x

15.6.15

မယုံပေမယ့် ကြုံခဲ့ဘူးတယ် -၂


ကိုယ်တွေ့ကြုံခဲ့ဘူးတဲ့ ထူးဆန်းဖွယ်ရာ ဖြစ်ကြောင်းရယ်ကုန်စင်လေးတွေကို ကျမတစိမ့်စိမ့် ပြန်တွေးနေမိတယ်။ ကျမအသက် ၇-နှစ်ပြည့်တဲ့မွေးနေ့ရက်မှာ မွေးသမိခင်ကျေးဇူးရှင်မေမေ သူခင်တွယ်တဲ့အသိုင်းအ၀ိုင်းကို ရုတ်တရက် ခွဲခွာသွားပြီးတဲ့နောက်ပိုင်း အရိပ်အရောင်ပြဘို့ နေနေသာ အိပ်မက်ထဲတောင် အလည်လာရောက်ခြင်း အလျဉ်းမရှိခဲ့။ မိခင်ကို ရင်ထဲကနေ တမ်းတမ်းတတ လွမ်းဆွတ်တတ်တဲ့ အသက်အရွယ် ရောက်လာချိန်မှာတော့ မှတ်မှတ်ရရဆိုလို့ နှစ်တွေကြာမှ တစ်ကြိမ်လောက် မက်မက်လာခဲ့တယ်။ အိပ်မက်တိုင်းလိုလိုမှာ စကားတစ်လုံးမှ ပြောဆိုခြင်းမရှိပေမယ့် ကျမမေးတဲ့ မေးခွန်းလေးတွေကို ခေါင်းညိတ် ခေါင်းခါဟန်အမူယာနဲ့ ပြန်ဖြေလေ့ရှိခဲ့တယ်။ အိပ်မက်တစ်ခုနဲ့တစ်ခုက ဆင်တူရိုးမှားမျိုး ထူးထူးဆန်းဆန်း မက်လေ့ရှိတယ်။ အိပ်မက်ကိုမြင်မက်တိုင်း ကျမနေတဲ့အိမ်ကို အလည်လာပြီး ဧည့်ခန်းမှာဝင်ထိုင်တယ်။ ကျမက ‘မာမီကော်ဖီသောက်မလား’လို့မေးတိုင်း ခေါင်းညိတ်ပြလို့ ကျမကော်ဖီတစ်ခွက်ကို အမြန်ဆုံးနည်းနဲ့ ဖျော်ပြီးဧည့်ခံလေ့ရှိတယ်။ ကျမမေမေအလည်လာတဲ့ အချိန်တိုင်းလိုလို အိမ်မှာကျမတစ်ယောက်ထဲ ရှိနေတတ်ပြီး ကျွေးမေမေ ဖေဖေနဲ့မောင်နှမတစ်တွေ အပြင်သွားနေတဲ့အချိန်ချည်း ဖြစ်နေတာကို သတိထားမိတယ်။ အိပ်မက်ထဲမှာ ကျမရဲ့မေမေကွယ်လွန်ပြီးတာကိုလဲ သိနေပြန်တယ်။ မေမေက သိတ်လှနေပြီး ကိုယ်ရောင်ကိုယ်ထည် ၀င်းလက်နေလေ့ရှိတယ်။ ပထမ ၂-ကြိမ်လောက်မှာတော့ သတိမထားမိပေမယ့် နောက်ပိုင်းအိပ်မက်တွေ မက်ရင် ကျမကိုလာပြီး သတိပေးတာပဲလို့ စိတ်ကအစွဲတစ်ခုလိုဖြစ်နေတယ်။ အိပ်မက်မက်ပြီး ရက်ပိုင်းအတွင်းမှာ ကျမ အမှန်တကယ်ပဲ အသက်အန္တရာယ် တစ်ခုခုနဲ့အမြဲလိုလို ကြုံခဲ့ဘူးတာကြောင့်လဲ ပိုပြီးသတိထားမိလာခြင်းပါ။
ပထမအကြိမ်မက်စဉ်က ကျမတိုက်ဖွိုက်ကြောင့် ရက်ရှည်အပြင်းဖျားပြီး ဆရာဝန်လက်လျော့ကာ တစ်ယောက်ပြီး တစ်ယောက်တဖြုတ်ဖြုတ် သေနေတဲ့အခန်းမကြီးထဲအထိ အပို့ခံရပြီးရောက်ခဲ့တာမျိုး။ ဒုတိယအကြိမ်မက်စဉ်က ဆယ်တန်းဖြေပြီး သတိလက်လွတ် အပြင်းဖျားခဲ့ပြန်တယ်။ တတိယအကြိမ်မက်တော့ တက္ကသိုလ်ကျောင်းသူဘ၀မှာ ဘီးပေါက်လာတဲ့ ကားက ကျမဆီကိုတည့်တည့်မတ်မတ်ရောက်လာတာမျိုး။ မထင်မှတ်တဲ့အချိန်တွေမှာ မေမေ့ကို အိပ်မက်မက်ရင် ဖြစ်လာတတ်စမြဲမို့ ကိုယ့်ကိုယ်ကို ပိုပြီးအနေအထိုင်အသွားအလာ သတိချပ်နေခဲ့ရတယ်။ အလားတူဖြစ်ရပ်မျိုးလေးတွေ တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင်ကြုံလာခဲ့တာတွေ အိမ်ထောင်ပြုပြီးတဲ့အခါမှာတော့ ကျမမေမေတစ်ယောက် ပျောက်ချက်သားကောင်းသွားတယ်။ အန္တရာယ်တွေအကြားက လွတ်မြောက်သွားလို့ပဲလား ကျမအတွက် ဘ၀လက်တွဲဖေါ်ရှိသွားပြီမို့ စိတ်ချသွားတာလားလို့ ကျမရဲ့မွေးနေ့ရောက်တိုင်း ကျေးဇူးရှင် မွေးမေမေအတွက် အမျှပေးဝေရင်းတွေးတောခဲ့ဘူးတယ်။ နှစ်တွေကြာလာတော့လဲ ဒီအတွေးလေးတွေ ပျောက်ခြင်းမလှ ပျောက်ကွယ် လွင့်စင်ခဲ့ပြီး ၁၉၉၆-ခုနှစ်မှာတစ်ကြိမ်မက်တော့ ကိုယ့်အတွက်အားကိုးစရာ အရံအတားအဖြစ် တတ်သမျှ မှတ်သမျှ တရားတော်တွေကို ရွတ်ဖတ်သရစ္ဇျာယ်ရင်း ကြိုတင်ခန့်မှန်းလို့မရတဲ့ အန္တရာယ်စက်ကွင်းက အတတ်နိုင်ဆုံး လွတ်အောင် ကြိုးစားအားထုတ်ခဲ့တယ်။ ရက် လ နှစ်တွေညောင်းသွားပေမယ့် ထူးခြားချက်တစ်စုံ တစ်ရာဖြစ်မလာလို့ စိတ်သက်ရာရသွားခဲ့တယ်။ နှစ်တွေကြာလာတော့မှ ကျမသိလိုက်ရတာက အဲ့ဒီနှစ်မှာ ကျမရဲ့နံပါတ် ၄-မောင်ငယ် လောကကြီးထဲမှာ မရှိတော့ဘူးဆိုတဲ့ သတင်းဆိုးကပေါ်လာတယ်။ အရာရာဟာ အနတ္တသဘောမို့ ကျမအတွက် ဖြစ်ကြုံလာတဲ့ အကြောင်းကံတရားကို စောဒဂတက်မနေပဲ အကောင်းဆုံးနည်းလမ်းကိုရွေးကာ မောင်ငယ်အတွက် ကောင်းမှုကုသိုလ် ရလိုရငြား လုပ်ဆောင်ပေးခဲ့တယ်။
၂၀၀၉-ခုနှစ် ဇွန်လနောက်ဆုံးအပတ်မှာ ခင်ပွန်းဖြစ်သူတာဝန်ကျရာ မန္တလေးဘက်ကို အလည်သွားစဉ် ရန်ကုန်မပြန် တစ်ညမှာ မက်နေကျအိပ်မက်မျိုး တစ်ခါမက်ပြန်တယ်။ ကျမရဲ့ခင်ပွန်းဖြစ်သူကို ပြောနေရင် စိုးရိမ်တာကလွဲလို့ ဘာမှအကျိုးမရှိတာကြောင့် နှုတ်ဆိတ်စွာနဲ့ပဲ ရန်ကုန်ကိုပြန်လာခဲ့တယ်။ ရန်ကုန်ပြန်ရောက်တဲ့ အချိန်ကစပြီး ဗိုက်ကနာနေပေမယ့် အစာအိမ်နာတာဖြစ်မယ်လို့ ကိုယ့်ကိုယ်ကို လူတတ်ကြီးလုပ်ပြီး ဘတ်စ်ကိုပဲန်ဆေး (buskopan) သောက်တယ်။ ဇွန်လ ၃၀-ရက်နေ့ ည ၉နာရီလောက်ကစပြီး ဗိုက်နာတာ ပုံမှန်နာတာမျိုး မဟုတ်ပဲ တစ်ချက်တစ်ချက် နာတဲ့အရှိန်က ပြင်းထန်လာတယ်။ ညဥ့်သန်းခေါင်မှာတော့ ဇောချွေးတွေ ပြန်လာပြီး ခပ်ပြင်းပြင်းဆက်တိုက် နာလာတော့တယ်။ ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီး ၈-၆-၂၀၁၁ရက်နေ့က ‘ဂတိနမိတ်နှင့် အဂတိနိမိတ်’ ပို့စ်လေးကို တင်ခဲ့ဘူးပါတယ်။ မဖတ်ဘူးသေးတဲ့ ကြောက်တတ်သူများ ဖတ်ဖြစ်အောင် ဖတ်လိုက်ကြနော်။

ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz