x

27.9.25

အစကတည်းက ရှိနေသော ဟိုဘက်ကမ်း


နိဗ္ဗာန်သည် အလုပ်လုပ်သူအဖို့ အစကတည်းက သူ့သဘာ၀အတိုင်း အချိန်ကျလျှင် ပေါ်လာရမည့်တရား ရှိပြီးသားတရား ဖြစ်၏၊ ဟိုဘက်ကမ်းနှင့်တူသည်။ 
မဂ္ဂသစ္စာကား လှေနှင့်တူ၏၊ ဟိုဘက်ကမ်းကိုရောက်အောင် လှေဖြင့်သွားသလိုဖြစ်သည်။ လှေနှင့်ဟိုဘက်ကမ်းတွင် ဟိုဘက်ကမ်းဖြစ်အောင် လှေကလုပ်သည် မဟုတ်၊ ရှိပြီးဖြစ်သော ဟိုဘက်ကမ်းကို ရောက်အောင်
လှေဖြင့် သွားခြင်းသာလျှင်ဖြစ်၏။ 
ထို ၂-မျိုးတွင် လှေကအကြောင်း၊ ဟိုဘက်ကမ်းက အကျိုးဟု ခွဲခြား၍ မရသလို၊ မဂ္ဂကအကြောင်း၊ နိရောဓက အကျိုးဟု ခွဲခြား၍မရ။ 
လှေဆိုတာ ဖြစ်စေတတ်တဲ့ ဇနက- နိဗ္ဗတ္တက အကြောင်းမျိုး မဟုတ်၊ ရောက်စေတတ်တဲ့ “သမ္ပာပက” အကြောင်းမျိုးသာဖြစ်သည်၊ 
ထို့အတူ မဂ္ဂသစ္စာသည်လည်း နိဗ္ဗာန်ကို ဖြစ်စေတတ်တဲ့ ဇနက- နိဗ္ဗတ္တက အကြောင်းမျိုးမဟုတ်၊ ရောက်စေတတ်တဲ့ “သမ္ပာပက” အကြောင်းမျိုးဟူ၍သာ ဆိုလို့ရသည်။ 
တဖန်လည်း နိဗ္ဗာန်ဟာ အကျိုးတရားဆိုလျှင် အကြောင်းတရား ရှိရဦးမည်၊ အကြောင်းပျက်တဲ့အခါ အကျိုးတရား နိဗ္ဗာန်လည်း ပျက်ရပေဦးမည်။ 
နိဗ္ဗာန်က ထိုသို့ပျက်သည့်တရား မဟုတ်၊ အမြဲရှိသော တရား၊ နိစ္စ၊ ဓု၀၊ သဿတ တရား။ အကြောင်းမရှိတဲ့တရား၊ ထို့ကြောင့် အပစ္စယ၊ (ဥပါဒ်-ဌီ-ဘင်) အနေနဲ့ ဖြစ်တာ မဟုတ်တဲ့အတွက် အပဝတ္တ၊ အဇာတိ၊ ဘယ်သူမှ ပြုပြင်တာ မဟုတ်လို့ အသင်္ခတ။ 
ပျက်စရာ သေစရာ မရှိတဲ့အတွက် အမတ၊ အတ္တမဟုတ်တဲ့အတွက် အနတ္တ၊ ချမ်းသာတကာ့ ချမ်းသာ အစစ်ကြီး ဖြစ်တဲ့အတွက် သုခသာဖြစ်သည်။ 
(တစ်ဘ၀သာသနာမှ ကောက်နှုတ်ချက်) 
သာဓု သာဓု သာဓု 
🙏🙏🙏

​မေတ္တာဖြင့် 
တီတင့် (၂၇-၉-၂၀၂၅)

ခဏေစာင့္ပါ...

 
©2012 အန္တီတင့္၏ အမွတ္တရေလးမ်ား | Design by Mozz