x

1.7.19

တရားထိုင် တရားမှတ် လုပ်သင့်ပါတယ်


ကျွန်မ ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ် ရောက်ခဲ့တဲ့အချိန်ကစပြီး ပုတီးစိတ်တလှည့် တရားထိုင်တလှည့် အချိန်ရရင်ရသလို လုပ်ဆောင်ခဲ့ပေမယ့် တစိုက်မတ်မတ် တရားထိုင်ဖြစ်တာကတော့ လွန်ခဲ့တဲ့ ၇-နှစ်လောက်ခန့်က စထိုင်ခဲ့ခြင်းဖြစ်ပါတယ်။ စနစ်တကျရှိမှုနဲ့ နေ့စဉ်ပုံမှန် အချိန်သတ်မှတ်ပြီး တရားထိုင်ဖြစ်ခဲ့ခြင်းဟာ ရွှေမြင့်မိုရ် ဝိပဿနာတရားဓမ္မရိပ်သာကျောင်းမှာ (၁၀)ရက် တရားစခန်း ၀င်ရောက်ဖြစ်ခဲ့တဲ့ အချိန်ကာလက စတင်ခဲ့တယ်လို့ဆိုရမှာပါ။ ကျွန်မကို လမ်းမှန်၊လမ်းဖြောင့် သွားနိုင်ဘို့ရာ လမ်းကောင်းညွှန်ပြခဲ့သူ အဒေါ်တွေရဲ့ကျေးဇူးနဲ့ စမ်းတဝါးဝါး မှုန်ဝါးဝါး မသေချာ မရေရာတဲ့ လမ်းကနေ ကြည်လင်ပြတ်သားပြီး အလင်းရောင်ထင်ထင်ရှားရှား မြင်နိုင်တဲ့လမ်းကို ကျေနပ်စွာမြင်တွေ့ခဲ့ရပါတယ်။
တရားနာတာ တရားထိုင်တာကို နှစ်သက်သဘောကျတဲ့ ကျွန်မအနေနဲ့တော့ တန်ဘိုးရှိတဲ့ အချိန်တွေဟာ တိုက်စားခံရပြီး ကုန်မြန်ခဲ့သလို ကျေးဇူးရှင် ရွှေမြင့်မိုရ်ဆရာတော်ဘုရားရဲ့ ဆုံးမသြဝါများကို မမှိတ်မသုန် ဇွဲ၊ ဝိရိယတို့နဲ့ သေချာစွာ နာခံ မှတ်သားခဲ့တဲ့အတွက်လည်း အမှား အမှန်ကို ဆင်ခြင်နိုင်ခွင့်ရခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေမှာ တရားရှုမှတ်ခြင်းကြောင့် လူဖြစ်ရကျိုးနပ်မယ်၊ ဘ၀မှာ နေတတ်မယ်၊ သေတတ်မယ်ဆိုတာလောက်သာ အတွေးရှိခဲ့ဘူးသလို မျက်စိရှေ့မှာတင် သေခြင်း(၄)မျိုး တစ်မျိုးမဟုတ် တစ်မျိုးနဲ့ ဘ၀နေ၀င်ချိန်တွေကို ကျော်ဖြတ်နေကြတာမြင်ရပြန်တော့ သံဝေဂနဲ့ ဆင်ခြင်ရင်း တရားရှုမှတ်တာကို အယင်ထက်ပိုပြီး အားထည့်ခဲ့ပါတယ်။
ပုံမှန်တရားထိုင်ဖြစ်ခြင်းကြောင့် အချိန်မှန်အိပ်ယာကနေ သူ့အလို အလျောက် နိုးထလေ့ရှိတယ်။ နိုးလာတိုင်းလည်း စိတ်ကအမြဲလိုလို ကြည်လင်နေတတ်ပါတယ်။ ခန္ဓာငါးပါးရရှိထားတာမို့ တခါတရံ ခေါင်းကိုက်၊ ခေါင်းနောက် တတ်တာမျိုး ဖြစ်ခဲ့တဲ့အခါ ဖေါက်ပြန်၊ ခံစား၊ မှတ်သား၊ ပြုပြင်၊ သိဝိဉာဏ် ငါးအင်ခန္ဓာမှတ်ဆိုတဲ့ တရားဓမ္မအတိုင်း ဆင်ခြင်ရင်း ရုပ်တရားရဲ့ ဖေါက်ပြန်မှုဟာ ဖြစ်ပြီးပျက်သွားလေ့ရှိပါတယ်။ ရုပ်တရားရဲ့ဖေါက်ပြန်ခြင်းကို ခံစားမှုဆိုတဲ့ နာမ်တရားရဲ့ဝေဒနာနဲ့ ခွဲခြားသိမြင်နိုင်ဘို့ လိုပါတယ်။ ရုပ်တရား နာမ်တရားတို့ကို ကွဲကွဲပြားပြား သိမှသာ တရားရှုမှတ်ရကျိုးနပ်မှာပါ။ တရားထိုင်ပြီးတိုင်း ကိုယ်ခန္ဓာတစ်ခုလုံး ပေါ့ပါးသွက်လက်နေပြီး တော်ရုံသတိမလွတ်ပဲ သတိကပ်နေတတ်လာတယ်။
ကျွန်မဖတ်ဘူးတဲ့ ‘တရားထိုင်ခြင်းနှင့်ကျန်းမာရေး’ အကြောင်းကို စာဖတ်သူအတော်များများလည်း ဖတ်ရှုပြီးဖြစ်မှာပါ။ ဒီပို့စ်လေးကို ပြန်မျှဝေ ရေးမယ်ရေးမယ်နဲ့ စိတ်ကူးနဲ့တင် အချိန်တွေသာကုန်ကုန်သွားတယ် လက်တွေ့မရေးဖြစ်ခဲ့ဘူး။ ဒီတခါတော့ မဖြစ်မနေရေးတော့မယ်လို့ စိတ်ဆုံးဖြတ်လိုက်ခါမှ ပို့စ်တစ်ပုဒ်အဖြစ်အသက်ဝင်လာတော့တယ်။
မေး။ လူတိုင်းလူတိုင်း ဘာသာတိုင်း လူမျိုးတိုင်း တရားထိုင် ၊ တရားမှတ် (Mindfulness Meditation practice) လုပ်သင့်ပါသလား?
ဖြေ။ ဟုတ်ကဲ့ ( ကိုယ့်ဘုရား ၊ကိုယ့်ကိုးကွယ်မှုကိုကိုယ့်
စိတ်ကြိုက်အာရုံပြုပြီးတော့) လုပ်သင့်ပါတယ်။

အကြောင်းအရင်း (၁)
ကျွန်တော်တို့ ခန္ဓာကိုယ်မှာ Serotonin လို့ခေါ်တဲ့ဦးနှောက်ကလာပ်စည်း တခုကနေတခုကို အချက်ပြဓာတ်တွေ ကူးအားကောင်းအောင် ဆောင်ရွက်ပေးနေတဲ့ အာရုံကြော ဓာတုဗေဒပစ္စည်းတစ်ခုရှိပါတယ်။ အဲဒီ့ Serotonin က လူတွေရဲ့ လတ်တလောစိတ်ခံစားမှုကို ကောင်းစေပါတယ်။ သူများများထွက်ရင် ဦးနှောက် ကလာပ်စည်းတွေ အလုပ်ပိုလာစေကြလို့ စိတ်ဖိစီးမှုကို လျော့ကျစေခြင်းသာမက စိတ်ကျရောဂါ Depression ဖြစ်ပွားမှုကိုလည်း လျော့နဲစေပြီးစိတ်အစဉ်မှာ သုခဆိုတဲ့ ချမ်းသာပီတိကို ရရှိကြပါတယ်။ အဲဒါဟာ တရားထိုင်ရင် ပိုထွက်လာတတ်တယ်လို့ University of Montreal မှ သိပ္ပံပညာရှင်များကပြောပါတယ်။ အဲဒါကြောင့်လဲ တရားထိုင်ရင် ပိုထွက်လေ့ရှိတဲ့ Serotonin ကို “Happy Neurotransmitter ” အဖြစ် သိပ္ပံ ပညာရှင်များက တင်စားကြပါတယ်။

အကြောင်းအရင်း (၂)
Serotonin အာနိသင်နဲ့ပြောင်းပြန်၊ ခန္ဓာကိုယ်ကိုဆိုးကျိုးအများစုရစေတတ်တဲ့Cortisol ဆိုတဲ့ ဓာတ်ပစ္စည်းတမျိုးရဲ့ သွေးထဲမှာ လှည့်ပတ်နှုန်း ဟာ လဲတရားထိုင် တရားမှတ်ခြင်းဖြင့် ၅၀ % လျော့ကျစေတ်ာလို့Rutgers Universityမှ ဆရာဝန်များကတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီ Cortisol များနေခြင်းဟာ အကြမ်းအားဖြင့် စိုးရိမ်ပူပန်မှုများ စေခြင်း ၊ စိန်ကျဝေဓနာခံစားရခြင်း ၊ သွေးတိုးခြင်း ၊ အိပ်မပျော်ခြင်းနဲ့ ကြွက်သားအရိုးအဆစ်များ ရောင်ရမ်းနာကျင်စေခြင်းများကို ဖြစ်လေ့ဖြစ်ထရှိစေပြီး နဂိုရှိပြီးသား အလားတူ ဝေဒနာ များကိုလည်း ပိုဆိုးစေပါတယ်။ အဲဒီ့ ဆိုးကျိုးဖြစ်စေတဲ့Cortisol. ဟာ တရားထိုင်၊တရားမှတ်ရင် ရက်သတ္တပတ်အနည်းငယ်အတွက်သိသိသာသာကျသွားစေတယ်လို့ ၂၀၁၃ ခုနှစ်မှာ University of California Davis မှ သုတေသနပညာရှင်တွေက ထပ်မံအတည်ပြုခဲ့ပါတယ်။

အကြောင်းအရင်း (၃)
တရားထိုင် ၊ တရားမှတ်ခြင်းဟာ “အသက်ရှည်ဆေး”တမျိုးပါဆိုတဲ့ ခေါတ်သစ် လေ့လာစမ်းသပ်ချက်တခုလဲ ရှိပါသေးတယ်။ DHEA ဆိုတဲ့ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ဟော်မုန်းတမျိုးဟာ အသက်ကြီးရင်လျော့ကျလာတတ်ပြီး အဲ့ဒီဟော်မုန်းနဲနေသူများ ဟာ အသက်ငယ်ငယ်ရွယ်ရွယ် သေဆုံး မှုတွေနဲ့ တိုက်ရိုက်ဆက်စပ်မှု ရှိတတ်ပါတယ်။ လူကြီးရောဂါများကို တိုက်ဖျက်ကုသနေတဲ့အမေရိကန်ဆရာဝန်များဘုတ်အဖွဲ့ ဥက္ကဌဟောင်းတဦးဖြစ်တဲ့ Dr. Vincent Giampapa ရဲ့ သုသေသနတခုမှာ တရားထိုင် ၊ တရားမှတ် ပုံမှန်လုပ်နေသူဟာ အဲ့ဒီ DHEA ဟော်မုန်း ၄၃ ၇၇%ပိုများတာကို တွေ့ရှိခဲ့ပါတယ်။

အကြောင်းအရင်း (၄)
“တရားထိုင်လေ့ရှိတဲ့သူတွေကို ကြည့်ရတာ အမြဲအေးချမ်းနေတာပါပဲ ” ဆိုတဲ့စကားသံ မှတ်ချက်သံတွေ သင် မကြာခဏ ကြားဘူးပါလိမ့်မယ်။မှန်ပါတယ် ။ ဆေးပညာ ရှုဒေါင့်ကနေ ကြည့်မယ်ဆိုရင် စိတ်လှုပ်ရှားလွယ်ခြင်း ၊ စိတ်ပူပန်မှုများခြင်း ၊ စိတ်အစဉ်ဂယောက်ဂယက်ဖြစ်ခြင်း၊ အိပ်မပျော်ခြင်းစသည်တို့ မဖြစ်ပဲ အမြဲအေးချမ်းတည်ငြိမ်နေခြင်းဟာဦးနှောက်နဲ့ ဗဟိုအာရုံကြောစနစ်ကြီးရဲ့ လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်သည်ထက် ပိုမလုပ်အောင် ထိန်ချုပ်တားဆီးထားတဲ့ GABA လို့်ခေါ်တဲ့ အာရုံကြော ဓာတုအရည်တခုကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒီလို အစွမ်းထက်တဲ့ GABA level ဟာတရားထိုင်တရားမှတ်ခြင်းနည်းနဲ့ မိနစ် ၆၀ လောက်လေ့ကျင့်လိုက်ရင်ကိုပဲ ၂၇%နကိလာတယ်လို့Boston University မှစိတ်ကျန်းမာရေး ဆရာဝန်များက ၂၀၁၀ ခုနှစ်မှာ တွေ့ရှိခဲ့ကြပါတယ်။အဲဒီ့ ကိန်းဂဏန်းဟာ ရိုးရိုး ခန္ဓာကိုယ်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းလုပ်တာထက် ပိုအကျိုးများစေတယ်လို့လဲပါရှိပါတယ်။

အကြောင်းအရင်း (၅)
တာဝေးပြေးသမားတွေ အစပိုင်းမှာ မောပန်းနွမ်းနယ်နေပြီး ၊ နောက်ပိုင်းတွေမှာ အမောလုံ ရုံမျှမက ချမ်းသာပီတိဖြစ်ပြီး၊ ကျေနပ်အားရနေကြတယ်ဆိုတာ ကြားဘူးကြမှာပါ။ အဲ့ဒီ ခံစားမှုကို Runners` High လို့ တင်စားပြောဆိုကြပါတယ်။အဲ့ဒီလို ခံစားမှုမျိုးဖြစ်ပြီး ခန္ဓာကိုယ်ကြွက်သား အရိုးအဆစ်နာကြင်မှုအပေါင်း သက်သာပျောက်ကင်းစေခြင်းဟာကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ ထွက်တဲ့ နာကျင်မှုပျောက်ကင်းစေတဲ့ Endorphin လို့ခေါ်တဲ့ အာရုံကြောဓာတုအရည်တမျိုးကြောင့်ပါ။ အဲဒီ့ Endorphin ဟာ တရားထိုင်ရင်လဲထွက်ပါတယ်။

ဗုဒ္ဓဘာသာမှာ သမထ ကျင့်ကြသူများဟာ ဝိတက် ၊ ဝိစာရ၊ ပီတိ ၊ သုခ ၊ ဧကက္ကတ၊ ဥပစာရစသည့် သမာဓိအဆင့်ဆင့်အနက် ပီတိ အဆင့်ရောက်လျှင် အဲဒီ့Endorphin ထွက်ပြီး ၊ဝိပသနာ ကျင့်ကြံအားထုတ်သူများ အတွက်တော့ ခဏိကသမာဓိ ရချိန်မှာ Endorphin ထွက်ကာနာကျင်မှုဝေဒနာများ ပျောက်ကင်းစေတဲ့ စိတ်ခံစားမှုကောင်းများ ရရှိတတ်ကြပါတယ်။ ဒီအချက်မှန်ကန်ကြောင်း ထောက်ခံမှုတရပ်ကတော့၁၉၉၅ ခုနှစ်ထုတ် Biology PsychologicalJournal မှာ ရေးသားခဲ့တဲ့ လေ့လာမှုတခုအရ မာရသွန် အပြေးသမား ၁၁ ဦးနဲ့ အလေ့အကျင့်ရပြီးသား တရားထိုင်သူ ၁၂ ဦးတို့ကို စမ်းသပ်ကြည့်ရာ အုပ်စု ၂ စုလုံး Endorphin level တွေတက်နေပြီး တရားထိုင်တဲ့ အုပ်စုက လူများဟာ ပိုမိုတက်နေကြောင်း တွေ့ရပါတယ်။ အဲဒီ့လောက်ရောဂါတွေကာကွယ်စေတဲ့ Melatonin ဟာ တရားထိုင် တရားမှတ်ခြင်းနဲ့ပိုပိုလျှံလျှံထွက်စေတယ်ဆိုတာ ကို Rutgers Universty. မှ သုသေသနပညာရှင်များဟာ တရားထိုင်သူများကို စမ်းသပ် သုသေသနပြုကြည့်ရာ တရားထိုင်သူများရဲ့. ၉၈% မှာ သာမန်လူများထက်၃၀၀%တက်နေတာကို တွေ့ရှိခဲ့ကြပါတယ်။
Source: mmcelesmedia
Health Products Directory

တီတင့်(၃၀-၆-၂၀၁၉)

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz