x

30.7.19

ပရိယတ်သမားနှင့် ပဋိပတ်သမား ၊ သညာတတ် နှင့် ပညာတတ်


မြတ်စွာဘုရားလက်ထက်တော်အချိန်အခါကသာဝတ္ထိမြို့မှာသူငယ်ချင်း၂-ယောက်ဘုရာ့တရားတော်ကို နာရ၍သာသနာ့ဘောင်သို့ ရောက်လာကြ၏၊ 
တစ်ပါးက တောထဲသို့ဝင်၍ ဝိပဿနာ အားထုတ်တော့သည်။ ကျန်တစ်ပါးကမူ “စာပေသင်ကြားပို့ချမှုဆိုတဲ့ ပရိယတ်သည် သာသနာတော်၏ အခြေခံ အုတ်မြစ်ဖြစ်၏၊ သူမရှိလျှင် သာသနာကွယ်မည်၊ အရင်းအမြစ် ဖြစ်၏၊ ထို့ကြောင့် ဂန္ထဓူရဆိုတဲ့ ပရိယတ်တာဝန်ကို ထမ်းဆောင်မည်”ဟုဆိုကာ ပိဋကတ်တွေကို သင်ယူသည်။
အစဉ်အတိုင်း သင်ယူလေ့ကျက်လာခဲ့ရာ တိပိဋကဓရ (ပိဋကတ်သုံးပုံဆောင်) ပုဂ္ဂိုလ်ကြီးအထိ ဖြစ်လာ၏၊ ရံဖန်ရံခါ ဓမ္မကထိကလည်း လုပ်သည်၊ ရဟန်းတပည့် (၅၀၀) ငါးရာခန့်အား စာပေချပို့၍နေ၏။တောထဲသို့ ၀င်၍ ဝိပဿနာဓူရဆိုတဲ့ ပဋိပတ်အလုပ်ကို အားထုတ်သော ရဟန်းသည် ပဋိသမ္ဘိဒါနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေ၏။
နောက်ထပ်နောက်ထပ် တောထဲသို့ ရောက်လာကြသော ရဟန်းတို့လည်း ရဟန်းကိစ္စပြီးကြ၏၊ ထို့နောက် ဇေတ၀န်ကျောင်းတော်သို့ ဘုရားဖူးရန် ပြန်ကြသောအခါ မှာလိုက်သည်။
“မြတ်စွာဘုရားကိုလည်းဖူးကြ၊ အသီတိသာဝကတို့ကိုလဲဖူးကြ၊ ငါ့သူငယ်ချင်းကြီးကိုလဲငါက ရှိခိုးလိုက်ပါ တယ် - လို့ လျှောက်ကြ” မှာလိုက်သည့်အတိုင်း ဆောင်ရွက်ကြသောအခါ-
“တပည့်တော်တို့ဆရာက အရှင်ဘုရားကို ရှိခိုးလိုက်ပါတယ်” ဟု တစ်ပါးပြီးတစ်ပါး လျှောက်ကြသည်။
ထိုစကားရပ်တွင် “တပည့်တော်တို့ဆရာ တပည့်တော်တို့ဆရာ” ဆိုသော စကားလုံးကို သူနားကြားပြင်း ကတ်၏။
“ဘာဆရာတဲ့လဲ၊ ဘာတတ်လို့လဲ၊ ဘာပို့ချနိုင်လို့လဲ၊ နိကာယ် ငါးရပ်ထဲက ဘယ်နိကာယ် ဘယ်သုတ်တော်ကို သူ ရသတဲ့လဲ၊ ပိဋကတ်သုံးပုံထဲကရော ဘယ်အပုံ နားလည်လို့လဲ၊ စာ ၄-ကြောင်း မျှသာရှိတဲ့ဂါထာကလေး တစ်ပုဒ်ကိုတောင်နားမလည်တဲ့သူ၊ အလကား” ဟူ၍စိတ်ထဲက ရေရွတ်နေမိ ပါသတဲ့။
ထို့အပြင်လည်း“ရဟန်းဖြစ်ပြီးကတည်းက တောထဲဝင်၊ ပံသုကူသင်္ကန်း အနွမ်းအစုတ်ကြီးနဲ့ သပိတ် ဟောင်းကြီး လွယ်နေတဲ့သူ၊ ဘာသင်ချိန်ရှိလို့လဲ၊ ဒီအထဲက တပည့်ပရိသတ်တွေ မွေးသေးတယ်၊ ထွီ…… တွေ့တဲ့အခါကျမှ ပိဋကတ်တွေ မေး-မေးပြီး နှိပ်စက်လိုက်ရအုံးမယ်” ဟု တေးထားပါသတဲ့။
ထို့နောက်မကြာခင်ပင် တောနေရဟန်းသည် မြတ်စွာဘုရားရှိတော်မူရာ ဇေတ၀န်ကျောင်းတိုက်သို့ ရောက် လာ၏။ 
သူငယ်ချင်းကြီးက-
“ကဲ… အခွင့်ကောင်းတော့ဆိုက်လာပြီ၊ ပိဋကတ်အမေးပုစ္ဆာတွေနဲ့ မေး- မေးပြီးတော့နှိပ်စက်လိုက်အုံးမယ်” ဟု ကြံကာ အသင့်ဟန်ပြင် နေပါလေသတဲ့။
ထိုအခြေအနေကို မြတ်စွာဘုရားက သိတော်မူ၍ ချက်ခြင်းရောက်လာ၏၊ မြတ်စွာဘုရားကပင် စတင်ပြီး မြို့နေ ပရိယတ်ကိုယ်တော်အား ပထမဈာန်နှင့်ပတ်သက်၍ မေး၏၊ မဖြေနိုင်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန် တို့၌လည်း မဖြေနိုင်၊ ဤနည်းအားဖြင့် သမာပတ်ရှစ်ပါးလုံးတို့၌ပင် မဖြေနိုင်။
ထို့နောက် တောနေ ပဋိပတ်ကိုယ်တော်အားလှည့်၍ မေးတော်မူ၏၊ မေးတိုင်း ဖြေဆိုနိုင်လေသည်။
တစ်ဖန် မြို့နေ ပရိယတ်ကိုယ်တော်အား သောတာပတ္တိမဂ်နှင့် ပတ်သက်၍ မေးပြန်၏၊ မဖြေနိုင်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ်တို့၌လည်း မဖြေနိုင်။
ထို့နောက် တောနေရဟန်းကို လှည့်၍ မေးသောအခါတွင်ကား မေးတိုင်း မေးတိုင်း ဖြေဆိုနိုင်လေသည်၊
ထိုအခါ မြတ်စွာဘုရားက “သာဓု သာဓု သာဓု” ဟူ၍ သုံးကြိမ်ခေါ်ကာ ကောင်းချီးပေးလေသည်။
ဤသို့ ပြုလုပ်သည်ကို မြို့နေကိုယ်တော်၏ တပည့်များစွာကဘုရားကို မကျေနပ်ကြ၊ ကဲ့ရဲ့ကြမဲ့ရွဲ့ကြသည်။
“ဘယ့်နှယ်….. မြတ်စွာဘုရားကလဲ ဘယ်လိုကြီး လုပ်တာတုံး၊ ပိဋကတ်ဆိုလို့ ဘာတစ်လုံးတလေမှ နားမလည်တဲ့ (သင်္ကန်း နွမ်းနွမ်း ဟောင်းဟောင်းကြီးနဲ့) တောကျောင်းကိုယ်တော်ကြီးကို ချီးမွမ်းခန်း ဖွင့်နေတယ်။
တကယ်ဆိုတော့ တို့ဆရာကြီးကမှ ပိဋကတ်သုံးပုံဆောင်၊ စာတတ်ပေတတ်၊ရဟန်း (၅၀၀)တို့ရဲ့ ပါမောက္ခ၊ ဒါကျတော့ နည်းနည်းကလေးမျှ ချီးမွမ်းဖော် မရဘူး”
ဟု ကဲ့ရဲ့ကြ အပြစ်တင်ကြပါသတတ်၊ ဤသည်ကား တပည့်ရဟန်းတို့၏ မကျေနပ်ချက်များ ဖြစ်ကြသည်၊ အကယ်၍များ မြို့နေကိုယ်တော်က ဘုရားကို အပြစ်တင်လျှင်လည်း-
“မင့်ဟာက သညာတတ်၊ သူကမှ ပညာတတ်” ဟု မိန့်မြွက်တော်မူမည်သာ။
မှတ်ချက်။ ။ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ အာဘောဂအလိုဆန္ဒတော်မှာ ဤသို့ဖြစ်ပါသတတ်၊ ရဟန်းတို့ကိစ္စ ပြီးစီးနေသော တောနေရဟန်းကို ပုထုဇဉ်မျှသာ ဖြစ်သေးတဲ့ မြို့နေရဟန်းက မေးခွန်း ပုစ္ဆာတွေ မေး-မေးပြီး နှိပ်စက်နေလျှင် သူသည်ပင် အဝီစိဆင်းရပေလိမ့်မည်၊ ထိုသို့ မဆင်းရအောင်၊ သူ့ကို ငဲ့ညှာသောအားဖြင့် ဤသို့ ကြားဝင်လိုက်ခြင်း ဖြစ်သည်ဟူ၏။
(တစ်ဘ၀သာသနာမှ ကူးယူမျှဝေပါသည်)
မေတ္တာဖြင့်
တီတင့် (၃၀-၇-၂၀၁၉)

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz