x

25.3.19

သံယောဇဉ်ချည်မျှင်နဲ့ချုပ်ခဲ့တဲ့စာအုပ်







ဘလော့ဂါ၉၂ယောက်တို့ရဲ့ ကဗျာ၊ အက်ဆေး၊ ဆောင်းပါး၊ ၀တ္ထုတိုတို့နဲ့ သီကုံးဖွဲနွဲ့ ရေးသားခဲ့တဲ့ Feeling-92 သုတ ရသစုံ စာအုပ် ထုတ်ခဲ့တာ ဒီနေ့ဆိုရင် တစ်လပြည့်ခဲ့ပြီ။ ခင်ရာခင်ကြောင်း မင်ရာမင်ကြောင်း ဘလော့ဂါတို့ရဲ့ စုပေါင်းအားနဲ့ စာဖတ်သူတို့အတွက် ဒီစာအုပ်ဟာ တမူထူးခြားတဲ့ စာအုပ်တစ်အုပ်အဖြစ် ပေါ်ပေါက်လာလိမ့်မယ်လို့ ကျွန်မမထင်ခဲ့မိပါဘူး၊ ကျွန်မဖြစ်စေချင်တဲ့ ဆန္ဒတစ်ခုကိုသာ ဦးတည်ပြီးထုတ်ဖြစ်ခဲ့တဲ့ စာအုပ်တစ်အုပ်မို့ လက်တွေ့ အကောင်အထည် ဖေါ်နိုင်ခဲ့တာကိုပဲ အားရကျေနပ် ၀မ်းသာပီတိ ဖြစ်နေခဲ့သူပါ။

၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၄)ရက်နေ့မှာ Feeling-92 စာအုပ်မိတ်ဆက်ပွဲ ပြုလုပ်နိုင်စေဘို့အရေး ၂၀၁၈ ခုနှစ်၊ သြဂုတ်လက စတင်ပြီး ဘလော့ဂါတွေကို အသိပေးနှိုးဆော်ရင်း စာမူတွေ တောင်းခံခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ တချိန်က စည်ပင်သာယာဝပြောခဲ့တဲ့ ဘလော့ခေတ်တစ်ခေတ်က စီနီယာ၊ ဂျူနီယာ ဘလော့ဂါများအားလုံးကို တစ်နေရာတည်းမှာ တစ်စုတစ်ဝေး ရင်းနှီးခင်မင်စွာ ဆုံဆည်းပေးခြင်ခဲ့တာ အဓိကပါ။ လက်တွေ့ဆောင်ရွက်ချိန်မှာတော့ ကျွန်မအပေါ်အမြဲ နားလည်မှုပေးတဲ့ မိသားစုနဲ့အတူ ကျွန်မချစ်ခင်ရတဲ့ ဘလော့ဂါတို့ရဲ့ ၀ိုင်းဝန်းကူညီ ပံ့ပိုးမှုရဲ့ ရလာဒ်ဟာ Feeling-92 ဆိုတဲ့ သုတ၊ ရသ စာအုပ်တစ်အုပ် ထုတ်လုပ်နိုင်ခဲ့ပါတယ်။

စာမူတွေနဲ့အတူ ဘလော့ဂါတို့ရဲ့ဓာတ်ပုံတွေပါ ကျွန်မတောင်းခဲ့တယ်၊ ဘလော့ဂါရဲ့ အနက်အဓိပ္ပါယ် ဖွင့်ဆိုချက် များစွာထဲက တစ်ချက်အပါအ၀င်လို့ ဆိုရလေမလား၊ ဘလော့ဂါတွေရဲ့ ပင်ကိုယ်ရိုးသားပွင့်လင်း ခင်မင်စရာ ကောင်းတဲ့ သူတို့အားလုံးရဲ့ ပုံရိပ်လေးတွေကို စာဖတ်သူတို့ကို မြင်တွေ့စေချင်တဲ့ ဆန္ဒဆိုရင် မမှားပါဘူး။ နောက်တစ်ချက်က စာမူတိုင်းမှာ သရုပ်ဖော်ပုံလေးတွေ ပါစေချင်ပြန်တယ်၊ သရုပ်ဖော်ပုံကိုလည်း ပညာရှင်တွေ ဆွဲပေးတာမျိုးထက် ဘလော့ဂါတို့ကိုယ်တိုင် စာမူတွေနဲ့ထပ်တူ ကျမယ့် ရင်တွင်းဖြစ် သရုပ်ဖော်ပုံလေးတွေကို ထည့်ချင်ခဲ့တယ်။ ဒီနေရာမှာ ကျွန်မဖြစ်ချင်တဲ့ ဆန္ဒများစွာကို လက်တွေ့လုပ်နိုင်စွမ်းမရှိခဲ့ပေမယ့် ရပ်ဝေး ရပ်နီး ဘလော့ဂါတို့က ၀ိုင်းဝန်းကူညီ အားဖြည့်ပေးခဲ့ကြတယ်။ သရုပ်ဖော်ပုံ မဆွဲပေမယ့် ကျွန်မကိုချစ်ခင်တဲ့ စိတ်နဲ့သရုပ်ဖော်ပုံ ဆွဲပေးခဲ့တဲ့ ဘလော့ဂါလေးတွေလည်း ပါနေတာမို့ ကိုယ့်ကိုယ်ကို ကျေနပ်မိတယ်။

စာမူတွေနဲ့သရုပ်ဖော်ပုံတို့ စုစည်းပြီးသွားတဲ့အခါမှာတော့ စာလုံးပေါင်း ၀ါကျတို့ကို အတွေ့အကြုံရှိဘူးတဲ့ ဘလော့ဂါတို့က စိစစ်ပေးခဲ့ကြတယ်။ စေတနာတွေပိုသွားလို့ တချို့အံချော်မှုလေးတွေဖြစ်သွားခဲ့ပေမယ့် ဘလော့ဂါဆိုတဲ့ အသိစိတ်လေးနဲ့ စေတနာအမှားကို အချင်းချင်းနားလည် ခွင့်လွှတ်ပေးကြတာကို ကြည်နူးစွာ တွေ့ရပြန်တယ်။ ဒီစာအုပ်ဖြစ်ပေါ်လာခြင်းဟာ ကျွန်မအတွက်တော့ ဘလော့ဂါဆိုတဲ့ အနက်အဓိပ္ပါယ်ဟာ ကျွန်မသိထားတာထက် ပိုမိုလို့ကျယ်ဝန်း နက်ရှိုင်းလွန်းတယ်လို့ ထင်မြင်ယူဆ မိလာတယ်။ ရပ်ဝေးရပ်နီး ဘလော့ဂါတို့ရဲ့ အကူအညီများသာ မပါခဲ့ဘူးဆိုရင် ဒီနေ့ဒီရက်မှာ Feeling-92 ဆိုတဲ့ စာအုပ်တစ်အုပ်လည်း ထွက်လာစရာ အကြောင်းမရှိပါဘူး။

ဘယ်လိုအလုပ်ကိုလုပ်လုပ် အခက်အခဲဆိုတာ အနည်းနဲ့အများတော့ ရှိတတ်စမြဲမို့ စာမူစုချိန်ကစလို့ စာအုပ် ဖြစ်လာချိန်အထိ အခက်အခဲသေးသေးလေးတွေတော့ ကြုံခဲ့ရပါတယ်။ ‘အဆင်ပြေသွားမှာပါ တီတင့်ရယ်’ ဆိုတဲ့ ဘလော့ဂါတို့ရဲ့ အားပေးစကားများဟာ စိတ်ပူပန်မှုကိုအမြဲ ပြေလျော့စေခဲ့ပါတယ်။ စာအုပ်လေး သပ်သပ်ယပ်ယပ်နဲ့ ထွက်လာချိန်မှာတော့ ဘယ်လိုမှနှိုင်းယှဉ်လို့မရတဲ့ ကြည်နူးမှုမျိုးကို ခံစားခဲ့ရတယ်။ ကျွန်မရဲ့ ကိုယ်ရေးဝတ္ထုဆန်ဆန် ထုတ်ခဲ့ဘူးတဲ့ ‘ဖြတ်သန်းခဲ့သော ဘ၀ရဲ့နေ့ရက်များ’ စာအုပ် ထွက်လာချိန်ကထက် ပိုပြီးပျော်ရွှင် ကြည်နူးခဲ့တယ်ဆိုတာ ယုံလိုက်ပါ။

စာအုပ်လည်းထွက်ပြီ မိတ်ဆက်ပွဲလည်းလုပ်ပြီးပြီ ဒါပေမယ့် ကျွန်မစိတ်မအေးနိုင်သေးပါ။ ပြည်တွင်း ပြည်ပ နိုင်ငံများကနေ ပေးပို့ထားတဲ့ စာမူတွေမို့ စာမူရှင်တွေရဲ့လက်ထဲကို အနည်းဆုံးတစ်အုပ်တော့ ရောက်ပြီး ဖတ်စေချင်တယ်လေ၊ စရိတ်စခသက်သာတဲ့နည်းကို ရှာဖွေချိန်မှာပဲ အခမဲ့စေတနာနဲ့ ကူညီသယ်ပေးတဲ့သူတွေ ပေါ်လာပြန်တယ်၊ စာအုပ်အဖြစ်လက်တွေ့အကောင်အထည် မပေါ်မီထဲက ဘလော့ဂါတို့ ၀ိုင်းဝန်းပြီး ကြိုတင်ဝယ်ယူ အားပေးခဲ့တဲ့ ငွေများကို တာဝန်ယူ စုဆောင်းပေးခဲ့တဲ့ ပြည်တွင်း/ပြည်ပ ဘလော့ဂါများဆိုရင် ကိုယ်ပိုင်အချိန်ရဲ့ တစ်စိတ်တစ်ဒေသကိုပေးဆပ်ရင်း အခမဲ့ ကူညီပေးခဲ့ကြပါတယ်။

ဘလော့ဂါ ၉၂ ယောက်တို့ရဲ့ စာမျက်နှာ ၄၂ဂ ပါတဲ့ Feeling-92 စာအုပ် တစ်အုပ်ကို မြန်မာပြည်မှာ ကျပ် ၆၅၀၀နဲ့သတ်မှတ်ထားပေမယ့် တိုင်းတစ်ပါးကနေ မှာယူတဲ့အခါတော့ သယ်ယူခအပါအ၀င် တစ်အုပ်ကို $10 နဲ့သတ်မှတ်ရပါတယ်။ အဘက်ဘက်ကနေ ကူညီဆောင်ရွက် ပေးနေတဲ့ ဘလော့ဂါတို့သာမရှိခဲ့ရင် ကျွန်မအတွက် မလွယ်ကူတဲ့ အလုပ်ပါပဲ။ အစထဲက ဖြန့်ချိဘို့အတွက် အစီအစဉ်မရှိတာကြောင့် ဆိုင်ရာဘလော့ဂါတို့နဲ့ ဆက်နွယ်တဲ့နေရာတွေမှာပဲ စာအုပ်တွေကို ထားပါတယ်။ အခုအချိန်မှာတော့ စာမူရှင်ဘလော့ဂါအတော်များများ ကိုယ်တိုင်ရေးစာမူတွေကို ဖတ်ပြီးလောက်ပြီမို့ စာဖတ်ချင်သူတို့ တောင်းဆိုလာတဲ့ Feeling-92 စာအုပ်ရနိုင်မယ့်နေရာလေးတွေကို ညွှန်ပေးလိုက်ပါတယ်။

၁။ ရတနာလမ်းမပေါ်ရှိ My Favourite Kitchen - ဒို့အကြိုက်
၂၊ ကိုညိုရင့် ၃၇လမ်း ၊ အပေါ်ဘလောက် နံပါတ် ၂၁၁ ပထမထပ် AMK
၃။ မဟာမိတ်ပုံနှိပ်တိုက်, J-20A ရွှေနှင်းဆီ ၁လမ်း, FMI city လှိုင်သာယာ
၎။ နယ်တွေကိုလည်း နေရာအနှံ့၊ ကားဂိတ်တွေကိုပို့ပေးတယ် ပို့ခကျခံရပါမယ် ရန်ကုန်၊ မန္တလေး အိမ်တိုင်ရာရောက် ပို့ပေးပါတယ် ပို့ခကျခံရပါမယ်။ 09898901479
၅။ စင်္ကာပူနိုင်ငံမှ စာဖတ်သူတို့အတွက်-
Hin Tha(ဟင်္သာ) #03-50
Peninsula Plaza (၃) လွှာ မျက်နှာစာတန်း
No.111, North Bridge Road
Singapore 179098 ,Ph:63385574

ချစ်သောဘလော့ဂါများနဲ့တကွ ဆွေမျိုး၊ မိတ်ဆွေသင်္ဂဟများအားလုံး စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

တီတင့် (စက်မှုတက္ကသိုလ်)
၂၃-၃-၂၀၁၉

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz