x

9.12.19

ဓာတ်ပုံတစ်ပုံမှ ပို့စ်တစ်ပုဒ်


ဘလော့ထဲမှာ ပို့စ်တွေမတင်ဖြစ်တာလည်းကြာပေါ့၊ အကြောင်းပြချက်တွေသာ ချပြရရင် ကုန်သွားမယ် မထင်၊ အလုပ်တွေကဇယ်ဆက် အလုပ်ပိတ်ရက်က မတောင်းသာလှ၊ ပိတ်ရက်လေးတွေလည်း ကုန်မှန်းမသိကုန်သွား၊ လူမှုရေးတွေက ဒလစပ် သာရေး နာရေးအပြင် မဆီမဆိုင်တဲ့ အရေးတွေလည်းဝင်ပါရနဲ့ မိုးခဏခဏလင်းသလို မိုးခဏခဏချုပ်ရင်း အသက်ကမရပ်မနား ကြီးလို့သာလာနေတယ်။
ဆရာတော်ဆုံးမခဲ့တဲ့ “အမှုမများ စကားသိမ်းဆည်း စောင့်စည်းအိနြေ္ဒ အိပ်နေနိုးကြား အစားမကြီး တစ်ယောက်တည်းနေ ဤခြောက်ထွေ ကျင့်လေယောဂီများ’ ဆိုတာလေးကို ပြန်သတိရ တမ်းတမိပြန်။
တစ်နေ့က နံပါတ် (၃) ညီမ အိမ်ကိုရောက်လာတော့ ဓာတ်ပုံထုပ်တစ်ထုပ် ပါလာတယ်၊ မနှစ်က ကွယ်လွန်ခဲ့တဲ့ မိခင်ရဲ့ပုံကို မကြာခဏကြည့်မိသလို ကြည့်မိတိုင်းလည်း ငိုနေမိတယ်တဲ့။ ဒါကြောင့် ဓာတ်ပုံထုပ်ကို ကျွန်မယူပြီး အယ်လ်ဘန်မှာထည့်ပြီး သိမ်းပေးထားမယ်လို့ ညီမကိုပြောလိုက်တယ်။
ညီမလေး ပြန်သွားတော့ ဓာတ်ပုံတွေကို တစ်ပုံချင်း ကျွန်မကြည့်ရင်း မှတ်မှတ်ရရ လွန်ခဲ့တဲ့ (၄၇) နှစ်၊ ရက် တိတိကျကျဆိုရင် ၁၀-၁၂-၁၉၇၂ ခုနှစ်က ကျိုက်ထီးရိုး တောင်ပေါ်ကအဆင်း ရေမြောင်ကြီးမှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးကို မြင်လိုက်တယ်။ အဲ့ဒီအချိန်က ဗိုလ်လောင်းသင်တန်း တက်နေတဲ့ကျွန်မရဲ့ အစ်ကိုကြီးနဲ့ ဆက်နွယ်ပြီး မိသားစု ၃-စု ရင်းနှီး ချစ်ခင်ခဲ့ကြပြီး ကျိုက်ထီးရိုး ဘုရားဖူးထွက်ခဲ့ကြတယ်။
ဒီပုံလေးထဲမှာ အချိန်မတန်သေးပဲ ငယ်ရွယ်စဉ်အချိန်မှာတင် သေချင်းတရားနဲ့စောစီးစွာ ရင်ဆိုင်သွားရတဲ့ ခင်မင်ခဲ့ရတဲ့ အသိမိတ်ဆွေတွေအကြောင်း တွေးမိရင်း အရာရာတို့သည် အနတ္တသဘောတရားဆိုတာကို ဆင်ခြင်နေမိတယ်။


တီတင့် (၇-၁၂-၂၀၁၉)

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz