x

23.8.25

မဂ်ရကြောင်း


ယုံကြည်ကျန်းမာ စိတ်ဖြောင့်စွာဖြင့် 

လွန်စွာအားထုတ် နာမ်နှင့်ရုပ်ကို 
ဖြစ်ချုပ်ဉာဏ်မြင် ဤငါးအင် မှန်ပင် မဂ်ရကြောင်း။ ။ 
(ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတမိုးကုတ်ဆရာတော်ဘုရားကြီး ရေးသားတော်မူခဲ့သော မဂ်ရကြောင်းလင်္ကာ) 

 ‘သစ္စာတရား နာကြားမှုနှင့်နှလုံးသွင်း မှန်ကန်မှု’ ဒီအကြောင်းနှစ်ခု ညီညွတ်ရင် မဂ်-ဖိုလ်ကို ရနိုင်တယ်။ 
 
‘ပါရမီနည်းသေးသည်၊ ပါရမီ မပြည့်သေးဘူး’ လို့ မိမိကိုယ်ကို လျှော့မတွက်ကြဘဲ၊ ဒုလ္လဘတရားများနှင့် ကြုံတုန်း ဝိပဿနာတရားအလုပ်ကို အသိဉာဏ်ရှိသူတိုင်း အချိန်ရှိခိုက် ကြိုးစားအားထုတ်ကြပါလျှင် မိမိတို့ ဝီရိယအားလျော်စွာ သမာဓိ- ဝိပဿနာမှသည် မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားတို့ကို ရစေချင်သည့်အတွက် တိုက်တွန်းဟောကြားထားခြင်းဖြစ်ပါသည်။ 

၀-မရှိပါက ဝိလည်းမဖြစ်နိုင် 
၁။ ပရမတ်မသိ၊ (၀)မရှိ၊ (ဝိ)လည်းမဖြစ်နိုင်။ 
၂။ ဝိမဖြစ်က၊ အနတ္တ၊ မုချ ဉာဏ်မပိုင်။ 
၃။ ဉာဏ်မြင်မရ၊ သံသာရ၊ ဒုက္ခမဆုံးနိုင်။ 
၄။ ဒုက္ခဆုံးရန်၊ အလုပ်မှန်၊ ကျင့်ကြံဇွဲခိုင်ခိုင်။ 

အဓိပ္ပါယ်မှာ- ပရမတ်သဘောကို ကောင်းစွာမသိလျှင် (၀) ဆိုတဲ့ ၀၀တ္ထာန = ပိုင်းခြားနိုင်မှုမရှိ၊ “ဒါက ပညတ်၊ ဒါက ပရမတ်” ဟူ၍ ပိုင်းခြားနိုင်မှု မရှိ။ 

ပိုင်းခြားနိုင်မှု မရှိလျှင် (ဝိ) ဆိုတဲ့ ဝိပဿနာလည်း မဖြစ်နိုင်၊ ပညတ်နဲ့ ပရမတ်ကို ပိုင်းခြားနိုင်မှု ခွဲခြားနိုင်မှု မရှိတော့ ဘယ်ဟာကို ရှုရမှန်းမသိ၊ စင်စစ် ပရမတ်ကို ရှုရမှာ၊ ပညတ်ကြီးကို ရှုမိနေတဲ့အတွက် ဝိပဿနာ မဖြစ်နိုင်တော့ ဟူလို။ 

ဝိပဿနာ မဖြစ်တော့ အနတ္တဉာဏ်လည်း မရ၊ အနတ္တဉာဏ် မရတော့ သံသရာမဆုံးနိုင် ဖြစ်ကြရတော့သည်ဟု ဆိုလို၏။ သို့ဖြစ်၍ ပိုမိုပြီး ကွဲကွဲပြားပြား ဖြစ်အောင် အမေး-အဖြေ ပြုလုပ်ပါအံ့။ 

မေး - ပညတ် ပရမတ်၊ ထိုနှစ်ရပ်တွင်၊ ဘယ်အရာကို ဝိပဿနာ ရှုရမည်နည်း။ 

ဖြေ - ပညတ်ကို ခွာထားခဲ့၍၊ ပရမတ်သားသို့ ရောက်အောင် ဉာဏ်ဖြင့်ထောက်လျက်၊ ဖောက်ပြီး သိရမည်။ 
ပရမတ် တရားတို့၏ (အနိစ္စ ဒုက္ခ အနတ္တ) ဖြစ် - ပျက် ဖောက်ပြန်မှုတွေကို မြင်အောင် ရှုရမည်။ 

မေး - ဘာ့ကြောင့် ပညတ်တွေကို ခွာထားခဲ့ရပါသလဲ။ 

ဖြေ - ပညတ်ကို ဝိပဿနာ မရှုရ၊ ပညတ်သည် ဝိပဿနာ၏ အာရုံလည်းမဟုတ်၊ ပညတ်သည် ရှိလည်းမရှိ၊ မရှိသောအရာကို ရှုနေရန် မလို၊ ရှိသော ပရမတ်ကိုသာ ရှုရမည်ဖြစ်၏၊ ထို့ကြောင့် မရှိဘဲလျက် ထင်စွဲနေခဲ့သော ပညတ်ကို ခွာထားခဲ့ရမည်။ 

(တစ်ဘ၀သာသနာမှကောက်နှုတ်ချက်) 

ဝိပဿနာတရား​တော်မြတ်များကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါ​စေ။ 

🙏🙏🙏 ​




မေတ္တာဖြင့် 
တီတင့် (၂၃-၈-၂၀၂၅)

ခဏေစာင့္ပါ...

 
©2012 အန္တီတင့္၏ အမွတ္တရေလးမ်ား | Design by Mozz