x

10.11.18

မင်္ဂလာနှစ်ပတ်လည်နေ့



၂-၁၁-၂၀၁၈
ယနေ့ ဆရာသိန်းနဲ့ ကျွန်မတို့ရဲ့ အိမ်ထောင်သက် ၃၆ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ပါ။ ဆွေမျိုး မိတ်ဆွေသင်္ဂဟ အပေါင်း ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြီးပြည့်စုံကြပြီး တရားထူး တရားမြတ်များကို အချိန်ရှိခိုက် ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ ‘ဖြတ်သန်းခဲ့သော ဘ၀ရဲ့နေ့ရက်များ’ ကိုယ်ရေးဝတ္ထုစာအုပ်ကို ဖတ်ပြီးသူတို့ အနေနဲ့တော့ ကျွန်မတို့ဇနီးမောင်နှံနဲ့ မိသားစုအကြောင်းလေးကို အတော်အတန်သိနေမှာပါ။ အများစု မသိသေးတဲ့ အကြောင်းအချက်လေး တစ်ချက်ကိုတော့ မင်္ဂလာနှစ်ပတ်လည်နေ့မှာ မင်္ဂလာယူပြီး ပြောပြချင်ပါသေးတယ်။
မကြာခင်ရောက်လာတော့မည့် ၂၀၁၉ခုနှစ်၊ ဇန္န၀ါရီလ (၂၀)ရက်နေ့မှာ စာရေးသူဘလော့ဂါ ၉၂ ယောက်တို့ရဲ့ ရသပေါင်းစုံကို မြိုင်မြိုင်ဆိုင်ဆိုင်ဖေါ်ညွှန်းထားတဲ့ ‘B 92 ရသဆုံမှတ်’ ဆိုတဲ့ စာအုပ်တစ်အုပ် ထွက်ရှိလာတော့မယ်ဆိုတာ ကြိုတင်ပြောပါရစေ။ ကျွန်မရဲ့ပထမခြေလှမ်းဖြစ်တဲ့ ‘ဖြတ်သန်းခဲ့သော ဘ၀ရဲ့နေ့ရက်များ’ကို အားပေးခဲ့တဲ့ ဆွေမျိုး၊ မိတ်ဆွေသင်္ဂဟအပေါင်း မေတ္တာတွေအရင်းခံပြီး ထွက်ပေါ်လာမည့် ‘B 92 ရသဆုံမှတ်’ ကို နွေးထွေးစွာ အတိုင်းအဆမရှိ ကြိုဆိုအားပေးကြမယ်လို့ မျှော်လင့်မိပါတယ်။
ကျွန်မ မကြာခဏပြောပြဘူးသလို ကျွန်မလုပ်သမျှ အရာအားလုံးကို ဘာမှစောဒကမတက်ပဲ အလိုက်သင့် ခွင့်ပြုလေ့ရှိတဲ့ခင်ပွန်ဖြစ်သူ ဆရာသိန်း၊ ကျွန်မရဲ့လမ်းလွဲမယ်ထင်တဲ့ အလုပ်ကိစ္စ အရပ်ရပ်ကိုတော့ အကျိုးအကြောင်းရှင်းပြလေ့ရှိပြီး တခါတရံ ကျွန်မက အမှားအမှန် သိတ်စဉ်းစားနေခြင်းမရှိပဲ ဇွတ်လုပ်လို့ မှားခဲ့တဲ့အခါတွေမှာတော့ ပြောထားရက်နဲ့အမှား ကျူးလွန်တဲ့ကျွန်မကို နာရီပိုင်းလောက် မပြီးဆုံးတဲ့ ဆုံးမစကားတွေ ဆက်တိုက်ပြောတတ်ပါတယ်။ သားတွေကို လိုအပ်တာထက်ပို အလိုလိုက် အကြိုက်ဆောင်မိတဲ့ အခါများမှာလည်း မပြီးဆုံးသော တစ်ထောင့်တစ်ညပုံပြင်လို ဆုံးမစကားကို ကျွန်မနားထောင်ရစမြဲပါ။
ဒါပေမယ့် ဆရာသိန်းတစ်ယောက် တရားသဘောနဲ့ ‘ယောနိသောမနသိကာရ’ ကို လက်ခံလာခဲ့တဲ့ နောက်ပိုင်းမှာတော့ သားတွေအတွက် ရတက်မအေးနိုင်တာမျိုး လျော့နည်းလာသလို ကျွန်မတို့ ဇနီးမောင်နှံရဲ့ အေးချမ်းခဲ့တဲ့ ဘ၀လေးဟာ တိုတောင်းပေမယ့် အရင်ထက်ပိုပြီး နွေးနွေးထွေးထွး အေးချမ်းလာပါတယ် အကြောင်းရင်းကတော့ အချက်နှစ်ချက်ကို ကျွန်မတို့ဇနီးမောင်နှံ လက်ခံကျင့်သုံး ယုံကြည်ခဲ့လို့ပါ။
၁။ ငါသည်မုချသေရမည် အချိန်ပိုင်းသာလိုတော့သည် အသေမဦးခင် ဉာဏ်ဦးအောင် အားထုတ်ပါတော့မည်။
၂။ အရာခပ်သိမ်းတို့သည် အနတ္တသဘောဖြင့် သူ့သဘောသူ ဆောင်နေခြင်းဖြစ်သည့်အတွက် သေတတ်နေတတ်ရန် အားကိုးရာစစ်ဖြစ်သော ၀ိပဿနာတရားကိုသာ ကျင့်ကြံကြိုးကုတ် အားထုတ်ပါတော့မည်။
တိုက်တိုက်ဆိုင်ဆိုင် ဖူးငုံလာတဲ့ကုမုဒြာဖူး ခြောက်ဖူးနဲ့ ကျွန်မတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်ကို ကြိုဆိုလိုက်ပါတယ်။
(ဖဘမှာပို့စ်တင်တုန်းက ကုမုဒြာ လေးဖူးပဲတွေ့ခဲ့ပြီး ပို့စ်တင်ပြီးမှရွက်ပုန်းဖူးလေး နှစ်ဖူးကိုထပ်တွေ့ခဲ့တယ်) 

တီတင့် (၂-၁၁-၂၀၁၈)

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz