x

16.10.25

တစ်သက်မှာတစ်ကြိမ်သာ ကြုံခွင့်ရှိမည့်ပွဲ




၁၉၇၅-၁၉၈၁ ရန်ကုန်စက်မှုတက္ကသိုလ် အင်ဂျင်နီယာနှင့်ဗိသုကာ ကျောင်းသူ / ကျောင်းသားဟောင်းများရဲ့ နှစ်(၅၀) ပြည့် ရွှေရတုအထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲနှင့် မိတ်ဆုံစားပွဲ အခမ်းအနားကြီးကို ၂၆-၁၀-၂၀၂၅ (တနင်္ဂနွေ) ရက်နေ့မှာ အကောင် အထည်ပေါ်လာတော့မှာဖြစ်ပါတယ်။ 
စက်မှုတက္ကသိုလ်ကျောင်းတော်ကြီးမှာ တို့များအတူတူ ပညာဆည်းပူးသင်ယူခဲ့ကြတာ နှစ် လ ရက်နှောင်း အချိန်တွေပြောင်းရင်း နှစ်ပေါင်း ၅၀ ပင်တိုင်ခဲ့လေပြီ။ အခုလို တစ်သက်မှာ တစ်ကြိမ်သာ ကြုံခွင့်ဆုံခွင့်ရှိမည့် ရွှေရတုပွဲကြီး ကျင်းပနိုင်တော့မည့်အရေး တွေးမိတိုင်းရင်မှာပီတိဖြစ်မိတာအကြိမ်ကြိမ်ပါဘဲ။ အခုလိုအခြေအနေ ဖြစ်မြောက်လာစေဘို့အတွက် 75-81 RIT Welfare Group ကို၂၀၁၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့က လူအင်အား ဆယ်ဂဏန်းကနေ စတင်လှုပ်ရှားဆောင်ရွက် ခဲ့ကြပါတယ်။ 
အဓိကနေရာကနေ စည်းစနစ်တကျ ဆောင်ရွက်ခဲ့တဲ့ EC အဖွဲ့ဝင်များရဲ့ကိုယ်ကြိုးမဖက်အဖွဲ့အတွက် စေတနာ ထက်သန်စွာနဲ့ ဆောင်ရွက်ခဲ့ကြတာ ပုံပြင်မဟုတ်ပါဘူး။ အမှတ်တရ ပုံရိပ်များကိုလည်း တကျော့ ပြန်လည်လို့ ဆန်းသစ်ချင်ပါတယ်။ တိုတောင်းတဲ့အချိန်အတွင်းမှာ 75-81 RIT Welfare Group ဟာရာဂဏန်းထိမြင့်တက်လာပါတယ်။ 
မကြာမီမှာ အင်ဂျင်နီယာနှင့်ဗိသုကာ သူငယ်ချင်းများရဲ့ အားကြိုးမာန်တက် စွမ်းစွမ်းတမံ ဆောက်ရွက်ချက်များကို နဖူးတွေ့ဒူးတွေ့ တွေ့လာရတော့ အံမခန်းပင်။ အစည်းအဝေးခေါ်လိုက်တိုင်း ကျေနပ်စရာကောင်းတဲ့ အချက်က EC member များအပြင် စိတ်ပါဝင်စားတဲ့ သူငယ်ချင်းများ အစည်းအဝေးကိုလာရောက်ပြီး အကြံဉာဏ်များ မျှဝေပေးခြင်း ညှိနှိုင်းဆွေးနွေးကြခြင်း အကောင်းဆုံးအဖြေများကို သုံးသပ်ဆုံးဖြတ်ကြခြင်း တို့ဟာ တိုတောင်းတဲ့ အချိန်အတွင်းမှာ 75-81 RIT Welfare Group ရဲ့အောင်မြင်ခြင်းကိုဦးတည်နိုင်ခဲ့ပါတယ်။ 
ဒီနေ့ဒီရက်အထိ အဆက်အသွယ်ရ သူငယ်ချင်းများ အင်အားမှာ ကျောင်းဆင်း ၅၆၀ကျော်အနက် ၄၉၁ လို့ (RIT 75-81 Group မှဖော်ပြချက်အရ) ချိတ်ဆက်နိုင်ခဲ့ပါတယ်။ ဒီအထဲကမှ တချို့သူငယ်ချင်းတွေကတော့ ဒီဘဝမှာ နောက်တစ်ခေါက် ဆုံဆည်းခွင့် မရနိုင်တော့တဲ့ နေရာဌာနအသီးသီးကိုကျောခိုင်းလို့ ထွက်ခွာ သွားကြပါပြီ။ မြင့်မြတ်သောဘုံဘဝ အသီးသီးသို့ ရောက်စေဘို့ရာ ရည်သန်ပြီး ကျန်ရစ်တဲ့သူငယ်ချင်း များကလည်း နှစ်စဉ်မပြတ် အလှူအတန်းများကိုပုံမှန် လှူတန်း လျှက်ရှိကြပါတယ်။ 
၂၀၁၆ ခုကနေ ယခုအချိန်အထိ တစိုက်မတ်မတ် တာဝန်ယူဆောင်ရွက်ခဲ့ကြတဲ့ ဉက္ကဌ၊ ဒုဉက္ကဌများ၊ အတွင်းရေးမှူးနဲ့ EC member သူငယ်ချင်းများ၊ စာရင်းဇယားများကို အချိန်နှင့်တပြေးညီ ဆောင်ရွက် လုပ်ကိုင် ပေးနေတဲ့ သူငယ်ချင်းက အစပြုပြီး နှစ်စဉ်ကြေး လစဉ်ကြေးများကို ကြည်နူးစွာဖြင့် ပုံမှန်ထည့်ဝင် လှူတန်းနေသော သူငယ်ချင်းများကို လေးစားပါတယ်။ နာမကျန်းဖြစ်ခြင်း၊ နာရေးဖြစ်ခြင်းတို့တွင်လည်း Welfare Group မှသတ်မှတ်ချက်အတိုင်း ကူညီပံ့ပိုးလျှက်ရှိပါတယ်။ 
ရွေရတုပွဲကြီးအတွက် ဝေးဝေးနီးနီး ပြည်တွင်း ပြည်ပ သူငယ်ချင်းများမှ အဘက်ဘက်က ဝိုင်းဝန်း ကူညီ ဖေးမ ပံ့ပိုးဆောင်ရွက်ကြတာ အားရစရာပင်။ နေ့တဓူဝ အလှူရှင်တွေ ဝင်လာမဆဲ တသဲသဲ မြင်ရသူတို့ဘဝင် ကြည်နူးလို့မဆုံးပင်။ ရွှေရတုပွဲကြီးဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်း ကူညီ ထည့်ဝင် လှူတန်းကြတဲ့ အလှူရှင် သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ 
စက်မှုတက္ကသိုလ်ကျောင်းတော်ကြီးရဲ့ အကြောင်းကိုပြောရင်ဖြင့် မဖြစ်မနေချိတ်ဆက်နေတဲ့ “စွယ်တော်ရိပ် တေးဂီတအဖွဲ့တီးဝိုင်း”ကိုလည်း ဆက်လက်အသက်သွင်းပြီး ရှင်သန်ခွင့်ပေးတဲ့ သူငယ်ချင်းများကို ချီးကျူး ဂုဏ်ယူရင်း ကျေးဇူးတင်မိပါတယ်။ 
မကြာခင် “တစ်သက်မှာတစ်ကြိမ်သာ ကြုံခွင့်ရှိမည့်ပွဲ” ကြီးမှာဆုံဆည်းကြပါစို့ သူငယ်ချင်းတို့ရေ 
မေတ္တာဖြင့် တီတင့် (စက်မှုတက္ကသိုလ်) 
၁၄-၁၀-၂၀၂၅

ခဏေစာင့္ပါ...

 
©2012 အန္တီတင့္၏ အမွတ္တရေလးမ်ား | Design by Mozz