x

6.12.18

တချိန်က ခရစ္စမတ်


ဒီဇင်ဘာလ ၂၄ရက် ည၉နာရီခန့်မှာ ကျွန်မတို့မောင်နှမတတွေ ကုတင်ကျယ်ကြီးအပေါ်မှာ ၀ိုင်းထိုင်နေကြပြီး စကားတွေဖောင်ဖွဲ့လို့ တစ်ယောက်တလှည့် အနားမပေးတန်းပြောနေချိန်မှာ ဒယ်ဒီနဲ့မာမီတို့ ကျွန်မတို့ရှိရာ အိပ်ခန်းထဲဝင်လာပြီး-

မာမီ။ ။ မောင်နှမတတွေစကားကောင်းနေလိုက်ကြတာ ခြေလက်ဆေး သွားတိုက်ဘို့လုပ်ကြတော့လေ။
ဒယ်ဒီ။ ။ ကဲကဲ လုပ်စရာရှိတာလုပ်ပြီးရင် အိပ်ကြတော့ မနက်စောစောထပြီး စန်တာကလော့ကြီးဘာတွေ လာပေးသွားလဲဆိုတာ ဒယ်ဒီတို့နိုးရင်ပြောပြကြအုံးနော်။

မာမီနဲ့ဒယ်ဒီတို့ရဲ့စကားအဆုံးမှာ ကျွန်မတို့မောင်နှမတတွေအားလုံး ဂွတ်နိုက် ဒက်၊ ဂွတ်နိုက် မမ်လို့ ရိုသေစွာနဲ့ နှုတ်ဆက်လိုက်ပြီး ကိုယ်လက်သန့်စင်ဘို့ရာ လူစုခွဲလိုက်ကြတယ်။
မနက်မိုးလင်းရင် စန်တာကလော့ကြီးဆိုတဲ့ ဒယ်ဒီပေးမယ့် လက်ဆောင်အကြောင်းတွေးရင်း ကျွန်မရင်တွေ ခုန်နေပါတယ်။ အငယ်တွေကတော့ အမှန်တကယ်စန်တာကလော့ကြီးပေးတယ်လို့ ထင်နေကြတယ်လေ။ အပျော်များကိုပွေ့ဖက်ရင်းနဲ့ပဲ ကျွန်မအိပ်ပျော်သွားပါတော့တယ်။

ကိုကို။ ။ ဟေ့ လုလုတို့ ထကြတော့လေ စန်တာကလော့ကြီးပေးတဲ့ပစ္စည်းတွေသွားကြည့်ကြရအောင်။ 

ကျွန်မရဲ့လက်မောင်းကို လှုပ်နှိုးရင်းပါးစပ်က တတွတ်တွတ်ပြောနေတဲ့ အစ်ကိုကြီးရဲ့အသံကို ကြားလိုက်တာနဲ့ အိပ်ယာထဲကနေ လူးလဲထကာ ရေချိုးခန်းရှိရာကို အပြေးလေးသွားပါတော့တယ်။ အိမ်အောက်ထပ်ကို ရောက်လာချိန်မှာတော့ ခရစ္စမတ်အပင်ရှိရာ ဧည့်ခန်းဆီကိုသူ့ထက်ငါအပြေးကလေး ၀င်သွားကြတယ်။ မှိတ်တုတ်မှိတ်တုတ်  ရောင်စုံမီးလုံးလေးများ သွေးရောင်စုံခြယ် ဘောလုံးလှလှလေးတွေ၊ သေးသွယ်လွန်းတဲ့ ပစ္စည်းထုပ်စုံ၊ လင်းလက်နေတဲ့ ကြယ်ရောင်စုံ၊ မြင်သူတကာတို့ နှစ်သက်ဖွယ်ရာ အရောင်အသွေးစုံ ဖဲကြိုးလေးတွေနဲ့ ပုံဖော်ထားတဲ့ ထင်းရှူးပင်အစစ် ခရစ္စမတ်အပင်ကြီးဟာ ထယ်ဝါ လှပလွန်းနေပါတယ်။ အပေါ်မျက်နှာကျက် ထိလုနီးပါး မြင့်မားလွန်းတဲ့ခရစ္စမတ်ပင်ကြီးရဲ့ ခြေရင်းမှာတော့ စန်တာကလော့ကြီးပေးထားခဲ့တဲ့ လက်ဆောင်ထုပ်တွေ။

ကိုယ့်နာမည်ကိုအသည်းအသန် မွှေနှောက်ရှာနေပေမယ့် ကိုကိုနဲ့ကျွန်မရဲ့ နာမည်ရေးထားတဲ့ အထုပ်ကို လုံးဝရှာမတွေ့ပဲ အငယ်လေးတွေရဲ့ နာမည်လေးတွေသာ စဉ်ဆက် ဟောတစ်ယောက် ဟောတစ်ယောက် အထုပ်ပေါ်မှာ ရေးထားတာမြင်ရတယ်။ သူတို့အထုပ်လေးတွေကို မြင်တာနဲ့ အငယ်တွေက အော်ဟစ် ခုန်ပေါက်ပြီး ပျော်ရွှင်မြူးတူးနေကြတယ်။ တစ်ထုပ်ပြီးတစ်ထုပ် ထမင်းချက်ကအစ အိမ်ထိန်းအဆုံး အိမ်ရှိလူသာကုန်သွားတယ် ကျွန်မနဲ့အစ်ကိုကြီးတို့နှစ်ယောက်ရဲ့ နာမည်ပါအထုပ်နှစ်ထုပ်က ပေါ်မလာ။ အဆုံးတော့ခရစ္စမတ်ပင်အောက်မှာ စာရွက်လေးနှစ်ရွက်သာ ကျန်ပါတော့တယ်။ အဲ့ဒီစာရွက်လေးတွေကို ဖွင့်ဖတ်လိုက်တော့-

‘လုလုရဲ့လက်ဆောင်က ဒယ်ဒီ့နောက်မှာ’
‘တီးတိုရဲ့လက်ဆောင်က ကောင်းကင်ပေါ်မှာ’ တဲ့။

မကြာခင်မှာပဲ ဧည့်ခန်းထဲကို ဒယ်ဒီနဲ့မာမီတို့ အတူဝင်လာတယ်၊ ကျွန်မလည်း ဒယ်ဒီဝင်လာတယ်ဆိုရင်ပဲ ဒယ်ဒီနောက်ကျောကို လိုက်ကြည့်တယ်။ ဘာအထုပ်မှ ထူးထူးခြားခြားမမြင်တော့-
‘လုလုလက်ဆောင်က ဒယ်ဒီနောက်မှာဆိုပြီး ဘာမှလည်းမရှိဘူး’ လို့ပြောကာနှုတ်ခမ်းစူပါတော့တယ်။

‘ဟေး ကိုကို့လက်ဆောင်တွေ့ပြီကွ’ လို့ အစ်ကိုကြီးကလှမ်းအော်တော့ အားလုံးရဲ့ အာရုံက ကျွန်မဆီကနေ အစ်ကိုကြီးဆီရောက်သွားတယ်။ အစ်ကိုကြီးလက်ညှိုးညွှန်တဲ့နေရာကို ကြည့်လိုက်တာ့ ဧည့်ခန်းထဲမှာ ချိတ်ထားတဲ့ ဒယ်ဒီ့ဓာတ်ပုံနောက်မှာ လက်ဆောင်ထုပ်တစ်ထုပ်ကို ဖွက်ထားတာတွေ့ရတယ်။ ဒယ်ဒီက-

‘ဟဟဟ အဲ့ဒါ လုလုလက်ဆောင်ထုပ်လေ တီးတိုဟာမဟုတ်ဘူး’ တဲ့။ ကျွန်မလည်းပျော်သွားပြီး ဒယ်ဒီဓာတ်ပုံနောက်က လက်ဆောင်ထုပ်ကို ယူပေးဘို့ ဒယ်ဒီ့တပည့်လေးဆီ အကူအညီတောင်းလိုက်တယ်။ ပါးနပ်တဲ့ အစ်ကိုကြီးကလက်မလျှော့ပဲ သူ့ရဲ့လက်ဆောင်ထုပ်ကို ‘ကောင်းကင်ပေါ်မှာ’ လို့ ရေးထားတဲ့အတွက် အပေါ်မော့ပြီး လိုက်ရှာတော့ ပန်ကာပေါ်မှာဖွက်ထားတဲ့ လက်ဆောင်ထုပ်ကို တွေ့သွားပါတော့တယ်။

မကြာခင်ရောက်လာတော့မယ့် ၂၀၁၈-ခုနှစ်ရဲ့ ခရစ္စမတ်နေ့မှာ ဒယ်ဒီရော မာမီပါ မရှိကြတော့ပါလားဆိုတဲ့ အတွေးလေးရဲ့အဆုံးမှာ ဖြတ်သန်းခဲ့ဘူးတဲ့ အတိတ်ကအကြောင်းအရာလေးကို သတိရရင်း ‘တချိန်က ခရစ္စမတ်’ ဆိုတဲ့ ပို့စ်လေးတစ်ပုဒ်ဖြစ်ပေါ်လာပါတော့တယ်။ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၉ရက်နေ့က မိသားစုကို ထာဝရနှုတ်ဆက် ခွဲခွာသွားပြီဖြစ်တဲ့ မာမီရဲ့နောက်ဆုံးပုံရိပ်လေးတွေကို အမှတ်တရအဖြစ် ခြေရာချန်ခဲ့ပါတယ်။

 ချစ်သော ဒယ်ဒီနဲ့မာမီ
 ချစ်သောမာမီ
 မာမီမြင့်မြတ်ရာဘုံဘ၀ရောက်ပါစေ
 မာမီရဲ့နောက်ဆုံးခရီး


 နောက်ဆုံးအကြိမ်ဆုတောင်းဝတ်ပြု
 ထာဝရအတွက်နှုတ်ဆက်ခဲ့ပါတယ်မာမီ
 မာမီ့အတွက်ထာဝရအိပ်စက်ရာနေရာ
 ငါသည်မုချသေရမည်အချိန်ပိုင်းသာလိုတော့သည်။
လူသားတိုင်း မလွဲမသွေ ကြုံတွေ့နေကြရတဲ့သေခြင်းတရား မထူးဆန်းပေမယ့် လက်တွေ့ကြုံရတိုင်း အသစ်တစ်ဖန် ပြည်လည်လို့ ထူးဆန်းနေမိပြန်တယ်။ အကြိမ်ကြိမ်ကြုံဘူးသလို ကြုံတိုင်းလည်း ရင်နင့်ရတဲ့ ခံစားမှုများကို တရားသဘောတွေနဲ့ ဆင်ခြင်၊ သံဝေဂတွေ ရယူရင်း နာကျင်မှုများကိုလစ်လျူရှုရတယ်။ တချိန်က စုစုစည်းစည်း မိသားစုလေး

တီတင့် (၆-၁၂-၂၀၁၈)

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz