x

24.10.14

တွယ်ညိနေသောအတိတ်


ခန္ဓာငါးပါး ရယူထားတဲ့ ပုထုဇဉ်လူသားတိုင်းမှာ ကွဲပြားသောအတိတ်ရာဇ၀င် ကိုယ်စီရှိကြသလို ကြည်နူးပျော်ရွှင်စရာအတိတ် ကြေကွဲဝမ်းနည်းစရာအတိတ် မုန်းတီးနာကျည်းစရာအတိတ် စတဲ့ အမျိုးမျိုးသော အတိတ်တို့ကို အသက်အပိုင်းအခြားအလိုက် အသွင်သဏ္ဍာန်စုံနဲ့ အတိတ်ကံရဲ့ စေစားရာ ရေစီးကြောင်းအတိုင်း စီးမျောလိုက်ပါ ခံစားခဲ့ကြရတာ ရှောင်လွှဲလို့မရတဲ့ ဖြစ်ပျက် သဘောပါ။ ဘယ်သို့သော အတိတ်များရှိနေပါစေ မိဘများနဲ့ ပတ်သက်ခဲ့တဲ့ အတိတ်ကိုတော့ သားသမီးတိုင်း မမေ့အပ်ပါ။ အလားတူ ကျမတစ်ဘ၀ရဲ့ ကြုံတွေ့ခဲ့ရတဲ့ မမေ့နိုင်သော အတိတ်ခြေရာများထဲမှာ တစ်ချက် အပါအ၀င်ဖြစ်တဲ့ အနန္တဂိုဏ်းဝင် ကျေးဇူးရှင် ဖခင်ကြီးရဲ့ ကွယ်လွန်ခဲ့တဲ့ ၂၄-၁၀-၂၀၀၂ရက်နေ့လေးပါ။ ဒီကနေ့ ၂၄-၁၀-၂၀၁၄ ရက်နေ့ဟာ ကျမရဲ့ဖေဖေ ဦးကြည်သိန်း ကွယ်လွန်ခဲ့တာ ၁၂-နှစ် ရှိခဲ့ပေမယ့် မမေ့မလျော့ သတိရနေဆဲမို့ ကျေးဇူးရှင် ဖခင်ကြီး ရောက်လေရာ ဘုံဘ၀ကနေ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ခွင့် ရခဲ့လျှင် သာဓုသုံးကြိမ် ခေါ်ဆိုနိုင်စေရန်အတွက် မိမိတတ်စွမ်းသလောက် ပြုလုပ်အားထုတ်အပ်သော ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ် အစရှိသော အထူးထူးသော ကုသိုလ်တို့၏ အဖို့ဘာဂကို ဖခင်ကြီး ဦးကြည်သိန်းအား အစထား၍ အားလုံးသော ပုဂ္ဂိုလ်အပေါင်းတို့အား အမျှပေးဝေဖြစ်ခဲ့တယ်။ အခုအချိန်မှာ မိခင်နေရာရောက်နေတဲ့ ကျမလဲ ကျေးဇူးရှင် မိဘနှစ်ပါးရဲ့သမီးဖြစ်ခဲ့တာမို့ အခွင့်ကြုံတိုင်း မိမိတစ်နိုင် အုတ်တစ်ချပ် သဲတစ်ပွင့် လှူဒါန်းရင်း ကျေးဇူးဆပ်နေဆဲပါ။ တရားဒေဿနာတော် များစွာထဲကနေ တစ်ပုဒ်ဖြစ်တဲ့ ‘မိဘ မျှော်လင့်ချက် ၅-ချက်’ တရားတော်ကို သားသမီးတိုင်းနာယူ လိုက်နာ ဆောင်ရွက်ခြင်းဖြင့် အမွေခံကောင်း သားသမီးများ ဖြစ်သင့်ပါတယ်။
၁။ သက်ရှိထင်ရှား မိဘနှစ်ပါးအား အချိန်မလွန်ခင် စောင့်ရှောက်သင့်။
၂။ မိဘရဲ့လုပ်ငန်းများကို တိုးတက်အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သင့်။
၃။ မိဘရဲ့မျိုးနွယ်အား ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သင့်။
၎။ စစ်မှန်တဲ့ အလှူအတန်းကုသိုလ်များပြုသင့်။
၅။ ဘ၀တစ်ပါးပြောင်းသွားသော မိဘများကို အမျှဝေပေးသင့်။
မိဘနှစ်ပါးက သားသမီးတိုင်းရဲ့ စားဝတ်နေရေးကို ကျွေးမွေးစောင့်ရှောက်နိုင်ပေမယ့် သားသမီးတိုင်း မိဘနှစ်ပါးအပေါ် စောင့်ရှောက်နိုင်ဘို့ ခဲယဉ်းနေတာ သဘာဝတရားပဲလား?
ကျေးဇူးရှင် ဖေဖေရဲ့ အကြောင်းနဲ့ပတ်သက်ပြီး‘ဂုဏ်ယူလျှက်ပါဖေဖေ(သို့) ဦးကြည်သိန်း’ပို့စ်လေးကို ၅-၇-၂၀၁၁ရက်နေ့မှာ ရေးခဲ့ဘူးသလို
ကျေးဇူးရှင်ဖခင် ကွယ်လွန်ခဲ့တဲ့ နေ့ရက်ကို အမှတ်တရဖြစ်စေဘို့ ‘ကျမတို့ချစ်သောဖေဖေ’ပို့စ်လေးကို ၄-၇-၂၀၁၁ရက်နေ့မှာ ရေးခဲ့ဘူးပါတယ်။
ကျေးဇူးရှင် မွေးဖခင် ဦးကြည်သိန်း
 ဆွမ်းချိုင့်
 အဒေါ်ငယ် ညီမလေးတို့နဲ့အတူ
 ကထိန်သင်္ကန်း နှင့် န၀ကမ္မ၀တ္ထုကပ်လှူ
ဆွမ်းချိုင့်ကပ်လှူ

(ဂျက်နဲ့မြတ်ကြည်လေးတို့ရဲ့ စိန်ခေါ်ပို့စ်လေးကို တုန့်ပြန်လိုက်ပြီနော်)

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz