x

22.6.15

မယုံပေမယ့် ကြုံခဲ့ဘူးတယ် -၃


အပေါ်ထပ် အိမ်ရှေ့ဝရံတာရှိ ခုံလေးပေါ်ထိုင်ရင်း ကျမရဲ့ဝန်းကျင်မှာရှိတဲ့ သစ်ကိုင်း သစ်ခက် သစ်ရွက်တို့ကို ငေးမောကြည့်နေစဉ်အတွင်း လေပြင်းလေးတစ်ချက်အဝေ့မှာ ရင့်ရော်နေတဲ့ သစ်ရွက်တို့သာမက အညွန့်လေးအချို့အပါအ၀င် အပင်ထက်မှ ကြွေကာကျလို့ မြေခကြရတယ်။ လူတို့ရဲ့အသက်တို့လည်း မြင်နေရတဲ့ အကြွေသစ်ရွက်လေးများပမာ အသက်အပိုင်းအခြားမရှိ မျှော်မှန်းမထားတဲ့အချိန်မှာ တစ်ဖြုတ်ဖြုတ်ကြွေလို့သာနေကြရပြန်တယ်။ သန္ဓေတည်ပြီး မွေးဖွားခြင်းအစဟာ သေဆုံးခြင်း နိဂုံးအတွက်သာပါလားလို့ အစချီပြီး အတွေးစလေး အတောမသတ်နိုင်ပဲ ရောက်တာရာရာ တွေးမိပြန်တယ်။ ထိုထိုသောလူတို့သေခြင်းများနဲ့ပတ်သက်ပြီး ကျမဖတ်ခဲ့ဘူးတာကို ပြန်သတိယပြန်တယ်။
၁။ အာယုက္ခယ = သက်တမ်းကုန်လို့သေရခြင်း၊
၂။ ကမ္မက္ခယ = ကံအစွမ်းကုန်လို့ သေရခြင်း၊
၃။ ဥဘယက္ခယ = သက်တမ်းကံကုန်၊ နှစ်ပါးစုံ ကုန်လို့သေရခြင်း၊
၎။ ဥပစ္ဆေဒက = လောလောလတ်လတ် ကံတစ်ပါးဖြတ်လို့ မသေသင့်ပဲ သေရခြင်းတို့ပါ။
ဒီအကြောင်းလေးတွေနဲ့ ဆက်စပ်တွေးမိတာက မနေ့က ဖေ့ဘုတ်မှာ အဖေအကြောင်းတွေ ကြည်နူးစရာ ပလူပျံလို့ဖတ်ခဲ့ရတယ်။ သက်ရှိထင်ရှား ရှိနေဆဲ ဖခင်များအကြောင်းကို အားကျပြီး ဖတ်ခဲ့ရသလို ဘ၀ခြားသွားပြီဖြစ်တဲ့ ဖခင်များအကြောင်းကိုလဲ ဖတ်ရပြန်တယ်။ နောက်ဆုံးကျမလဲ ဖေဖေ့ကို သတိရလွမ်းဆွတ်မိတာကြောင့် ပို့စ်ဟောင်းလေးကို တစ်ကျော့ပြန်လည်လို့ တင်ခဲ့မိပေမယ့် ကျမရဲ့ အတွေးသံသရာကတော့ ပြီးဆုံးသွားခြင်းမရှိပဲ အတိတ်စက်ဝိုင်းကြီးထဲမှာ တစ်ဝဲလည်လည်ဖြစ်နေဆဲ။ ဆန်းကျယ်မှုတွေ စုံလင်လှတဲ့ လူ့ဘုံဘ၀အတွင်း ဖြစ်ပျက်မှု အကြောင်းအရာများတစ်ချို့တစ်ဝက် ရေးသားဘူးခဲ့သလို မရေးဖြစ်ခဲ့တာတွေလဲ ရှိနေသေးတယ်။
ကျမရဲ့ကျောယားယံတဲ့အခါ၊ အကြောင်းကိစ္စလေးတွေ မလုပ်မိပဲ မေ့တတ်တဲ့အခါ၊ စိတ်နောက်ကို ကိုယ်မပါနိုင်တဲ့အခါ၊ နေမကောင်းလို့ ဂတိနမိတ်၊ အဂတိနမိတ်တွေနဲ့ ကြုံရတဲ့အခါ ဒီလိုအချိန်တိုင်းမှာ ဖခင်ကြီးကို သတိယမိတာနဲ့အမျှ ဖခင်ကြီးပြောခဲ့တဲ့ စကားလုံးတွေ နားထဲမှာ ပဲ့တင်ထပ်နေမိတယ်။ ဘယ်လိုအခြေအနေဖြစ်ဖြစ် ဆေးရုံမတက်ချင်တဲ့ ဖခင်ကြီး နာမကျန်းဖြစ်စဉ်အချိန်က သူ့ရဲ့စံပျော်ရာ ကိုယ်ပိုင်အိပ်ခန်းလေးထဲမှာထားပြီး လိုအပ်တာလေးတွေ ဖြည့်ဆည်းပေးခဲ့တယ်။ တတိယမြောက် ညီမလေးက ဖခင်ကြီးနဲ့အနေများပြီး ကျမကတော့ နေ့စဉ်ပုံမှန် အလုပ်ကိုမသွားခင် တစ်ကြိမ် အလုပ်ကပြန်ရောက်ရင် တစ်ကြိမ် အဖေါ်လုပ်ပေးသလို ညအိပ်ချိန်မှ ကျမအိမ်ပြန်စမြဲပါ။ အလုပ်ပိတ်ရက်တိုင်း ဖခင်အတွက် အချိန်ပိုပေးဖြစ်ခဲ့တယ်။ မောင်နှမတွေများပေမယ့် ဘ၀ဇာတ်ဆရာရဲ့ အလိုကျ တိုင်းတစ်ပါးကို တချို့တ၀က်ရောက်နေကြသလို နေရာဒေသ ဝေးလံတဲ့နေရာကို တချို့ရောက်နေတာမို့ ဖခင်ကြီးအနီးမှာ ကျမတို့ညီအစ်မနှစ်ယောက်သာ အနေများခဲ့တယ်။ ဖခင်ကြီးရဲ့ ညီနဲ့ညီမတွေကတော့ အဆင်ပြေရင် ပြေသလို မကြာခဏ ရောက်လာတတ်ကြတယ်။ လူသားတိုင်းအပေါ် ဖြူစင်ပြီး မွန်မြတ်တဲ့စိတ်ထားလေးကို မယိုမယွင်းအဆုံးတိုင် ထိန်းသွားနိုင်တဲ့ ဖခင်ကြီးရဲ့ နောက်ဆုံးအချိန်တွေဟာ အထီးမကျန်ခဲ့တာကို ပြန်တွေးမိလေတိုင်း ကျမကျေနပ်မိပါတယ်။
ကျမခင်ပွန်းရဲ့ တပည့်တပန်းလေးတွေ အလှည့်ကျ ဖခင်ကြီးအနားမှာ ညညအိပ်စောင့်ပေးတဲ့အပြင် တစ်နေ့လုံး အရိပ်တကြည့်ကြည့် လုပ်ပေးနေတဲ့ မာရီနဲ့ မာမူးဆိုတဲ့ တူမလေးတွေ အချိန်ပြည့် ရှိကြပြန်တယ်။ ဖခင်ကြီးရဲ့ တစ်ဘ၀အတွက် စိတ်ပူပင်စရာမရှိဘူးဆိုတဲ့တိုင် ရှောင်လွှဲလို့မရတဲ့ ဖြစ်ရပ်ဆန်းလေးတွေဟာ အံ့သြစရာပင်။ မဆုံးခင် တစ်လခန့််အလိုမှာ ကျမရောက်ပြီဆိုရင် ဖခင်ကြီးက ကျမနာမည်ကိုခေါ်ပြီး ‘ဒယ်ဒီ့ရဲ့အခန်းတံခါးဝမှာ ရပ်နေတဲ့ အဲ့ဒီခေါင်းပြားပြားနဲ့ လူကြီးကို မောင်းထုတ်ပေးပါ၊ တချိန်လုံး ဒယ်ဒီကို အခန်းဝကနေ လာလာကြည့်နေတာ မကြိုက်ဘူး။ နောက်ပြီး ရှိသေးတယ်၊ မီးဖိုထဲမှာ တစ်ချိန်လုံး တစ်ခုခုအမြဲချက်နေတဲ့ အရပ်ရှည်ရှည်ခါးကုန်းကုန်းကြီးနဲ့ အရပ်ပုပုမိန်းမကြီးတို့လဲ တစ်ခါတစ်လေ ဒယ်ဒီ့ကို လာလာကြည့်တာမကြိုက်ဘူး’ ဆိုတဲ့စကားကို မကြာခဏပြောတတ်သလို ကျမ အခန်းတံခါးဘက်ကို လှည့်ကြည့်လိုက်ရင် ဖခင်ကြီးက ‘မြင်လား မြင်လား သူတို့ကအဲ့လိုကြည့်ပေးမှ အခန်းဝကနေ ထွက်သွားတတ်တာ’ တဲ့။ ကျမကို တိုင်ပြောသလိုပဲ ညီမလေးက သူ့ကိုလဲအဲ့ဒီစကားတွေ ပြောတဲ့အကြောင်း ကျမကို ပြောပြတယ်။ ကျမက ‘ဒယ်ဒီ တရားများများထိုင်ပါလား’ လို့ပြောတိုင်း ‘မနက်မျက်နှာသစ်ပြီးတိုင်း ထိုင်ပါတယ်’တဲ့။ အဖော်လာအိပ်ပေးတဲ့ တပည့်လေးတွေမေးတော့ တကယ်ထိုင်တယ်လို့ သိရတယ်။
ကျမဖခင်ကြီး ကျောယားယံလို့ ကျောကုတ် လက်ပုံသစ်သားနဲ့ ကုတ်ပေးတဲ့အခါဆိုရင် ‘ဒယ်ဒီက ကံကောင်းပါတယ်၊ ကျောယားတာတောင် ကုတ်ပေးမဲ့ သမီးတွေရှိတယ်၊ မိဘကို စောင့်ရှောက်တဲ့ သားသမီးတွေ တစ်ဘ၀အတွက် အစစအရာအရာ အဆင်ပြေလိမ့်မယ်’ ဆိုပြီး ဆုတွေဆက်တိုက် တောင်းပေးလေ့ရှိတယ်။ ကျမဖေဖေဟာ မဆုံးခင်နောက်ဆုံးအချိန်အထိ ပစ္စည်းတွေ ဘယ်နားထားမိပါလိမ့် ဆိုတာမျိုး တစ်ကြိမ်တစ်ခါမှ မပြောခဲ့ဘူးသလို ဘယ်လိုအကြောင်းအရာဖြစ်စေ စာနဲ့ရေးမှတ်လေ့ရှိတယ် အသက်အရွယ်ကြောင့် လက်တုန်ပြီး စာရေးမရတဲ့ အချိန်များမှာ ကျမဖြစ်စေ ညီမလေးကိုဖြစ်စေ သူ့မှတ်တမ်းစာအုပ်မှာ ရေးစေခဲ့တယ်။ ကျမကို ပြောခဲ့ဘူးတယ်။ ‘အသက်အရွယ်ပေါ်မှာမူတည်ပြီး လူတွေဟာ မေ့လျော့လာတတ်ကြတယ်။ ဒါကြောင့် အဲ့ဒီအချိန်ကာလကို မရောက်ခင်ထဲက ဘာပစ္စည်းဖြစ်ဖြစ် အမှတ်သညာလေးနဲ့ နေရာ အတည်တကျထားတဲ့ အလေ့အထကို အမြဲကျင့်သုံးရမယ်။ အထူးသဖြင့် လုပ်ရမယ့်အလုပ်ကို နောက်မှလုပ်မယ်ဆိုတဲ့ အတွေးမျိုးမရှိအောင် သတိထားရမယ်’ တဲ့။ ‘အခုချိန်မှာ ဒယ်ဒီရဲ့ဇာတိချက်ကြွေ မွေးရပ်မြေကို ချက်ခြင်းထသွားချင်ပေမယ့် ဆန္ဒသာရှိတယ် ခန္ဓာကိုယ်က မလိုက်နိုင်ဘူး၊ ဒါမျိုးတွေမဖြစ်မနေ တစ်နေ့ကြုံရမယ်ဆိုတာကို အမြဲနှလုံးသွင်း သတိကပ်တတ်ဘို့လိုတယ်၊ လိုချင်တာမရ၊ စိတ်တိုင်းမကျရင် ဖြစ်လာတတ်တဲ့ ဒေါသဟာ ဒီဘ၀အတွက်မှာတင်မကဘူး နောင်ဘ၀တွေအတွက်ပါ ဆိုးကျိုးတွေပဲပေးသွားလိမ့်မယ်’။ နေမကောင်း ထိုင်မသာဖြစ်တဲ့ကြားကနေ ပြောခဲ့တာလေးတွေ၊ ဖခင်ကြီးနှုတ်က ထွက်ကျလာတဲ့ စကားလုံးတွေဟာ ကျမဘ၀အတွက် အမြဲသတိယစေပြီး တန်ဘိုးမဖြတ်နိုင်တဲ့ အမှတ်တရစကားလုံးတွေပါ။ ကျမဖခင်ကြီး ကျမတို့မောင်နှမတွေအပေါ် ဘယ်လိုစည်းစနစ်လေးတွေနဲ့ လေ့ကျင့်ပေးခဲ့တယ်ဆိုတာ မဖတ်ဘူးသေးရင် ၁-၇-၂၀၁၁က ရေးခဲ့ဘူးတဲ့ ‘ကျမချစ်သောအစ်ကိုနှင့် မောင်ငယ်ညီမငယ်များ’ ကို ဆက်ဖတ်လို့ ရပါသေးတယ်။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။
မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz