28.8.25
သံသရာမှလွတ်လမ်း
တရားသဘောတွေကို လွန်ဆန်လို့မရပါလားဆိုတဲ့ အသိသံဝေဂဥာဏ်ယူရမယ့်အချိန်ပါ။ ငါအစွဲကိုမကျွတ်ပါဘဲ ကြုံတွေ့ရသမျှ ကိစ္စကြီးငယ်တို့အပေါ်လိုက်ပြီး စိတ်မသက်မသာ ခံစားနေမယ့်အစား 'ရုပ်နာမ်ခန္ဓာရထားသူတိုင်း မဖြစ်မနေ နဖူးတွေ့ဒူးတွေ့ကြုံလာရမည့် တရားသဘောတွေဖြစ်တာကြောင့် အရာခပ်သိမ်းကုန်တို့ဟာ အနိစ္စ ဒုက္ခ အနတ္တလို့ဆင်ခြင်မိပါတယ်၊ စက္ကန့်မလပ်ယိုယွင်းနေတဲ့ရုပ်တရားကြီးကို သတိထားဆင်ခြင်တဲ့အခါ တရားရှာကိုယ်မှာတွေ့ဆိုတဲ့ တရားသဘောတွေကို အထင်အရှား တွေ့လာပါတယ်။
ဒီနေ့မနက် နှစ်ဘက်သောကျေးဇူးရှင် မိဘများကို အမျှဝေရင်း စက္ကန့်ပိုင်းလောက် ကျေးဇူးရှင်ဖခင်ကြီးဆီကို စိတ်ရောက်သွားခဲ့တယ်၊ မကွယ်လွန်မီအချိန်အခါက တရားနာဘို့ တရားအားထုတ်ဘို့ စည်းရုံးတိုင်း “ကိုယ်တိုင် စိတ်ကောင်းထားရင် ပြီးတာပါဘဲ။ မနက်အိပ်ယာနိုးတိုင်းလည်း တရားထိုင်ဖြစ်ပါတယ်” လို့ ပြန်ပြောလေ့ရှိခဲ့တယ်။ မိဘနဲ့ သားသမီး ဆိုတော့လည်း အတိုက်အခံမပြောဖြစ်ပဲ အမြဲအလျော့ပေးရစမြဲ။ တစ်ခါတစ်လေ ကျမက အကွန့်တက်ပြီး “တကယ်တော့ အချိန်နာရီပေါင်းများစွာ တရားအားထုတ်ပေမယ့် အဓိကကျတဲ့ ရုပ်တရား နာမ်တရားမှ မကွဲပြားနိုင်ရင် အချည်းအနှီးပဲ”လို့ဆိုတော့ “ဒယ်ဒီသိပါတယ်” တဲ့။
တရားတော်များဟာ နက်ရှိုင်းလွန်းလှပြီး ဒုက္ခကိုဒုက္ခမှန်းမသိကြဘဲ အဝိဇ္ဇာဖုံးလွှမ်းနေကြတဲ့ သဗ္ဗေသတ္တာ ဝေနေယျာအပေါင်း သံသရာမှာ စဉ်ဆက်မပြတ် ဆုံလည်နွားကဲ့သို့ တစ်ဝဲလည်လည် ဘဝဆိုးမှ လွတ်မြောက်နိုင်မည့် မဂ္ဂင်လမ်းကို မီးမောင်းထိုးပြထားခြင်းပင်။ တစ်ပါးသူကူညီလို့မရပါပဲ သစ္စာလေးပါးကို ကိုယ်တိုင် ပိုင်းခြားထင်ထင် သိမြင်စေဘို့ သစ္စာလေးပါးတရား များများနာ၊ ကိုယ်တိုင် မလျော့သော ဇွဲဝိရိယ သည်းခံစိတ်တို့နဲ့အတူ နှလုံးသွင်းမှန်ကန်စွာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်မှသာလျှင် နိဗ္ဗာန်မရောက်မီစပ်ကြား အပယ်လေးပါးမှ လွတ်မြောက်နိုင်ကြပေမည်။
သံသရာမှလွတ်မြောက်ရာလမ်းကို ရှာဖွေတွေ့ရှိနိုင်ကြပါစေ။
သာဓု သာဓု သာဓု
🙏🙏🙏
မေတ္တာဖြင့်
တီတင့် (၂၈-၈-၂၀၂၅)
ခဏေစာင့္ပါ...