x

5.11.19

'သံယောဇဉ်' တရားတော်နဲ့ 'ထာဝရနှောင်ကြိုး'


တစ်ပတ်မှာ တနင်္ဂနွေတစ်ရက်ကတော့ ကျွန်မရဲ့ကိုယ်ပိုင်အချိန် ဖြစ်တာကြောင့် အဲ့ဒီတစ်ရက်မှာ သာရေးနာရေး လူမှုရေးတွေကို အကွက်ချပြီး ကျွန်မတို့ လင်မယားနှစ်ယောက် လှုပ်ရှားရပါတယ်၊ မသွားမဖြစ်သွားရမည့် နေရာမျိုးတွေ အချိန်တိုက်နေခဲ့ရင် လူခွဲပြီး သွားကြလေ့ရှိတယ်။ အဆင်ပြေအောင် စီစဉ်နေတဲ့ကြားကနေ လူမှုရေး ပျက်ကွက်တာလေးတွေလည်း တစစနဲ့ ပိုလို့များလာပါတယ်။

အောက်တိုဘာလ ၂၇ရက်နေ့က အင်ဂျင်နီယာသူငယ်ချင်းတစ်ယောက်က သူ့ရဲ့မိခင်ကြီး (၇)နှစ်ပြည့်အတွက် ရွှေမြင့်မိုရ် ဝိပဿနာကျောင်းတိုက်မှာ နေ့ဆွမ်းကပ်မှာမို့ တရားနာကြွခဲ့ဘို့ဖိတ်တယ်။ အဲ့ဒီ တနင်္ဂနွေနေ့ဟာ ကျွန်မအတွက် အားလပ်တဲ့ တနင်္ဂနွေဖြစ်တာကြောင့် မဆိုင်းမတွပဲ တရားနာဘို့ လာမယ်လို့ အဖြေပေးခဲ့တယ်။ တချိန်က ကျွန်မ မကြာခဏ (၁၀)ရက် တရားစခန်းဝင်ခဲ့ဘူးတဲ့ ရိပ်သာဖြစ်တာကြောင့်လည်း သံယောဇဉ်ကြိုးက ရုန်းမထွက်နိုင်အောင် ချည်နှောင်ပြီးသား အနေအထား ဖြစ်သွားတယ်။

အဲ့ဒီနေ့က ရွှေမြင့်မိုရ်ဆရာတော်က ‘သံယောဇဉ်အကြောင်း’တရားတော်ကို ဟောခဲ့တော့ အိမ်ပြန်ရောက်တာနဲ့ ပို့စ်တစ်ပုဒ်ကောက်ရေးဘို့တွေးမိတယ်။ ကိုးပါးသီလကလည်း ခံယူထားတော့ ပို့စ်မရေးဖြစ်တော့ပဲ တရားအလုပ်ပဲ လုပ်ဖြစ်တယ်။ အသက်ရလာကာမှ ကျွန်မအတွက်တစ်ရက်ပြီးတစ်ရက် ဖြတ်သန်းနေတာ အချိန်တွေပိုမြန်လာသလိုပဲ။ နောက်မှလုပ်မယ်ဆိုတဲ့ အလုပ်တွေအတွက် အချိန်ပိုကလည်း ရှာရခက်သထက် ခက်လာတယ်။

နိုဝင်ဘာလ ၃ရက်နေ့မှာ အပတ်စဉ်(၆၃) ဇနီးများအဖွဲ့နဲ့အတူ ကထိန်အလှူတစ်ခု ပြီးမြောက်အောင်မြင်ခဲ့ပြီးနောက် ကိုယ်စီ ကိုယ်စီ အိမ်ပြန်ချိန်မှာတော့ အချိန်ရတဲ့သူငယ်ချင်းများနဲ့အတူ လူအပြောများတဲ့ ‘ထာဝရ နှောင်ကြိုး’ ကို ၀င်တိုးဖြစ်ခဲ့တယ်၊ ဇာတ်လမ်းလေးကတော့ ကလေးဘ၀မှာ ကြုံတွေ့ခဲ့ရတဲ့ အထိတ်တလန့်ကြောင့် စိတ်ဒဏ်ရာ ရသွားခဲ့တဲ့ ပညာပေးဇာတ်လမ်းလေး၊ သံယောဇဉ်ကြီးမားလွန်းတဲ့ အိမ်ထောင်ရေး အလွမ်းဇာတ်လမ်းတစ်ပုဒ် လို့ ကျွန်မယူဆမိတယ်။

ထူးခြားချက်က ဇာတ်လမ်းအစကနေ အဆုံးထိ ပရိသတ်ကို ပျင်းချိန်တစ်ချိန်မှ မရှိစေခဲ့ဘူး။ ကျွန်မရဲ့ ဝဲ၊ ယာ ဘက်တို့ကို တစေ့တစောင်း ချောင်းကြည့်တော့ ဇာတ်ကားအပေါ်မှာပဲ မမှိတ် မသုံ အာရုံစိုက်နေကြတာ မြင်ရတယ်။ နောက်ခံရှုခင်း နောက်ခံတီးလုံးတွေကို သဘောကျသလို ထူးခြားချက်လေးတွေ အများကြီး တွေ့ရတယ်၊ ဇာတ်ဝင်ခန်းတိုင်းမှာ ခင်းကျင်းပြသထားတဲ့ ပစ္စည်းထားသိုပုံရယ် မင်းသား မင်းသမီးတို့ တစ်ဦးနဲ့တစ်ဦး ပြောဆိုနှုတ်ဆက်ပုံလေးတွေက လုပ်ယူရတဲ့ ဟန်အမူအယာ အလျဉ်းမပါတဲ့ ပေါ့ပေါ့ပါးပါး သဏ္ဍာန်မျိုးမို့လည်း ပိုပြီးသဘောကျမိတယ်။

‘ထာဝရနှောင်ကြိုး’ ဇာတ်လမ်းနဲ့ဆက်စပ်ပြီး အိမ်ပြန်လာတဲ့ လမ်းမှာ ဒီတစ်ရက် နှစ်ရက်အတွင်း ‘သံယောဇဉ်’ တရားတော်ကို မဖြစ်မနေပို့စ်ရေးတင်မယ်ဆိုတဲ့အကြောင်း ထပ်တွေးခဲ့ပြန်တယ်။ ရွှေမြင့်မိုရ်ဆရာတော်ရဲ့ ‘သံယောဇဉ်’ တရားတော်ကို တွေးနေချိန်မှာပဲ သစ္စာရွှေစည်ဆရာတော်ရဲ့ ‘သံယောဇဉ်’ တရားတော်ကို သတိရသွားတယ်။ အဲ့ဒီတရားတော်ကို နာခဲ့စဉ်အချိန်ကလည်း စိတ်ကသာရေးချင်စိတ် ရှိနေခဲ့ပေမယ့် လက်တွေ့မှာတော့ မရေးဖြစ်ခဲ့ပြန်ဘူး။ ဆရာတော်များ ဟောကြားတော်မူတဲ့ တရားတော်များဟာ တစ်ကြိမ်ထက် တစ်ကြိမ် ပိုမိုပြီး သဘောပေါက် နားလည်လာတာကြောင့် တရားတော်များကို နာပြီးရင်း နာချင်ရင်း ဖြစ်လာပါတယ်။

‘သံယောဇဉ်’ တရားတော်ရဲ့အဓိပ္ပါယ်ဟာ နှောင်ဖွဲ့ခြင်းပါ၊ ‘ချည်နှောင်ထားတဲ့ သံ၊ ကြိုး၊ သစ်သားနဲ့လုပ်ထားတဲ့ အနှောင်အဖွဲ့တွေဟာ ခိုင်မြဲတဲ့အနှောင်အဖွဲ့လို့ ဉာဏ်ရှိသူများက မဆိုကြပေ’ လို့ မြတ်စွာဘုရားက ဟောကြားတော်မူခဲ့ပြီး မိသားစုအချင်းချင်း ဆွေမျိုးအချင်းချင်း နှောင်ဖွဲ့ထားခြင်းမျိုးသာလျှင် ဖြတ်တောက်ရန်ခက်ပြီး စစ်မှန်တဲ့ အနှောင်အဖွဲ့မျိုးဖြစ်တယ်လို့ ဟောကြားတော်မူသတဲ့။

လူ့သံယောဇဉ်ကို မစွန့်လွှတ်ပါပဲလျှက် ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကို မရောက်နိုင်သလို၊ နိဗ္ဗာန်သို့ ဖေါက်ထွက်ခွင့်မရအောင်လည်း သတ္တဝါတို့အား တုပ်နှောင် ဖွဲ့ချည်ထားတတ်သော သံယောဇဉ်ကြိုး ဆယ်ချောင်းရှိပါတယ်။ ဝိပဿနာအလုပ်ကို လုပ်နေချိန်မှာ လူ့သံယောဇဉ်ကို စွန့်နေချိန်ဖြစ်သလို ဒေါသ လောဘ မောဟတို့လည်း ချုပ်နေချိန်ဖြစ်ပါတယ်။တစ်နည်းအားဖြင့် ဆိုရလျှင် တရားရှုမှတ်နေရင်း ဖြစ်ပျက် မြင်နေချိန်ဟာ သံယောဇဉ်အားစွန့်နေချိန်ပင်ဖြစ်ပါတယ်။

၁။ ကာမ သံယောဇဉ်
၂။ ဘ၀ သံယောဇဉ်
၃။ ပဋိဃ သံယောဇဉ်
၎။ မာန သံယောဇဉ်
၅။ ဒိဋ္ဌိ သံယောဇဉ်
၆။ ၀ိစိကိစ္ဆာ သံယောဇဉ်
၇။ သီလဗ္ဗတ သံယောဇဉ်
၈။ ဣဿာ သံယောဇဉ်
၉။ မစ္ဆရိယ သံယောဇဉ်
၁၀။ အ၀ိဇ္ဇာ သံယောဇဉ်

သံယောဇဉ် ဆယ်ပါး-လင်္ကာ

(၁)အာရုံငါးဝ၊ တပ်စွဲက၊ ကာမ သံယောဇဉ်။
(၂)သုံးပါးဘ၀၊ တပ်စွဲက၊ ဘ၀ သံယောဇဉ်။
(၃)အမျက် ဒေါသ၊ စိတ်ဆိုးက၊ ပဋိဃ သံယောဇဉ်။
(၄)ကိုယ်သာတော်လှ၊ ထင်မှတ်က၊ မာန သံယောဇဉ်။
(၅)ရုပ်နာမ်ကိုပဲ၊ ငါကောင်စွဲ၊ ယူလွဲဒိဋ္ဌိပင်။
(၆)တရားမှန်တွင်၊ မယုံချင်၍၊ ဆင်ခြင်နှိုင်းညှိ၊ ဝေဖန်ကြည့်၊ ၀ိစိကိစ္ဆာပင်။
(၇)နွားခွေးတူစွာ၊ ကျင့်တာကောင်းမြတ်၊ ယူစွဲမှတ်၊ သီလဗ္ဗတပင်။
(၈)ကိုယ်ထက်သူများ၊ ကောင်းစားသည်ကို၊ မနာလို၊ ခေါ်ဆို ဣဿာပင်။
(၉)ကိုယ်လိုသူများ၊ ကောင်းစားမည်မှ၊ ၀န်တိုက၊ မစ္ဆရိယပင်။
(၁၀) သစ္စာလေးတန်၊ ပြောင်းပြန်ထင်ကာ၊ မသိတာ၊ အ၀ိဇ္ဇာ သံယောဇဉ်။

(သံယောဇဉ်ဆယ်ပါး လင်္ကာအား ဓမ္မပန်းခင်းမှ ကူးယူမျှဝေပါသည်)

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

တီတင့် (၅-၁၁-၂၀၁၉)

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz