x

2.11.20


ဒီကနေ့ နိုဝင်ဘာလ ၂-ရက်နေ့ဟာ ကျွန်မတို့ ဇနီးမောင်နှံအတွက် (၃၈)နှစ်မြောက် မင်္ဂလာနှစ်ပတ်လည် ရက်တစ်ရက်ဖြစ်ပါတယ်၊ အရင်ကတင်ဘူးခဲ့တဲ့ အမှတ်တရပို့စ်လေး မျှဝေလိုက်ပါတယ်။ အိမ်ထောင်ရေးမှာ အတွဲအားဖြင့် လေးတွဲရှိပါတယ်- 

 ၁။ လူသေယောက်ျားနှင့် လူသေမိန်းမအတွဲ- ယောက်ျားဖြစ်သူက သီလမရှိဘူး၊ ကိုယ်ကျင့်တရားမကောင်းဘူး၊ သဒ္ဓါတရားမရှိသလို မိန်းမဖြစ်သူကလည်း သီလမရှိ၊ ကိုယ်ကျင့်တရား မကောင်း၊ သဒ္ဓါတရားမရှိတဲ့ ဇနီးမောင်နှံအတွဲကို လူသေယောက်ျားနှင့် လူသေမိန်းမ အတွဲလို့ ဆိုလိုပါတယ်။ 

၂။ နတ်သမီးမိန်းမနှင့် လူသေယောက်ျားအတွဲ- မိန်းမကသီလရှိတယ်။ကိုယ်ကျင့်တရားကောင်းတယ်။သဒ္ဓါတရားကောင်းတယ်။ သမာဓိရှိတယ်။ ပညာရှိတယ်။ ဒါပေမယ့် ယောက်ျားဖြစ်သူကသီလမရှိဘူး၊ ကိုယ်ကျင့်တရားမကောင်းဘူး၊ သဒ္ဓါတရားမွဲတယ်။ သမာဓိမရှိဘူး၊ ပညာဆိုတာလည်း မရှိဘူးဆိုရင် နတ်သမီးမိန်းမနှင့် လူသေယောက်ျားအတွဲဖြစ်ပါတယ်။ အတွဲမညီပါဘူး။ ပထမအတွဲကလည်း မကောင်းတဲ့အတွဲဖြစ်ပါတယ်။ 

 ၃။ နတ်သားယောက်ျားနှင့် လူသေမိန်းမအတွဲ- ယောင်္ကျားဘက်က ကောင်းတယ်။ သီလရှိတယ်။ ကိုယ်ကျင့်တရားကောင်းတယ်။ သဒ္ဓါတရားကောင်းတယ်။ သမာဓိ ကောင်းတယ်။ ပညာရှိတယ်။ ဒါကိုနတ်သားနဲ့တူတယ်လို့ ဆိုတာပါ။ မိန်းမလုပ်သူက သီလမရှိဘူး၊ ကိုယ်ကျင့်တရား မကောင်းဘူး။ သမာဓိမရှိဘူး၊ ပညာမဲ့တယ်။ ဒီလိုအတွဲမျိုးကလည်း အတွဲမညီပြန်ပါဘူး။ ဒီအတွဲကို ယောက်ျားဘက်က ကောင်းပြီးမိန်းမဘက်က မကောင်းလို့ နတ်သားယောက်ျားနှင့် လူသေမိန်းမ အတွဲလို့ဆိုတာပါ။ 

၄။ နတ်သားယောက်ျားနှင့် နတ်သမီးမိန်းမအတွဲ- ဒီအတွဲကတော့ အကောင်းဆုံးအတွဲပဲ။ ယောက်ျားကလည်း သီလရှိတယ်။ ကိုယ်ကျင့်တရား ကောင်းတယ်။ သမာဓိရှိတယ်။ ပညာရှိတယ်။ သဒ္ဓါတရားရှိသလို၊ မိန်းမဖြစ်သူကလည်း သီလရှိတယ်။ ကိုယ်ကျင့်တရား ကောင်းတယ်။ သမာဓိရှိတယ်။ ပညာရှိတယ်။ သဒ္ဓါတရားရှိတယ်။ အလွန်ကောင်းမွန်ပြီး လူတိုင်းလူတိုင်း စံနမူနာ ယူပြီး လိုက်နာကျင့်သုံးအပ်တဲ့ အတွဲဖြစ်ပါတယ်။ အတွဲညီညီနဲ့ကောင်းတဲ့သူ အချင်းချင်း၊ သူတော်ကောင်း အဖြစ်ဖြင့် ကောင်းတဲ့အကျင့်တွေကို ကျင့်ပြီးတော့ မေတ္တာ၊ ကရုဏာတွေ နားလည်မှုတွေ ထားပြီး ပေါင်းသင်းမယ် ဆိုရင် အိမ်ထောင်ရေးဟာ မသာယာဖွယ် မရှိပါဘူး။ သာယာမှာပါ။

မြတ်စွာဘုရား ဘဂ္ဂတိုင်း သံသုမာရဂိရိဆိုတဲ့မြို့မှာ သီးတင်းသုံးတော် မူနေတဲ့အခါ အဲဒီမြို့မှာမြတ်စွာဘုရားရှင်ကို သားအရင်းကဲ့သို့ ချစ်မြတ်နိုးကြတဲ့ နကုလပိတာနဲ့ နကုလမာတာဆိုတဲ့ ဒကာကြီး ဒကာမကြီးဆိုတာရှိပါတယ်။ မြတ်စွာဘုရားကို ပထမဆုံး တွေ့ဆုံချိန်မှာပင် သောတာပန်များ ဖြစ်ခဲ့တာပါ။ မြတ်စွာဘုရားရှင်နှင့် ဘဝများစွာ အမျိုးတော်စပ်ခဲ့တာ၊ ဘဝများစွာအတူနေခဲ့ကြရသောကြောင့် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးနဲ့အလွန်ပင် အကျွမ်းဝင်သောကြောင့် အကျွမ်းဝင်တဲ့နေရာမှာ ဧတဒဂ်အရာဖြင့် မြှောက်စားခံရတဲ့ ဒကာကြီးနဲ့ဒကာမကြီး ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင် မြို့ထဲကိုဆွမ်းခံကြွတော့ ထိုဒကာကြီး၊ ဒကာမကြီးအိမ်ကိုလည်း ကြွပါတယ်။ ခင်းထားတဲ့ နေရာမြတ်မှာ မြတ်စွာဘုရားရှင် ထိုင်တော်မူနေတုန်း ဒကာကြီးနဲ့ ဒကာမကြီးက ရိုသေစွာ ရှိခိုးပါတယ်။ အဲဒီအခါမှာ နကုလပိတာဆိုတဲ့ ဒကာကြီးက လျှောက်ထားတယ်။ မြတ်စွာဘုရားရှင် တပည့်တော်မှာ ဟောဒီ နကုလမာတာ ဒကာမကြီးကို ငယ်ငယ်ရွယ်ရွယ်တည်းက ထိမ်းမြားပြီး ပေါင်းသင်းခဲ့တာ ဖြစ်ပါတယ်ဘုရား။ တပည့်တော်ဟာ နကုလမာတာကို ထိမ်းမြားသောအခါမှ စ၍ အခြား သူတစ်ယောက်ကို ကိုယ်ထိလက်ရောက် မဆိုထားဘိ၊ စိတ်နှင့်မျှမပြစ်မှားမိပါ။ နကုလမာတာကိုယခုဘဝမှာလည်း အမြဲကြည့်နေချင် ပေါင်းသင်းလိုပြီး သံသရာမှာလဲ အတူတူ ပေါင်းသင်း လိုပါတယ်ဘုရား။ ထိုစကားကိုနကုလမာတာ ကြားလျှင် အားကျမခံ သူ့စိတ်ရင်းကို လျှောက်သည်မှာ တပည့်မသည်လည်း ငယ်စဉ်အခါကပင် နကုလပိတာ၏ အိမ်သို့ လိုက်ပါ ခဲ့ရပါသည်။ ထိုအခါမှစ၍ အခြားသူကို စိတ်မျှမကူးမိပါ။ နကုလပိတာကို ယခုဘဝမှာလည်း အမြဲ ကြည့်နေချင် သံသရာမှာလည်း အမြဲတွေ့မြင်လိုပါသည်။ 

ထိုခင်ပွန်း ဇနီးနှစ်ဦးတို့ရဲ့ စကားကို ဘုရားရှင်က ပြန်လည် မိန့်တော်မူတာက ယခုဘဝမှာ စိတ်တူသဘောတူ ကြည်ဖြူကြသော ဇနီးခင်ပွန်းတို့သည် နောက်နောင်ဘဝ၌ မကွဲမကွာ ဖြစ်လိုကြလျှင် တစ်ယောက်နှင့် တစ်ယောက် သဒ္ဓါ၊သီလ၊စာဂ၊ပညာတို့ အရာရာတူစေကြရမည်။ သဒ္ဓါဆိုတာ ရတနာသုံးပါးကို ဆည်းကပ် ကိုးကွယ်ခြင်း၊ ကံနှင့်ကံ၏အကျိုးကို သက်ဝင် ယုံကြည်ခြင်း၊ မိဘဆရာသမားများ၏ ဂုဏ်များကို သက်ဝင် ယုံကြည်ကြပြီး ကျေးဇူးသိတတ်စွာ ဆပ်ရခြင်းစတဲ့ သဒ္ဓါတရားနှင့် ပြည့်စုံစေရမှာပါ။ ဒီသဒ္ဓါတရားကအင်မတန်မှ ဂရုပြုရမှာ ဖြစ်ပါတယ်။ ဆိုလိုတာက ရတနာသုံးပါးဆိုတာ ဗုဒ္ဓဘာသာမှာပဲ ရှိတာဖြစ်ပါတယ်။ ဒါကြောင့် အိမ်ထောင်ပြုတော့မယ်ဆိုရင် ဘာသာတူ၊လူမျိုးတူ အချင်းချင်းပဲ ဖြစ်သင့်ပါတယ်။ မိမိက ဘာသာတရား ကိုင်းရှိုင်းပြီး ရတနာသုံးနဲ့ မိဘ၊ ဆရာသမားများကို ကြည်ညို လေးစားသော်လည်း မိမိနဲ့ ပေါင်းသင်း နေထိုင်သူက ဘာသာခြား ဖြစ်နေမယ်ဆိုရင် ဘယ်လိုမှ အဆင်မပြေနိုင်သလို သာယာဖြောင့်ဖြူးခြင်းလည်း ရှိမှာမဟုတ်ဘူး။ ဒါကြောင့် အိမ်ထောင်ပြုမယ်ဆိုရင် သဒ္ဓါတရားချင်း တူသူချင်းသာ ပြုသင့်ပါတယ်။ ဘာသာတူသူနဲ့သာ ပြုသင့်ပါတယ် ထိုစကားတို့ကို မြတ်စွာဘုရား တရားတော်အရ အသိပေးခြင်းဖြစ်ပါတယ်။ 

နောက်သီလပါ။ ဒါလည်းအရေးကြီးပြန်တယ်။ မိမိကသီလရှိပြီးမိမိနဲ့ ပေါင်းသင်း နေထိုင်သူက သီလ ကင်းမဲ့နေမယ်ဆိုရင် မဖြစ်ပြန်ဘူး။ အိမ်သားက သီလလုံခြုံပြီး အိမ်သူက ကာမေသုမိစ္ဆာစာရ စတဲ့ သီလတွေ ဖောက်ပြားနေမယ်ဆိုရင် ဘယ်လိုမှ အဆင်မပြေနိုင်ပါ။ ဒါကြောင့် အိမ်ရှင်က သီလရှိသလို အိမ်သူကလည်း သီလရှိရမှာဖြစ်ပါတယ်။ စာဂကျပြန်တော့လည်း တူရဦးမှာပါ။ စာဂဆိုတာ လှူဒါန်းခြင်း ပေးကမ်းခြင်းကိုဆိုလိုတာပါ။ တစ်ယောက်က လှူဒါန်းမှုပြုလျှင် တစ်ယောက်က ကြည်ဖြူရပါမယ်။ မပိတ်ပင် ရဘူး၊ မတားမြစ်ရဘူး၊ မကြည်မဖြူ မဖြစ်ရဘူး၊ “မယ်ကလှူမူ မောင်ကြည်ဖြူ မောင်ကလှူဒါန်း မယ်ရွှင်လန်း” ဖြစ်ရမှာပါ။ နောက်ဆုံးတစ်ချက်က ပညာပါ။ ပညာချင်းတူရမှာပါ။ လောကီပညာမှစ၍ အရာရာ စဉ်းစားချင့်ချိန် ဆုံးဖြတ်နိုင်တဲ့ပညာ နောက်ဆုံးဝိပဿနာ ပညာထိ တူကြရမှာဖြစ်ပါတယ်။ ထိုလေးချက်နဲ့ ယောက်ျားနှင့် မိန်းမ တူညီမည်ဆိုလျှင် ယခုဘဝမှာလည်း မခွဲမခွာ သာသာယာယာ ပေါင်းသင်းရမည်ဖြစ်သလို၊ နောင်ဘဝ အဆက်ဆက်မှာလည်း အတူတူ ပေါင်းသင်းရမည် ဖြစ်တယ်လို့ မြတ်စွာဘုရားက ဟောတော်မူပါတယ်။ 

လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်း စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။ 

တီတင့် (၂-၁၁-၂၀၂၀)

ခဏေစာင့္ပါ...

 
©2012 အန္တီတင့္၏ အမွတ္တရေလးမ်ား | Design by Mozz