31.12.25
မေတ္တာတရားမှသည် သစ္စာတရားဆီသို့
ဖြော့တော့တော့အလင်းရောင်အောက်မှာ ရှင်သန်နေသူ ကျွန်မဘဝကို ဝိပဿနာတရား အလင်းရစေဘို့ရာ မီးမောင်း ထိုးပြခဲ့သူ ရွှေမြင့်မိုရ် ဆရာတော်ဘုရားနဲ့ ရွှေမြင့်မိုရ်မိုးကုတ်ဝိပဿနာ တရားဓမ္မရိပ်သာကို မရောက် ရောက်အောင်ပို့ ပေးခဲ့တဲ့ ဖခင်ကြီးရဲ့ ညီမ ဖြစ်သူ တစ်နည်းအားဖြင့်ကျွန်မရဲ့ တတိယမိခင် မေကြည်တို့ကို နေ့စဥ်နဲ့အမျှ တရားရှုမှတ်ပြီးတိုင်း ရှိခိုးပူဇော်လျှက်ရှိပါတယ်။
တချိန်က ပုတီးစိတ်တာကို အားသန်ခဲ့တဲ့ကျွန်မ ဆရာတော်ဘုရားရဲ့ တရားဓမ္မရိပ်သာမှာ အကြိမ်ကြိမ် တရားစခန်း ဝင်ပြီးသည့်နောက်ပိုင်း ပုတီးစိတ်တာထက် တရားရှုမှတ်တာကို ပိုမိုအားသန်ခဲ့သလို သစ္စာတရားတော်မြတ်တို့ကို နာကြားရင်း ဆရာတော်ရဲ့ ဆုံးမဩဝါဒအတိုင်း ခန္ဓာဘက်ကို ဉာဏ်လှည့်တတ်အောင်ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ် ဖြစ်ခဲ့တယ်။ လက်ရှိမှာ တရားစခန်း မဝင်ဖြစ်တဲ့တိုင် နေ့စဉ်ဝတ်မပျက် မမေ့မလျော့ တရားတော်မြတ်တို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖြစ်ပါတယ်။
“ဆရာတော်ဟောတော်မူခဲ့ဘူးတဲ့တရားတော်ကနေ ပညာအလင်းကို ရခဲ့ပါတယ်၊ လူမျိုးမရွေး ဘာသာမရွေးတို့သည် မေတ္တာတရား ထားတတ်ကြသူများ ဖြစ်ကြပြီး ထိုမေတ္တာတရားရဲ့ အစွမ်းအာနိသင်တို့သည် မြင့်မြတ်သော နေရာဌာနများသို့ ပို့ဆောင်နိုင်စွမ်း ရှိသည့်တိုင် နိဗ္ဗာန်သို့ မပို့ဆောင်နိုင်ပါ။ ဗုဒ္ဓအား သက်ဝင် ယုံကြည် သူတို့သည် မေတ္တာတရားတွင် လမ်းမဆုံးကြဘဲ သစ္စာတရားကိုပါ သိအောင်ကြိုးစားအားထုတ်ရပေမည်၊ ထိုသစ္စာတရားကိုသိရန် သစ္စာတရားတော်များကို အကြိမ်ကြိမ်အဖန်ဖန် နာယူခြင်းဖြင့် ဖြစ်ပျက်မြင် ဖြစ်ပျက်မုန်း ဖြစ်ပျက်ဆုံးကာ ဆင်းရဲဒုက္ခအပေါင်း၏ ချုပ်ငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကို ဧကန်မုချ မျက်မှောက်ပြုနိုင်ပေမည်”
၂၀၂၆-ခု၊ နှစ်သစ်နှင့်အတူ သစ္စာတရားတော်မြတ်တို့ကို ပိုင်းခြားထင်ထင် သိမြင်နိုင်ကြပြီး ဝိပဿနာ တရားတော်မြတ်တို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ် နိုင်ကြပါစေ။
ဆုံဆည်းခြင်းနှင့်ခွဲခွာခြင်းတို့သည် သံသရာလည်နေသမျှ စဉ်ဆက်မပြတ် ဖြစ်ပြီးပျက်နေကြပေဦးမည်။
မုန်းစကိုတိုစေ ချစ်စကိုရှည်နိုင်ကြပါစေ 🥰
🙏🙏🙏
💗 နှုတ်ဆက်ခဲ့ပါတယ် ၂၀၂၅💗
မေတ္တာဖြင့်
တီတင့် (၃၁-၁၂-၂၀၂၅)





ခဏေစာင့္ပါ...