်တဲ့ လောဘစိတ်လေးကလည်း အတောမသတ်နိုင်ပြန်။

ဘလော့ဂ်ဂါအများစုရဲ့ အလင်းရောင်မဲ့ အိမ်လေးတွေကြောင့် ဘလော့ဂ်ရွာလေးလည်း အမှောင်သန်းခဲ့တာ အချိန်တွေကြာညောင်းခဲ့ပြီ။ ကြိုကြားကြိုကြား အိမ်လေးတွေမှာတော့ မီးရောက်ပျပျလေးတွေ မြင်နေရဆဲမို့ တစ်ယောက်တစ်လက် ထွန်းညှိလာမည့်မီးတိုင်လေးတွေရဲ့ အလင်းရောင်ကြောင့် ဘလော့ဂ်ရွာလေး ပြန်လည်လို့ နောက်တစ်ကြိမ် လင်းလာလေမလားလို့ မျှော်လင့်နေမိသေး။ အစကတော့ စာအုပ်တစ်အုပ် ဖြစ်လာစေဘို့ရာ ပို့စ်ဟောင်းလေးတွေကို စုဆောင်းဘို့ တွေးခဲ့ပေမယ့် စာဖတ်သူအများ စိတ်ဝင်တစား ဖတ်ချင်အောင် တစ်ချိန်ကခံစားချက် အပြည့်အ၀နဲ့သီကုံးခဲ့ဘူးတဲ့ ကိုယ်ပိုင်ရေးပို့စ်လေးတွေကို တကျော့ပြန်ပြီး ဆားချက်တာမျိုး၊ မော်ဒယ်ဖိုင်းလုပ်တာမျိုး မဟုတ်ပဲ စာဖတ်သူတို့ မဖတ်ဘူးသေးတဲ့ လတ်လတ်ဆတ်ဆတ် ပို့စ်အသစ်လေးတွေကို စုစည်းတော့မယ်လို့ အတွေးလေး တဒင်္ဂအတွင်း ပြောင်းလဲသွားခဲ့တယ်။ ‘ဘလော့ဂ်ဂါတို့ရဲ့ အမှတ်တရစာစုများ’ ရယ်လို့ စာအုပ်တစ်အုပ်ထုတ်ဘို့ အကြောင်းက ဖန်လာပြီဆိုတော့ကာ ဒီထက်လှပတဲ့ ခေါင်းစဉ်လေးတွေ တွေးမိရင်ဘလော့ဂ်ဂါအပေါင်း မနှေးအမြန်လက်တို့လိုက်ကြပါအုံးလို့။ ရောက်ရှိလာမည့် ပန်းချီ ကဗျာ ဆောင်းပါး အက်ဆေး သုတ ရသ ၀တ္ထုတို နည်းပညာ အစရှိတာမှန်သမျှကို ခြယ်မှုန်းရင်း ဘလော့ဂ်ဂါတို့ရဲ့ ဘလော့ဂ်ဘ၀အမှတ်တရ စာအုပ်တစ်အုပ် ဖြစ်တည်မှုကို မျှော်လင့်မိတယ်။ အားလုံးဝန်းရံပေးကြဘို့ ထပ်မံတိုက်တွန်း နှိုးဆော်လိုက်ပြီနော်။ ဘလော့ဂ်အိမ်လေးတွေ အားလုံးရဲ့ ပိုင်ရှင်ဖြစ်တဲ့ဘလော့ဂ်ဂါမှန် သမျှကို ဖိတ်ခေါ်လိုက်ပြီနော်။

ဘေလာ့ဂ္ဂါဆိုတာ……….

“ဘလော့ဂါဆိုတာ ကိုယ့်ရင်ထဲမှာကိန်းအောင်းနေတဲ့ စကားလုံးတွေကို ကဗျာ စကားပြေ စာသားများအဖြစ် ပြောင်းလဲပြီး စာဖတ်သူများကို စေတနာ သဒ္ဓါထက်သန်စွာနဲ့ အခမဲ့ဖတ်ခွင့်ရှိအောင် ဖန်တီးပေးတဲ့သူ" လို့ တစ်ချိန်တုန်းကကျွန်မ အဓိပ္ပါယ် ဖွင့်ဆိုခဲ့ဘူးတယ်။

ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။

*** ပို့ရမည့်လိပ်စာက allbloggers300@gmail.com
*** နောက်ဆုံးရက်က 30th September 2018
*** စာအုပ်ထွက်မည့်နေ့(ခန့်မှန်း) 1st January 2019
*** စာအုပ်မိတ်ဆက်ပွဲနေ့(ခန့်မှန်း) 20th January 2019

မေတ္တာဖြင့်
တီတင့် (၂၀-၈-၂၀၁၈)

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz