x

7.10.15

မယုံပေမယ့် ကြုံခဲ့ဘူးတယ်-၎


အကြောင်းအကျိုး အကောင်းအဆိုးတို့နဲ့ ဆက်စပ်နေလေ့ရှိတဲ့ လောကရဲ့သဘောသဘာဝ တရားလေးတွေကို သင်လဲကြုံဘူးမှာပါ။ တိုက်ဆိုင်မှုဆိုတာလဲ အမှန်တော့ အကြောင်းအကျိုး ဆက်နွယ်ချက်တစ်ခုအဖြစ် ကျမယုံကြည်ထားတယ်။ ငယ်စဉ်တောင်ကျေး ကလေးဘ၀ထဲက ဖျောက်ဖျက်လို့ မရလောက်အောင် ကျမရဲ့ဦးနှောက်မှာ သံမှိုရိုက်ထားသလို အရိုးစွဲနေအောင် ယုံကြည်နေမိတဲ့ အချက်တစ်ချက်က အောက်မျက်ခမ်းစပ်တွေလှုပ်ရင် ပြဿနာတစ်ခုခုကို နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့ရတော့မယ်ဆိုတဲ့ အစွဲတစ်ခု။ လူစိတ်ဆိုတာ ခက်ပေသား အသက်အရွယ် ရလာတော့ ဒါဟာသွေးသား မညီလို့ဖြစ်တာ ခေါင်းခါ လည်ခါ အဓိပ္ပာယ်မရှိတာ ယုံစရာမဟုတ်တာချည်းလို့ အသိစိတ်ကငြင်းဆိုနေတဲ့တိုင် မသိစိတ်ကတော့ လှုပ်နေတဲ့ အောက်မျက်ခမ်းစပ်ကို ပွတ်သပ်ရင်း ‘မကောင်းမှုမှန်သမျှ အဝေးသို့ ဖယ်ရှားနိုင်ပါစေ အန္တရာယ်အပေါင်းက ကင်းဝေးပါစေ’ ရယ်လို့ တတွတ်တွတ်ရေရွတ်မိနေပါရဲ့။ တစ်ကြိမ်နှစ်ကြိမ်ကို တိုက်ဆိုင်မှုရယ်လို့ စိတ်ဖြေလို့ရပေမယ့် အကြိမ်တိုင်းလိုလို တိုက်ဆိုင်နေတော့ ယုံကြည်တဲ့ဖက်ကို စိတ်ကညွတ်လာခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကစပြီး ကျမရဲ့အောက်မျက်ခမ်းတွေ မကြခဏလှုပ်တော့ အသက် ၈၃-နှစ်ကျော်ပြီဖြစ်တဲ့ မိခင်ကြီးကို စိတ်က ရောက်ရောက်နေသလို အသက်အရွယ်ရလာတဲ့ ဦးလေးအဒေါ်တွေအတွက်လဲ ဆုတောင်းမိခဲ့တာ အကြိမ်ကြိမ်။ တစ်ဦးတစ်ယောက်မျှ ရွေးချယ်ခွင့်မရှိပဲ ရုပ်လတ်မြတ်မရွေး အချိန်အခါ မမှန်းဆနိုင်ချိန်အတွင်းမှာ ဖြောင့်ဖြောင့်တန်းတန်း သွားရမယ့် သေလမ်းကို လူတိုင်းသိနေကြပေမယ့် လက်တွေ့ဖြစ်တည်မှုအပေါ် စိတ်ရဲ့ထွက်ပေါက်အဖြစ် ကြေကွဲ ၀မ်းနည်း ပူဆွေးကြရပြန်တယ်။
၂-၁၀-၂၀၁၅ ညနေပိုင်းမှာ လူကနေမကောင်းဖြစ်ချင်သလိုလို ဒါပေမယ့် ဖြစ်ခဲလှတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရဲ့လွန်ကဲမှုကြောင့် ကြိုတင်ကာကွယ်ဆေးသောက်ခြင်း မပြုခဲ့။ သားငယ် လှမ်းမေးထားတဲ့ ကိစ္စကို ဖြန့်ချီရေးတာဝန်ခံ ဝေလွင်ဦးဆီကျမဖုန်းဆက် မေးခဲ့တယ်။
‘ဝေလွင်ဦးရေ ထက်ထက်က မဂ္ဂဇင်းတွေဖြန့်ဝေမှုနဲ့ပတ်သက်ပြီး မြစ်ကြီးနား၊ ပြင်ဦးလွင်နဲ့ မော်လမြိုင်ဘက်က ဘယ်စာအုပ်ဆိုင်တွေမှာ ရနိုင်မလဲမေးနေတယ်’ ကျမရဲ့အမေးကို ဝေလွင်ဦးက-
‘အရင်ကျနော်တို့ ပို့ခဲ့တဲ့ဆိုင်တွေတော့ရှိတယ် ၃-လတိတိ ဆက်တိုက်ပို့ခဲ့ပေမယ့် ရောင်းအားမရှိလို့ ပြန်ဖျက်ခဲ့တယ် အစ်မ’
‘အင်းအင်းပြီးရော ထက်ထက်ကို ပြန်ပြောလိုက်မယ်’ ကျမနဲ့ဝေလွင်ဦးတို့စကားပြောအပြီး- ကျမတစ်ကိုယ်လုံး ကိုက်ခဲနေသလို ခန္ဓာကိုယ်ကို မသယ်ချင်လောက်အောင် စိတ်ကထိုင်းမှိုင်းလို့လာပြန်တယ်။ အပေါ့အပါးသွားဘို့တောင် အတော်လေးစိတ်ကို တွန်းအားပေးပြီး ထသွားရတဲ့အဖြစ်။ တစ်လမ်းထဲနေ ဆရာဝန်ညီမ၀မ်းကွဲကို လှမ်းခေါ်တော့ ညီမလေးရောက်လာပြီး ကျမကို သွေးပေါင်ချိန်တိုင်း လိုအပ်သည်များ စစ်ဆေးကာ လောလောဆယ် သက်သာစေဘို့အတွက် ဆေးကျွေးတယ်။ ရေကိုအနည်းဆုံး တစ်နေ့ ၃-လီတာကုန်အောင် သောက်ရမယ်လို့ မှာတယ်။ တစ်ကိုယ်လုံး နာကျင်နေတဲ့ဝေဒနာကို ရှုကြည့်ရင်း စိတ်ရဲ့ဖြေရာအဖြစ် တရားလေးမှတ်နေတော့ ဆေးအရှိန်ကလဲရလို့ ထင်ပါရဲ့ သက်သာလာသလိုလိုရှိခဲ့ပေမယ့် မကြာလိုက်တဲ့အချိန်အတွင်းမှာ သက်သာလာတယ်လို့ ထင်ရတဲ့ဝေဒနာ အရှိန်အမြင့်ဆုံးကို ရောက်သွားပါတော့တယ်။ အကြောင်းက စနေနေ့ မနက် ၁၀နာရီဝန်းကျင်မှာ ဖုန်းတစ်လုံးဝင်လာတယ်။ ဖုန်းနံပါတ်ကို ကြည့်လိုက်တော့ ဝေလွင်ဦးရဲ့ဖုန်းနံပါတ်ပါ။ တစ်နည်းဆိုရရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅-နှစ်ကျော်က တပ်မတော် မိုးရေကာဖျင်စက်ရုံမှာ တာဝန်ထမ်းဆောင်ခဲ့စဉ်က ကျမရဲ့လက်အောက်မှာ စက်ပြင်တာဝန်ကို ထမ်းဆောင်ခဲ့သူ တစ်ဦးဆိုလည်းမမှားပါဘူး။
‘ဟယ်လို ပြော ဝေလွင်ဦး ဘာကိစ္စရှိလို့လဲ’ ကျမရဲ့အမေးကို တစ်ဖက်က ပြန်ဖြေလာသူက ဝေလွင်ဦးရဲ့ ညီမဖြစ်သူပါ။
‘အန်တီ အစ်ကိုကြီး ဘတ်စ်ကားပေါ်မှာ သတိလစ်သွားလို့ အစ်ကိုကြီးတစ်ယောက်က ရုံးပေါ်တင်ပြီး ခဏကြည့်ပေးထားရင်း ကျမတို့ကို လှမ်းအကြောင်းကြားလို့ အခုကျမတို့ အဲ့ဒီကိုသွားနေတာ အနီးဆုံးဖြစ်တဲ့ အင်းစိန်ဆေးရုံကို ပို့မလို့’ ကျမချက်ခြင်းဆိုသလို ‘ဟင် ဘယ်လိုဖြစ်တာလဲ အန်တီလဲကုတင်ပေါ်လဲနေတာ ကျော်ကျော့်ကို ချက်ခြင်းသတင်းပေးလိုက်မယ် အခြေအနေကို လှမ်းပြောအုံးနော်’ ပြောကာ ဖုန်းချပြီး သားကြီးကို ချက်ခြင်းအကြောင်းကြားလိုက်ပါတယ်။ သူလည်းအလုပ်တစ်ခုနဲ့ မြို့ထဲရောက်နေတာမို့ မဂ္ဂဇင်းတိုက်က တာဝန်ခံတစ်ယောက်နဲ့ ပုံနှိပ်တိုက်က တာဝန်ခံတစ်ယောက်တို့ကို ချက်ခြင်းလိုက်သွားဘို့ စီစဉ်ပြီးစေလွှတ်လိုက်ပါတယ်။ ကျမရဲ့ တည်ငြိမ်အောင် ထိန်းနေရတဲ့စိတ်တွေ ဝေလွင်ဦးအတွက် ကျမရွတ်ဖတ်နေတဲ့ ဓါရဏပရိတ်တော် စာသားများနဲ့အတူ သံပြိုင် လှုပ်ခတ်လို့နေပြန်တယ်။ ဖုန်းသံထပ်မြည်လာတော့ စိတ်ထဲကဆုတောင်းမိတယ် ဝေလွင်ဦး သတိပြန်လည်လာပြီဆိုတာမျိုး၊ ကျမဆုတောင်းမပြည့်ခဲ့ပါဘူး-
‘အန်တီ ဝေလွင်ဦးက ဦးနှောက်သွေးယိုပြီး လေဖြတ်တာတဲ့ သတိတော့မလည်သေးဘူး အခု နျူရိုဆေးရုံကို ပို့တော့မယ်’ မဂ္ဂဇင်းတိုက်က ၀ယ်ရောင်း တာဝန်ခံဆီက သတင်းရတော့ ကျမ ကိုယ်တိုင်ထလိုက်သွားချင်ပေမယ့် စိတ်နောက်ကို ခန္ဓာက မလိုက်နိုင်ခဲ့။ ကျမရဲ့ဦးခေါင်းလဲ ပုံမှန်ထက် အနည်းငယ်ပိုကြီးလာသယောင် ခံစားနေမိပြန်တယ်။ ကျမရဲ့စိတ်ကို အတည်ငြိမ်နိုင်ဆုံးဖြစ်အောင် ပဌာန်းအကျယ်ကို ရွတ်ဖတ်သရစ္ဇျာယ်ရင်း အာရုံကို စုစည်းနေမိသလို တစ်ချက်တစ်ချက် လွတ်သွားတဲ့စိတ်ကို ပြန်စုစည်းနေရပြန်တယ်။ ညနေပိုင်း ဖုန်းတစ်ချက်ထပ်မြည်လာတော့ စိတ်ထဲမှာ သတိပြန်လည်လာတဲ့ သတင်းဖြစ်ပါစေလို့ ကျိတ်ဆုတောင်းရင်း ဖုန်းကိုကိုင်လိုက်တော့-
‘အန်တီ အခုပဲ ဝေလွင်ဦးဆုံးသွားပြီ’ မြန်ဆန်လွန်းလှတဲ့ အဖြစ်အပျက်တစ်ခုမို့ ယုံရခက်ခက် ဆိုသည့်တိုင် ဖြစ်ရပ်မှန်မို့ ကျမနှုတ်ကနေ ‘ဝေလွင်ဦးတစ်ယောက် မြင့်မြတ်တဲ့ ဘုံဘ၀ကိုရောက်ပါစေ’ လို့ဆုတောင်းမိသလို ကျမပြုခဲ့သမျှသော ဒါန သီလ ဘာဝနာကုသိုလ်အစုစုတို့ကိုလည်း ဝေလွင်ဦးမှအစပြု၍ သုံးဆယ့်တစ်ဘုံတွင် ကျင်လည်ကြကုန်သော ဝေနေယျ သုခိတ ဒုက္ခိတအပေါင်းကို အမျှပေးဝေခဲ့ပြန်ပါတယ်။ ကိုယ့်ကိုယ်ကိုလည်း မဟန်နိုင်တော့တဲ့အဆုံး သားကြီးတို့လင်မယား ပန်းလှိုင်ဆေးရုံကို လိုက်ပို့ပေးပြီး သွေးပေါင်ချိန် ကျနေတဲ့ကျမ ဆေးကုသခံရပါတယ်။ တနင်္လာနေ့ ဝေလွင်ဦးရဲ့ နောက်ဆုံးခရီးကို ကျမလိုက်ပို့ဆောင်နိုင်ခြင်း မရှိတာကြောင့်လည်း စိတ်မကောင်းဖြစ်နေမိတယ်။ သောက်ရတဲ့ ပိုးသတ်ဆေး ဆေးပြင်းရဲ့အရှိန်က ကျမကို တစ်ချိန်လုံး မှိန်းနေစေပြီး ခံတွင်းတစ်ခုလုံးခါးနေကာ အစာမ၀င်ပေမယ့် စိတ်ကိုအလို မလိုက်ပဲ ဆန်ပြုတ်ကို တစ်နေ့ သုံးကြိမ်စားဖြစ်အောင်စားခဲ့တယ်။ ကျမရဲ့ အောက်မျက်ခမ်းစပ် လှုပ်တာကို ပြန်စဉ်းစားမိတော့ ဝေလွင်ဦးဆုံးသွားတဲ့နေ့မှာပဲ ရပ်သွားတာကို သတိထားမိရင်း အကြောင်းအကျိုး ဆက်နွယ်မိတာလေးကို ပို့စ်တစ်ပုဒ်အဖြစ် ရေးရင်း ဘ၀တစ်ပါးကို ပြောင်းလဲသွားပြီဖြစ်တဲ့ ဝေလွင်ဦးအတွက် ခြေရာအဖြစ်ချန်ခဲ့ခြင်းပါ။ တစ်ချိန်တုန်းက ကျမရဲ့စက်ပြင် လူဆိုးလေးတွေကို လူလိမ္မာလေးတွေအဖြစ် သိမ်းသွင်းခဲ့တဲ့အကြောင်းအရာလေးတွေ မဖတ်ရသေးဘူးဆိုရင်ဖြင့်- ‘တစ်ဘ၀ရဲ့မှတ်တိုင်များ-၃၇’ မှာ ဖတ်ရှုနိုင်ပါသေးတယ်။
တစ်ချိန်တုန်းက စက်သစ်တပ်ဆင်ရေးအဖွဲ့နဲ့ အမှတ်တရ-
နောက်တန်း- စိန်မြင့် ဝေလွင်ဦး အန်တီတင့် ဦးစိုးညွန့် အောင်ကျော်မြင့် စိုးသန်း ၀င်းမြင့် ကြည်စိုး
ရှေ့တန်း- လှသိန်း တင်လှိုင် ထွန်းဦး အောင်ဝင်းသန်း

ဖြန့်ချိရေးတာဝန်ကနေ ရုပ်သိမ်းလိုက်တဲ့ အကြောင်းကြားစာကို ဝေလွင်ဦးရဲ့နောက်ဆုံးခရီးမှာ သူနဲ့ တစ်ပါးတည်း ထည့်ပေးလိုက်တဲ့အကြောင်း သားကြီးကပြောပြရင်း ဝေလွင်ဦးက အိပ်ပျော်နေသလိုပဲ မေကြီးတဲ့။ တဆက်တည်း ကျမအတွေးလေးထဲကို ဖတ်ဘူးခဲ့တဲ့ စာပိုဒ်လေးတစ်ခု အပြေးကလေး သတိယလိုက်တယ်။

(ဇာဏုသောနိ ပုဏ္ဏားက ဘုရားကိုလျှောက်ထား) -
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား.....
လောကကြီးထဲမှာ သေရမှာ မကြောက်တဲ့သူ မရှိဘူး ကြောက်တဲ့သူချည်းပါ ဘုရား-လို့ လျှောက်ထား။
မြတ်စွာဘုရားက-
သည်လို တထစ်ချ မယူလိုက်ပါနဲ့၊ သေရမှာ ကြောက်တဲ့ပုဂ္ဂိုလ်လည်းရှိတယ်။ မကြောက်တဲ့ ပုဂ္ဂိုလ်လည်း ရှိတယ်-
သေရမှာ မကြောက်သူ လေးမျိုး-
၁။ ငါးဖြာအာရုံ ကာမဂုဏ်တို့၌ တွယ်တာမှုကင်းနေသော၊ လက္ခဏာရေး သုံးပါးတင်၍ မြင်ထားသူတို့ သဏ္ဍာန်သို့ ရောဂါဝေဒနာ ကပ်ရောက်သော်လည်း သေရမှာ မကြောက်ပါ။
၂။ ခန္ဓာကိုယ်ပေါ်၌ တွယ်တာမှုကင်းနေသူ လက္ခဏာရေးသုံးပါးတင်ပြီး မြင်ထားသူ။
၃။ အကုသိုလ်တွေ နည်းပါး၍ ကုသိုလ်တွေများနေသူ။
၎။ ပဋိစ္စသမုပ္ပါဒ် ကြောင်းကျိုးဖြစ်ပုံကို သဘောပေါက်ထားပြီး သံသယ ၀ိစိကိစ္ဆာကင်းနေသူ။
ဤသည်လေးယောက်တို့ကား သေလျှင် သုဂတိကောင်းသော ဘုံရောက်မည် နိဗ္ဗာန်ရောက်မည်ကို အတတ်သိသောကြောင့် သေရမှာ မကြောက်ဘဲ ပြုံးသေ သေကြရ၏။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz