x

25.12.20

ကောင်းကင်တစ်ခွင်သို့


မြူနှင်းတွေဝေနေတဲ့ ပတ်၀န်းကျင်တစ်ခွင် မှုန်ဝါးဝါးအမြင်နဲ့ အေးချမ်းလှတဲ့ ဆောင်းညရဲ့ ခရစ္စမတ် ညတစ်ည… နွေးထွေးတဲ့ မိသားတစ်စုရဲ့ ပျော်ရွှင် ကြည်နူးမှုများနဲ့အတူ ရယ်မောသံလွင်လွင် ကောင်းကင် တစ်ခွင်ထိ ပျံ့နှံ့လို့သာ......
(ခရစ္စမတ်ပွဲတော်နေ့ကို ရောက်လာတိုင်း မိဘနှစ်ပါးနဲ့ မောင်နှမများကို သတိတရလွမ်းမိတယ်) 
 
ကျွန်မရဲ့အစ်ကိုကြီးကို ကျွန်မက ‘ကိုကို’ လို့ခေါ်ဝေါ်သလို အစ်ကိုကြီးက ကျွန်မကို ‘လုလု’ လို့ခေါ်တယ် အစ်ကိုကြီးနာမည်က တိတို၊ ကျွန်မအမေ အစ်ကိုကြီးကို မီးဖွားစဉ်ကာလက မြန်မာပြည်ကို မာရှယ်တီးတိုး အလည်လာခိုက်နဲ့ကြုံလို့ ‘တီးတိုး’ လို့အမည်မှည့်ခဲ့တယ်၊ အချိန်ကာလရွေ့လာတော့ ‘တီးတိုး’ ကနေ ‘တိတို’ အဖြစ်ကိုရောက်ခဲ့တယ်လို့ ဖွားဖွားပြောတာ မှတ်မိနေတယ်။ 
 
လုလု အိပ်ယာမှနိုးထလာချိန်မှာတော့ တစ်အိမ်လုံး တိတ်ဆိတ်ငြိမ်သက်လို့ နေပါတယ်၊ အိပ်ယာကနေ အလူးအလဲထ ခပ်မြန်မြန်လေး မျက်နှာသစ်ပြီး အောက်ထပ်ဧည့်ခန်းမဆီကိုသာ စိတ်ကဉီးတည် နေလေတော့ အပြေးကလေးပေါ့၊ လှေကားထစ် အထစ်၂၀လောက်ကို လုလုတစ်ယောက် ဘယ်လိုများ ကျော်ခွပြီး ပြေးဆင်းလာတယ်မသိ တစ်မိနစ်အတွင်း ဧည့်ခန်းမကြီးထဲကို ရောက်လာတယ်။
 
ဧည့်ခန်းမကြီးရဲ့ ထောင့်တစ်နေရာမှာ ကျွန်မအရပ်ထက် နှစ်ပြန်လောက်မြင့်တဲ့ ထင်းရှူးပင်ကြီးတစ်ပင်၊ မြင်သူတကာတို့ အတွက် ပြင်ဆင်ထားတာ စိတ်ဝင်စားစရာ၊ ချစ်စရာကောင်းပေမယ့်၊ ဒါတွေကို လတ်တလော လုလု စိတ်မဝင်စားနိုင် ထင်းရှူးပင်ကြီးအောက်က ခရစ္စမတ်လက်ဆောင် အထုပ်အပိုး တွေကိုသာ လုလု စိတ်ဝင်စားနေခဲ့တယ်လေ။ အထုပ်အပေါ်မှာ ရေးထားတဲ့ အိမ်ရှိလူကုန်ရဲ့ နာမည်တွေကိုသာ မရပ်မနား တစ်ထုပ်ပြီးတစ်ထုပ် လိုက်ဖတ်နေတယ်၊ ကိုယ့်နာမည် စိုးစဉ်းမျှမတွေ့၊ ဟော… တွေ့ပါပြီ လုလုအတွက် စာရွက်တစ်ရွက် “လုလုလက်ဆောင် ဒယ်ဒီ့နောက်မှာကြည့်” တဲ့၊ နောက်တစ်စောင်က “တီးတိုးလက်ဆောင် ကောင်းကင်ပေါ်မှာ” တဲ့။ 
 
လုလုတစ်ယောက် ဒယ်ဒီမနိုးမချင်း မကုန်ဆုံးနိုင်တဲ့ အချိန်တွေကို စိတ်ရှည်စွာနဲ့ မုန့်စားလိုက် ကစားလိုက် အပေါ်ထပ်တက်လိုက် အောက်ထပ်ပြန်ဆင်းလိုက်နဲ့ အချိန်တွေကို ကုန်လွန်စေတယ်။ ဒယ်ဒီနိုးရင်း ကြားနေကျ ချောင်းဟန့်သံကိုလည်း နားစွင့်ရင်း ပြေးလိုက်လွှားလိုက် စိတ်ဂဏှာမငြိမ်ပေါ့။ အပေါ်ထပ်ကနေ ဆင်းလာတဲ့ ဒယ်ဒီနဲ့ မာမီတို့ကိုလည်း မြင်ရော လုလု ဒယ်ဒီ့ဆီကို ပြေးလာပြီး ဒယ်ဒီနောက်ကို ကြည့်လိုက်တော့ ဘာမှမမြင်ဘူး လုလုနှုတ်ခမ်းစူပြီပေါ့၊ “လုလုလက်ဆောင် ဒယ်ဒီ့နောက်မှာဆို” ပါးစပ်ကလည်း တဖွဖွပြောရင်း ဒယ်ဒီတင်ပါးကို  ညာလက်ဖဝါးနဲ့ ရိုက်နေတော့ ဒယ်ဒီနဲ့မာမီတို့ တဟားဟားရယ်ရင်း မာမီက “သေချာကြည့်လေ ရှိပါတယ်” တဲ့။ 
 
ခဏနေတော့ ဧည့်ခန်းထဲကနေ ကိုကို့အသံထွက်လာတယ် “တီးတိုးလက်ဆောင်တွေ့ပြီကွ၊ တီးတိုး လက်ဆောင် တွေ့ပြီဟေ့…..” တဲ့၊ လုလုလည်း အပြေးကလေး ဧည့်ခန်းထဲရောက်တော့ အမြင့်မှာ ချိတ်ထားတဲ့ ဒယ်ဒီ့ဓာတ်ပုံ အနောက်က အထုပ်ကို ကိုကိုကလက်ညှိုးထိုးပြနေတယ်။ ဒယ်ဒီက ကိုကို့ဘက် လှည့်ပြီး “အဲ့ဒါ လုလုအတွက်လက်ဆောင်ထုပ်” လို့ဆိုပြီး ရယ်ပါတော့တယ်၊ ဒီတော့မှ လုလုလည်း နှုတ်ခမ်းစူတာပျောက်ပြီး အိမ်မှာဝေယျာဝစ္စ ကူလုပ်ပေးတဲ့ ဒယ်ဒီ့တပည့် ဉီးအောင်ခင်ကို ဓာတ်ပုံနောက်က အထုပ်ကို ချပေးဘို့တောင်းဆိုလိုက်တယ်။ 
 
ကိုကိုတစ်ယောက် ကောင်းကင်ပေါ်က သူ့ရဲ့ခရစ္စမတ်လက်ဆောင်ကို ဇွဲကြီးကြီးနဲ့ဆက်ရှာတော့ ပန်ကာပေါ်မှာ တင်ထားတာကို တွေ့ရပါတော့တယ်။ တစ်အိမ်သားလုံး ခရစ္စမတ်လက်ဆောင် အထုပ် ကိုယ်စီတွေကို ပျော်ရွှင်စွာနဲ့ ဖောက်ကြ၊ ရယ်မောကြတဲ့ အသံတွေဟာ နန်းတွင်းခြံနံပါတ်(၂) အိမ်ကြီးကနေ တဆင့် ကောင်းကင်တစ်ခွင်ဆီသို့ ပျံ့လွင့်လို့ နေပါတော့တယ်။ 
 
ခရစ္စမတ်ပွဲတော်နဲ့အတူ ကိုယ်စိတ်နှစ်ပါးအေးချမ်းကြပါစေ။ 
 
တီတင့် (၂၅-၁၂-၂၀၂၀)

ခဏေစာင့္ပါ...

 
©2012 အန္တီတင့္၏ အမွတ္တရေလးမ်ား | Design by Mozz