x

29.10.26

တစ်ဘဝရဲ့ ပဌာန်းဆက်


အများအားဖြင့် တီတင့်အလုပ်နားရက်ဆိုရင် ညီမအငယ်ဆုံးကလွဲလို့ တီတင့်တို့ ကျန်ညီအမ(၃)ယောက်က အကြောင်းအမျိုးမျိုး ရှာပြီးဆုံဖြစ်ကြပါတယ်။ ဆရာသိန်းနဲ့အတူသွားစရာကိစ္စရှိတဲ့ နားရက်တွေကလွဲရင် ကျန်ပိတ်ရက်တွေမှာတော့ ရအောင်ဆုံတတ်ကြတယ်။ အသက်ကြီးလာလေ လက်ကျန်အချိန်လေးတွေကိုတန်ဘိုးထားလာကြတယ်ဆိုရင်လည်း မမှားပါဘူး။ 

တီတင့်ရဲ့မွေးမိခင်နဲ့ကျွေးမိခင်တို့ နှစ်ဦးစလုံးဟာ ခရိယာန်ဘာသာဝင်တွေဖြစ်ပြီး ဖခင်ကြီးကတော့ ဗုဒ္ဓဘာသာဝင်ဖြစ်ပါတယ်၊ မောင်နှမတွေကတော့ ကိုယ်ယုံကြည်ရာဘာသာကိုလွတ်လပ်စွာကိုးကွယ်ကြပါတယ်။ ဘာသာကွဲပေမယ့် အချင်းချင်းလေးစားချစ်ခင်ကြသလို ပြောရင်ယုံမယ်မထင်ဘူး- တီတင့်တို့မောင်နှမတွေအားလုံး အခုအသက်အရွယ် အထိ တစ်ကြိမ်တစ်ခါမျှ မောင်နှမအချင်းချင်း ရန်မဖြစ်ဖူးဘူး။ ကျေးဇူးရှင်မိဘများရဲ့ သွန်သင်-ဆိုဆုံးမမှုတွေကို အမြဲတန်းရိုသေလေးစားလိုက်နာပြီး ကျေးဇူးတင်လျှက်ရှိပါတယ်။

သီတင်းကျွတ်အလုပ်နားရက် (၄)ရက်မှာ ညီမနှစ်ယောက်တီတင့်အိမ်မှာ တစ်ည လာအိပ်ကြရင်း ခရိယာန်ညီမလေးက သူသိချင်တဲ့ ဗုဒ္ဓရဲ့တရားတော်တွေကိုမေးလေ့ရှိတယ်။ ကိုယ်သိသလောက်မှတ်သလောက် ရှင်းပြတဲ့အပေါ် သူစိတ်ဝင်တစား ကျေနပ်တာကို မြင်ရတော့ တီတင့်ကိုယ်တိုင်လည်းပီတိဖြစ်ရတယ်။ သူကလည်းအတော်လေး နက်နက်ရှိုင်းရှိုင်း မေးတတ်တယ်၊ ဉပမာ တစ်ခုပြောရရင် နိဗ္ဗာန်ရောက်ကြောင်း တစ်ကြောင်းတည်းသောလမ်းဖြစ်တဲ့ မဂ္ဂင်လမ်းနဲ့ ပတ်သက်ပြီး မေးတာမျိုးပါ။ 

ဒီနေ့မနက်နေ့စဉ် အာစိဏ္ဏကံကုသိုလ်ပြုပြီးနောက်မှာ ညီမတွေကိုသတိရရင်း ညီမလေးတို့နဲ့အတူ ဓမ္မမိတ်ဆွေများကို မျှဝေချင်တဲ့တရားတစ်ပုဒ်ကတော့ ဓမ္မမိတ်ဆွေများသိပြီးဖြစ်တဲ့- 
"ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်း၊ ဖြစ်ပျက်ဆုံး" ဖြစ်ပါတယ်။ 

ဆိုလိုသည်မှာ ဗုဒ္ဓဘာသာ ဝိပဿနာတရားတော်တွင် ခန္ဓာငါးပါး (ရုပ်နှင့်နာမ်) ၏ မမြဲသောသဘောကို အဆင့်ဆင့် ရှုမှတ်ပြီး နိဗ္ဗာန်သို့ မျက်မှောက်ပြုပုံ အကျဉ်းချုပ်ဖြစ်သည်။ 

၁။ ဖြစ်ပျက်မြင် (အနိစ္စသဘောကို မြင်ခြင်း) ရုပ်တရား၊ နာမ်တရားတို့ ဖြစ်ပေါ်လာပြီး မည်သည့်အရာမျှ မတည်မြဲဘဲ ချက်ချင်းပျက်စီးသွားကြသည့် သဘောကို ဉာဏ်ဖြင့် ထွင်းဖောက်မြင်ခြင်းဖြစ်သည်။ ဥပမာ - စိတ်ပေါ်လာသည်၊ ရုပ်လှုပ်ရှားသည်၊ ပြီးလျှင် ချက်ချင်းပျောက်ကွယ်သွားသည်ကို "ဖြစ်ပြီးပျက်သွားသည်" ဟု အရှိကိုအရှိအတိုင်း သတိဖြင့် ရှုမှတ်သိရှိခြင်း ဖြစ်သည်။ 

၂။ ဖြစ်ပျက်မုန်း (ငြီးငွေ့လာခြင်း - နိဗ္ဗိဒါဉာဏ်) ဖြစ်ပျက်နေသော ရုပ်နာမ်သင်္ခါရတရားများကို ထပ်ခါတလဲလဲ ရှုမှတ်ရာမှ ၎င်းတို့သည် မမြဲ၊ ဆင်းရဲဒုက္ခဖြစ်ပြီး အနှစ်သာရ မရှိကြောင်း ထင်ရှားလာသည်။ ထိုအခါ ဤရုပ်နာမ်ကောလာဟလအပေါ် တပ်မက်တွယ်တာမှုများ ချုပ်ငြိမ်းလာပြီး မနှစ်မြို့ခြင်း၊ ငြီးငွေ့လာခြင်း (နိဗ္ဗိဒါဉာဏ်) ဖြစ်ပေါ်လာသည်။ 

၃။ ဖြစ်ပျက်ဆုံး (တပ်မက်မှုချုပ်ငြိမ်း၍ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း) ရုပ်နာမ်တို့အပေါ် ငြီးငွေ့စက်ဆုပ်ပြီး တွယ်တာမှုမရှိတော့သည့်အခါ (သင်္ခါရုပေက္ခာဉာဏ်) ထိုဖြစ်ပျက်မှုတို့မှ လွတ်မြောက်ရာ နိဗ္ဗာန်သို့ ဉာဏ်ဆိုက်ရောက်သွားပြီး ကိလေသာနှင့် ဒုက္ခအပေါင်း ချုပ်ငြိမ်းရာအဆုံးသို့ ရောက်ရှိ သွားခြင်းဖြစ်သည်။ 

သာဓု သာဓု သာဓု 
🙏🙏🙏 

မေတ္တာဖြင့် 
တီတင့် (၂၉-၁၀-၂၀၂၆)

ခဏေစာင့္ပါ...

 
©2012 အန္တီတင့္၏ အမွတ္တရေလးမ်ား | Design by Mozz