x

1.12.11

အိမ်ဖြစ်ကင်မ်ချီ


ဒီကနေ့ ဒီဇင်ဘာ(၁)ရက်နေ့ဆိုတော့ ပို့စ်လေးတစ်ခုတင်ချင်တဲ့ ဆန္ဒလေးတော့ရှိသား။ မနက်ထဲက အလုပ်က အဆက်မပြတ် ပေါ်နေတာနဲ့ ကျမ မနက်ထဲက အပြင်ထွက်လိုက် အိမ်ပြန်ဝင်လာလိုက်နဲ့ ခေါင်းစဉ်ဖော်လို့ မရတဲ့ အလုပ်တွေနဲ့ အချိန်တွေကုန်ဆုံးမှန်းမသိ ကုန်ဆုံးနေခဲ့တယ်။ ဒါပေမယ့် အိမ်ရောက်တာနဲ့ အွန်လိုင်းပေါ်ရောက်ပြန် ဖတ်လက်စ ပို့စ်လေးတွေဖတ် ကွန်မန့်လေးတွေချန်နဲ့ အကျိုးရှိရှိ အချိန်ကို သုံးမိပြန်သေးတယ်။ အခု ညနေပိုင်းတောင် ရောက်လာပြီဆိုတော့ တင်မည့်ပို့စ်လေးကို စဉ်းစားရင်း မနေ့ညက အဒေါ်တွေ ညီမတွေနဲ့ သူငယ်ချင်းတွေ တောင်းတတဲ့ ကင်မ်ချီကို လုပ်ရင်း ဓာတ်ပုံလေးတွေ ရိုက်ထားတာကို သတိရမိတယ်။ ဒီတော့ အဲဒီပို့စ်လေးပဲ တင်ပေးလိုက်ပြီနော်။ အရင်လည်း ကင်မ်ချီနဲ့ပတ်သက်ပြီး ‘ကင်မ်ချီ’ လို့တင်ခဲ့ဘူးပါတယ်။ ကျမ အိမ်တွင်းလုပ် ကင်မ်ချီတွေကို စိန်ဂေဟာတွေမှာ သွင်းခဲ့တယ်။ ပထမလုပ်စဉ်က ကင်မ်ချီကို မုန်ညှင်းဖြူနဲ့သာ ပြု လုပ်ခဲ့ပြီး အခုနောက်ပိုင်း ဟင်းသီးဟင်းရွက် ၄မျိုးလောက်နဲ့ လုပ်တာကို ပိုနှစ်သက်ကြတာမို့ စာဖတ်သူများနဲ့ ဘလော့ဂါများအတွက်လည်း လွယ်ကူမြန်ဆန် ဈေးသက်သာပြီး စားကောင်းတဲ့ အိမ်တွင်းဖြစ် ကင်မ်ချီလေးကို မျှဝေပေးလိုက်ပါတယ်။ စမ်းသပ်လုပ်ကြည့်ကြနော်း)

လုပ်ဆောင်မှုအဆင့်ဆင့်ကိုတော့ ပုံလေးတွေနဲ့ရှင်းပြရင် လုပ်ရတာပိုလွယ်ကူမှာဖြစ်ပါတယ်။

 မုန်ညှင်းဖြူ သခွားသီး မုန်လာဥနီ မုန်လာဥဖြူ
မုန်လာဥဖြူနဲ့ မုန်လာဥနီရဲ့ အခွံများကို ခြစ်ထုတ်ပါ
လေးစိပ် စိပ်ပါ
 မုန်ညှင်းဖြူကို သင့်တော်တဲ့အရွယ်လှီးပါ
 မုန်လာဥနီ နဲ့ သခွားသီးရဲ့ အလယ်အူများကို ခြစ်ထုတ်ပါ
စွန့်ပစ်မည့် ခြစ်ထုတ်ပြီးအလယ်အူများ
သင့်တော်တဲ့အရွယ်များလှီးပြီး ရေဆေးသန့်စင်ပါ
 အသုံးပြုမည့် ကင်မ်ချီအနှစ် နှစ်မျိုး
 ကင်မ်ချီပြုလုပ်ဘို့အတွက် ဟင်းသီးဟင်းရွက်များကို နယ်ရန် ရှာလကာရည် ဆားနဲ့သကြား
ကင်မ်ချီပြုလုပ်ရန်အဆင်သင့်အနေအထား
 ဆား သကြား ရှာလကာရည်နဲ့နယ်ပါ
နယ်ပြီးအစာများကို အဖုံးပါခွက်တွင်ထည့်ပါ
 အဖုံးအုပ်ပြီး ၂-နာရီခန့်စိမ်ထားလိုက်ပါ
 ၂-နာရီကြာပြီးက အရည်များညှစ်ထုတ်ပြီး နောက်တစ်ကြိမ် ထပ်စိမ်ပါ
၂-နာရီကြာက ဒုတိယအကြိမ် အရည်များညှစ်ထုတ်ပါ
 အရည်များ ညှစ်ထုတ်ပြီး ဟင်းသီးဟင်းရွက်များ
 အရည်ညှစ်ပြီး ဟင်းသီးဟင်းရွက်များကို ကင်မ်ချီအနှစ်နဲ့နယ်ပါ
ကင်မ်ချီအနှစ်နဲ့နယ်ပြီးက အဖုံးအုပ်ကာ ရေခဲသေတ္တာတွင် ထည့်ထားပါ
 ငရုပ်သီးစိမ်းပွကိုလည်း အလယ်အူတိုင်များကို ထုတ်ပြီး ဟင်းသီးဟင်းရွက်များကို  အတုံးသေးများ တုံးကာ အပေါ်မှာ ပြထားတဲ့နည်းအတိုင်း အဆင့်ဆင့်ပြုလုပ်ထားပါတယ်
   ကင်မ်ချီအနှစ်နယ်ပြီးပါက ယခင်အိုးအတိုင်း ရေခဲသေတ္တာတွင့်ထည့်သိမ်းပါ
 
ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားတဲ့ အိမ်ဖြစ်ကင်မ်ချီ နှစ်ရက်ဆိုရင် စားဘို့အဆင်သင့်ဖြစ်ပါပြီ။

လောကလူသားအားလုံး စိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz