x

1.10.19

ဘလော့ဂါတို့နဲ့ တိမ်ခြွေမိုး-



ဘလော့ဂါ နှင်း(မာယာ)ရဲ့ ‘တိမ်ခြွေမိုး’ စာအုပ်မိတ်ဆက်ပွဲလေး မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပြီးသွားခဲ့ပြီ၊ မထင်မှတ်ပဲ စနိုးလေးက ကျွန်မကို ဘလော့ဂါတို့ကိုယ်စား မုဒိတာစကားလေး ပြောစေခဲ့တယ်၊ ကျွန်မအတွက် ပြောင်းလဲလို့ မရတဲ့ အချက်တချက်ကတော့ ကျွန်မရင်းနှီးတဲ့ ဘလော့ဂါတွေကို သူတို့ရဲ့ဘလော့နာမည်တွေနဲ့ ဆက်နွယ်ပြီး ပထမဦးဆုံးခေါ်ဖြစ်တဲ့ နာမည်တွေဟာ ကျွန်မအတွက် ပြန်ပြင်လို့မရလောက်အောင် ရင်ထဲစွဲနေတဲ့ နာမည်တွေ ဆိုရင်လည်းမမှားပါဘူး။ နှင်း(မာယာ)ကို ကျွန်မက စနိုးလေးလို့ စခေါ်ခဲ့ချိန်ကစလို့ အခုချိန်ထိ တခြားအမည် တစ်ခု ပြောင်းခေါ်လို့မရခဲ့။
နောက်တချက်က စာအုပ်မိတ်ဆက်ပွဲတွေမှာ အမြဲဆုံဖြစ်တဲ့ ဝါရင့် ဆရာသမားများရဲ့ မုဒိတာစကားတွေကို အားကျလေးစားမိတယ်၊ ကျွန်မ မုဒိတာစကားပြောတဲ့အခါတိုင်း ပြင်ဆင်မှုမရှိပဲ လျှပ်တစ်ပြက်ပြောရတာမို့ အမှားအယွင်းတွေကတော့ အကြိမ်တိုင်းလိုလို ပါနေတတ်ပါတယ်၊ ဥပမာ- မနေ့က ကျွန်မပြောသွားတဲ့ စကားထဲမှာ ၂၀၁၉ ခုနှစ် မတ်လက ထုတ်ခဲ့တဲ့ Feeling-92 ကို မနှစ်ကထုတ်ခဲ့တဲ့ စာအုပ်ရယ်လို့ မှားပြောတာမျိုး။ စကားကျွံသွားပြီးမှသိလိုက်ရတာမျိုး၊ ဒါပေမယ့်လည်း ကျွန်မကို ချစ်ခင်လို့ ဘလော့ဂါတွေက စာအုပ် မိတ်ဆက်ပွဲမှာ ပြောစေခဲ့တာကို ၀မ်းသာစွာနဲ့ပဲ ကျေးဇူးအများကြီးတင်မိပါတယ်။
တိမ်ခြွေမိုးအကြောင်းပြုလို့ သူငယ်ချင်း APK နဲ့ဆုံဖြစ်
ကျွန်မအတွက် အခက်အခဲ ဖြစ်နေတာကတော့ ကျွန်မနဲ့ ရင်းနှီးပြီးတဲ့ ဘလော့ဂါတွေကို တစ်ကြိမ်တစ်ခါမှ ဆရာ ဆရာမလို့ မခေါ်ဖြစ်ခဲ့ဘူး။ အဲ့ဒီလို ခေါ်ဘို့ရာ တွေးရုံနဲ့တင် စိတ်ထဲမှာ တံတိုင်းကြီး ခြားသွားသလို ခံစားမိတာအမှန်။ ချွင်းချက် အနေနဲ့ကတော့ ပထမဆုံးအကြိမ် တွေ့ပြီး နှုတ်ကနေ ဆရာတပ်ခေါ်မိသူတွေ ရှိပါတယ်၊ ဥပမာ လင်းသူရိယနွယ်ကို ပထမဆုံး နှုတ်ဆက်ချိန်က ‘ဆရာလင်း’ လို့ခေါ်ခဲ့တာမို့ အခုချိန်လည်း မပြောင်းမလဲ ဆရာလင်းပါပဲ။ ဦးဟန်ကြည်ကို ‘ဆရာဟန်’ အဲ့ဒီလိုပါ။
မြစ်ကျိုးအင်းကို ‘မောင်မြစ်’၊ ဏီလင်းညိုကို ‘မောင်ဏီ’၊ သတိုးကို ‘သတိုး’ စသဖြင့် ပထမဆုံး အကြိမ် စခေါ်ကထဲက နာမည်တွေဟာ ကျွန်မရဲ့ ရင်ထဲမှာသံမှိုလိုစွဲနေခဲ့တယ်။ အမျိုးသားစာပေဆုရတွေ ဖြစ်သွားလို့ လူကြားသူကြား အော်ဟစ်နှုတ်ဆက်မိတဲ့ အခါမှာလည်း ရင်ထဲကနေပေါ်လာတဲ့ ရင်းနှီးမှု အပေါ် အခြေခံပြီး ပုံမှန်အတိုင်း ခေါ်နေမိခြင်းဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ဘလော့ဂါတွေကလည်း သူတို့ဘယ်လို အခြေအနေ ပြောင်းလဲမြင့်တက်သွားစေအုံးတော့ အရင်အတိုင်း ကျွန်မအပေါ် မပြောင်းမလဲ ခင်မင်နေဆဲမို့၊ ၀မ်းသာကျေနပ် ပီတိဖြစ်မိပါရဲ့။
‘တိမ်ခြွေမိုး’ စာအုပ်မိတ်ဆက်ပွဲပြီးချိန်မှာ အမှတ်တရ မှတ်တမ်းပုံတွေ ရိုက်ကြတယ်၊ နောက်ဆုံးတော့ အချိန်ပေးနိုင်တဲ့ ဘလော့ဂါတို့ အစဉ်အလာမပျက် ‘ဒို့အကြိုက်’ မှာကိုယ့်အကြိုက် စားကြ ပြောကြနဲ့ စနိုးလေးက အပြန်လှည့်ဝင်လာမယ်ဆိုလို့ စောင့်ရင်း အချိန်တွေကို လစ်လျူရှုလိုက်ကြတယ်။ စာအုပ်မိတ်ဆက်ပွဲကြောင့် အချိန်လုပြီး အရောက်လာခဲ့တဲ့ စနိုးလေးမှာ ပွဲဆက်တွေရှိနေတာကို သိပေမယ့်လည်း နည်းနည်းတော့ မျှော်မိသေးတယ်။
တိမ်ခြွေမိုးအကြောင်းပြုလို့ ဘလော့ဂါတို့နဲ့ဆုံကြပြီ
အခုချိန်မှာ ဘလော့ဂါ အတော်များများ အွန်လိုင်းမီဒီယာကနေ ပုံနှိပ်မီဒီယာအဖြစ် ပြောင်းလဲသွားကြတဲ့တိုင် မပြောင်းမလဲ ခိုင်ခိုင်မြဲမြဲ သူတို့ကိုယ်သူတို့ ခံယူထားတာကတော့ ‘ဘလော့ဂါတစ်ယောက်’ အဖြစ် ဆက်လက် ခံယူထားကြတာ သူတို့နှုတ်ကနေ ထွက်အံလာတဲ့ စကားလုံးတိုင်းက သက်သေခံလျှက် ရှိပါတယ်၊ ဘာဖြစ်ဖြစ် ဒီလိုအခိုက်အတန့်မှာ အတိုင်းအဆမဲ့ ရင်ထဲက ပီတိတွေဟာ မရပ်မနား စီးဆင်းလို့သာ နေပါတော့တယ်။
ဘလော့ဂါတို့ရေ နောက်တစ်ခေါက်ဆုံဆည်းပွဲလေး ရှိသေးတယ်လို့ သတင်းရထားသေးတယ် ဒါပေမယ့် မမေးနဲ့မဖြေဘူး ^_^

တီတင့် (၃၀-၉-၂၀၁၉)

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz