x

18.10.15

ဘုမ္မိကြီးအကြောင်း သိကောင်းစရာ


လွန်ခဲ့တဲ့ ၂-လလောက်က ဂျက်စမင်က ‘တီတင့်ရေ ခရီးသွားပို့စ်လေးဖတ်ချင်တယ်’ လို့ အဆက်အစပ်မရှိပဲ ဆန္ဒလေးကို ဖေါ်ထုတ်လာတဲ့ ဂျက်အတွက် ခရီးသွားပို့စ်လေးကို ရေးဘို့စိတ်ကူးစိတ်သန်းလေး ရှင်သန်ခဲ့သလို တိုက်တိုက်ဆိုင်ဆိုင် ခင်ပွန်းဖြစ်သူက ‘ပခုက္ကူဘက်သွားစရာရှိတယ် ပုဂံဘုရားဖူးချင်ရင် လိုက်ခဲ့ပါလား မိန်းမ’လို့ ဆိုလာတော့လဲ ရေငတ်တုန်း ရေတွင်းထဲကျဆိုသလို ခင်ပွန်းနဲ့ ခရီးကို လိုက်သွားနိုင်ဘို့ရာ မဆိုင်းမတွ အဝေးပြေးကားဂိတ်ကို အပြေးကလေးနှင်ခဲ့ပေါ့။ ခရီးစဉ်အစကနေ အဆုံးထိတိုင် မှတ်တမ်းဓာတ်ပုံလေးတွေ ရိုက်ဖြစ်ခဲ့သလို ရောက်တဲ့နေရာလေးတွေကိုလည်း အသေးစိတ် မှတ်သားထားခဲ့တယ်။ ကျမခရီးထွက်ရတာကို နှစ်သက်သလို ခရီးသွားရင်ငိုက်မြည်းတတ်ခြင်း အလျဉ်းမရှိပဲ ခရီးစဉ်တစ်လျှောက် ဖြတ်ကျော်ခဲ့ရသမျှ ရှုခင်းတွေကို မမောမပမ်းလိုက်ကြည့်တာ ၀ါသနာ။ ကောင်းကင်ယံကို မော့ကြည့်တဲ့အခါ တိမ်စိုင်တိမ်ခဲတွေကို မြင်တဲ့အခါ၊ မျက်စိအစုံရဲ့ ဘေးဝန်းကျင်မှာရှိတဲ့ စပါးခင်း စိမ်းစိမ်းလေးတွေ မြင်တဲ့အခါ၊ အဝေးဆီက တောအုပ်ကလေးတွေ တောင်တန်းလေးတွေကို မြင်တဲ့အခါ ကာယံမပီစာမညီတဲ့ ကဗျာလေးတွေ ဟိုတစသည်တစ ထွက်ကျလို့လာစမြဲ။ ကိုယ့်အရည်အချင်းကို ကိုယ်သိတာမို့ အနှစ်မရှိတဲ့ ဟိုခြစ်သည်ခြစ် ကဗျာအက်ကြောင်းလေးတွေ စာမျက်နှာပေါ်တော့ ဘယ်သောအခါမှ ရောက်မလာခဲ့ပါ။ ဒီတစ်ခေါက်တော့ အကြွေးတင်နေတဲ့ ခရီးသွားပို့စ်လေး ရေးဖြစ်သွားပြီလို့ အတွေးလေးနဲ့တင် ကျေနပ်စွာ ပို့စ်လေး အစပျိုးလိုက်ချိန်မှာ ခင်ပွန်းဖြစ်သူက ဘုမ္မိယတြာနဲ့ပတ်သက်ပြီး စကားစလာတယ်၊ ၂၀၁၂-ခုနှစ်တုန်းက ဘုမ္မိယတြာနဲ့ ပတ်သက်ပြီး ကျမပို့စ်တစ်ပုဒ် တင်ခဲ့ဘူးပေမယ့် ဘုမ္မိကြီးကျခဲ့ရင် ဘယ်လောက်အထိ ဆိုးကျိုးတွေနဲ့ တွေ့ကြုံ ရင်ဆိုင်ရတယ်ဆိုတာ အသေးစိတ်မပြောဖြစ်ခဲ့ဘူး။ အခုတလော ဆိုင်းမဆင့် ဗုံမဆင့်ဆိုသလို ဟော တစ်ယောက် ဟော တစ်ယောက် လျှပ်တပြက်သေဆုံးသွားတဲ့ တပည့်လေးနဲ့ တူလေးတို့ရဲ့ အသက်တွေကို ကြည့်လိုက်တော့ တိုက်ဆိုင်တယ်ပဲပြောပြော ခင်ပွန်းပြောတဲ့ ဘုမ္မိကြီးကျတဲ့အချိန်နဲ့ ဆက်နွယ်ပတ်သက်နေတာကို မြင်ရတဲ့အခါ ဘုမ္မိကြီးနဲ့ပတ်သက်ပြီး ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ အသိပေးချင်တဲ့ စိတ်ကပေါ်လာတာမို့ ဒီပို့စ်ကို ဦးစားပေးတင်ချင်လာပြန်တယ်။ ဒီတော့ကာ ဂျက်အတွက် ခရီးသွားပို့စ်လေးအစား ဘုမ္မိအကြောင်း သိကောင်းစရာဆိုတာ တင်လိုက်မိပြန်ပြီ။ ကျမအတွက်တော့ ယုံတာမယုံတာထက် အပမ်းမကြီးဘူးဆိုရင် လုပ်သင့်တယ်ထင်တဲ့ ယတြာမျိုးကို လုပ်လိုက်တတ်သလို ‘မလုပ်လိုက်ရလေခြင်း’ ရယ်လို့ နောင်တ မရချင်တာလည်း ပါပါတယ်။

ဘုမ္မိကြီးအကြောင်းသိကောင်းစရာ

တနင်္ဂနွေဘုမ္မိကြီး
တနင်္ဂနွေသားသမီးတို့သည် အသက်(၃၀)နှစ်မှ(၄၆)နှစ်အထိ (၄)ခွင်ဂြိုလ်အိပ်ဖြစ်ပြီး အသက်(၃၁)နှစ်၊ (၃၉)နှစ်၊ (၄၇)နှစ်တို့တွင် (၇)ခွင်ဘုမ္မိကြိးရာဟု ဂြိုလ်နယ်အတွင်း ကျရောက်နေသဖြင့် ရာထူး၊ ဂုဏ်သိမ်စည်းစိမ် ဥစ္စာများ ဒုက္ခရောက်စေပြီး အသက်အန္တရာယ်ထိခိုက်ခြင်း ဘ၀သေပြီး နာမည်သေခြင်း ကြုံရတတ်သည်။

တနင်္လာဘုမ္မိကြီး
တနင်္လာသားသမီးတို့သည် အသက်(၄၀)နှစ်မှ(၅၀)နှစ်အတွင်း (၄)ခွင်ဘုမ္မိလေးဂြိုလ်အိပ်ဖြစ်ပြီး အသက်(၄၄)နှစ်သည် နှစ်စုံစနေနှစ်ထပ်ဖြစ်သည်။ ၄င်းနောက်အသက်(၄၇)နှစ်တွင် (၇)ခွင် သောကြာဂြိုလ်၌ ဘုမ္မိကြီးတည့်တည့်ကျရောက်သည်။ ၄င်းအပြင်(၂-၆)သောကြာအတွင်းရန် ပူးတွဲပါရှိသဖြင့် ရုတ်တရက် သေကွဲ ရှင်ကွဲ အိုးကွဲ အိမ်ကွဲ ဂုဏ် စည်းစိမ် ရာထူးကျဆင်းခြင်း ပျက်စီးခြင်း ပြောင်းရွှေ့ခြင်း ဆုံးရှုံးခြင်း ကြုံစေတတ်သည်။ ထို့အပြင် လျှပ်တပြက် ကျန်းမာရေးနှင့် ပတ်သက်ပြီး ခွဲစိတ်ရခြင်း ဖြတ်တောက်ရခြင်း ဆေးရုံတက်ရခြင်း ကြုံစေတတ်သည်။ ၄င်းနှစ်ကာလအတွင်း ကျန်းမာရေးအထူးသတိပြုရန်ဖြစ်သည်။

အင်္ဂါဘုမ္မိကြီး
အင်္ဂါသားသမီးတို့သည် အသက်(၃၆)နှစ်မှ(၅၄)နှစ်အထိ (၄)ခွင်ဘုမ္မိအိပ်ကာလဖြစ်သည်၊ ၄င်းတို့သည် အသက်(၃၉)နှစ် (၄၇)နှစ် (၅၅)နှစ်တို့တွင် တနင်္ဂနွေဂြိုလ်၌ (၇)ခွင်ဘုမ္မိကြီးဖြစ်သည်။ ၄င်းအပြင် (၃x၁)အပြင်ရန် ဘုမ္မိသဘောကြောင့် အမှုအခင်းတွေ့ကြုံရခြင်း၊ ဂုဏ် စည်းစိမ် ရာထူးပြုတ်ခြင်း၊ အိမ်ထောင်ရေး ဒုက္ခကြုံတွေ့ခြင်း၊ သေကွဲ ရှင်ကွဲဖြစ်ခြင်း ရောဂါရှာမရသည့် ပရောဂဆန်ဆန် ဝေဒနာ ပြင်းထန်စွာ ခံစားရခြင်း စသည်တို့ကို ကြုံတွေ့ခံစားရတတ်ပါသည်။

ဗုဒ္ဓဟူးဘုမ္မိကြီး
ဗုဒ္ဓဟူးသားသမီးတို့သည် အသက်(၄၇)နှစ်မှ(၅၈)နှစ်အထိ (၄)ခွင်ဘုမ္မိဂြိုလ်အိပ်ဖြစ်သည်။ ၄င်းနေ့သားသမီးတို့သည် တနင်္လာဂြိုလ်ပေါ်တွက် အသက်(၄၇)နှစ်နှင့်(၅၅)နှစ်တို့၌ ဘုမ္မိကြီး ကျရောက်သဖြင့် ၄င်းနှစ်ကာလတို့တွင် ငွေကြေးဓနရလွယ် ကုန်လွယ်ဖြစ်ပြီး ပျက်စီးလွယ်ခြင်း လိမ်ညာဆုံးရှုံးခံရခြင်း။ အထူးသဖြင့် သတိပြုရန်မှာ ပထမဘုမ္မကြီး အသက်(၄၇)နှစ်သည် ဂြိုလ်အိပ်အကူးအပြောင်းမှာ ရာဟုဂြိုလ်၌ဆုံသဖြင့် အိမ်ထောင်ရေး ပဋိပက္ခ ပေါက်ကွဲခြင်း အဆင်မပြေခြင်း အပျော်အပါး လောင်းကစားကိစ္စများ ပါဝင်လာပြီး အလျော်အစား အမှုအခင်း ပြဿနာကြီးစွာ တွေ့ကြုံရခြင်း လူမသေသော်လည်း နာမည်ပျက်ခြင်း အရှက်ကွဲခြင်းစသော ဒုက္ခများ တွေ့ကြုံစေတတ်သည်။

ကြာသာပတေး ဘုမ္မိကြီး
ကြာသာပတေး သားသမီးတို့သည် အသက်(၅၃)နှစ်မှ (၅၈)နှစ်အထိ (၄)ခွင်ဘုမ္မိဖြစ်သည်။ ၄င်းကာလအတွင်း အသက်(၅၅)နှစ်သည် (၇)ခွင် ဘုမ္မိကြီးဖြစ်ပြီး ဗုဒ္ဓဟူးရုပ်ဒုက္ခဂြိုလ်အတွင်း ဖြစ်သည်။ အထူးသဖြင့် အသက်(၅၅)နှစ်သည် စိတ်ပိုင်း ရုပ်ပိုင်းနှစ်ဌာနအား စုစည်းထားသဖြင့် အဘက်ဘက်မှ ဒုက္ခပေးခြင်းခံရတတ်သည်။ အဆင်မသင့်ပါက ဂုဏ်စည်းစိမ် ရာထူးပြုတ်ခြင်း နာတာရှည်ရောဂါ ဝေဒနာဆိုးများ ဖြစ်စေပြီး ဘ၀တွင် ရှင်လျှက်နဲ့သေသူကဲ့သို့ ခံစားရတတ်ပါသည်။ ဥပမာ-၁။ ရာသက်ပန်လေဖြတ်ခြင်း။ ၂။ ခြေလက်မျက်စိတို့တွင် ချို့တဲ့ပျက်စီးသွားခြင်း ဖြစ်စေတတ်သည်။

သောကြာဘုမ္မိကြီး
သောကြာသားသမီးတို့သည် အသက်(၄၃)နှစ်မှ(၅၀)နှစ်အထိ (၄)ခွင်ဘုမ္မိဖြစ်သည်။ အသက်(၄၇)နှစ်သည် (၇)ခွင်ဘုမ္မိကြီးဖြစ်ပြီး ကြာသာပတေးဂြိုလ်အိပ်တွင် ဖြစ်သဖြင့် ၄င်းကာလတွင် စွန့်စားလုပ်ကိုင် ဆောင်ရွက်ခြင်း၊ လုပ်ငန်းတိုးချဲ့ခြင်း ပြောင်းရွှေ့ခြင်းများ ပြုလုပ်မိပါက ဆုံးရှုံးခြင်း ပျက်စီးခြင်း အဖြစ်မျိုးများ တွေ့ကြုံစေတတ်ပါသည်။ အလုပ်အကိုင်မရှိ ယောင်လည်လည်ဖြစ်ရသော ဘ၀သို့ကျရောက်လွယ်ပါသည်။ သို့သော်ကျန်းမာရေးနှင့် ပတ်သက်ပြီး အသက်အန္တရာယ် မဖြစ်စေပါ။

စနေဘုမ္မိကြီး
စနေသားသမီးတို့သည် အသက်(၄၂)နှစ်မှ(၆၂)နှစ်အထိ (၄)ခွင်ဘုမ္မိဖြစ်သည်။ အသက်(၄၇)နှစ် (၅၅)နှစ် (၆၃)နှစ်တို့သည် (၇)ခွင်ဘုမ္မိကြီးဖြစ်သည်။ အင်္ဂါဂြိုလ်အိပ်ဖြစ်သဖြင့် အလွန်စိတ်ဆင်းရဲရသော လူမှုရေး စီးပွားရေး ပျက်စီးမှုများ တိုက်ဆိုင် တွေ့ကြုံခံစားစေတတ်ပါသည်။ ၄င်းအပြင် မိမိပိုင်ဆိုင်ထားသည့် စည်းစိမ်ဥစ္စာ လုပ်ငန်းဌာနတို့နှင့် အပြင်ပူးတွဲပေါင်းစပ်သော လုပ်ငန်းကိစ္စအားလုံး ဆုံးရှုံးခြင်း ဒုက္ခတွေ့ခြင်း သေကွဲ ရှင်ကွဲဖြစ်စေပြီး အသက်မသေပါက ခြေပြတ်လက်ပြတ် အင်္ဂါမစုံတွေ့ကြုံစေတတ်ပါသည်။ အထူးသဖြင့် အင်္ဂါဂြိုလ်သဘောအရ စိတ်ပိုင်းဆိုင်ရာ မချုပ်ထိန်းနိုင်မှုကြောင့် မိမိဘ၀ အစိပ်စိပ်အမွှာမွှာကွဲစေတတ်ကြောင်း ကြိုတင်သိရှိထားသင့်ပါသည်။

အထက်ပါ (၇)ရက် သားသမီးတို့အတွက် ဗေဒင်ပညာမှ မရဏနှင့်ထပ်တူဆိုးကြိုးပေးသည့် ဘုမ္မိကြီးအကြောင်းတွင် မရဏဂြိုလ်သက်ရောက်ပါက ဘုမ္မိကြီးမဟုတ်သော်လည်း ဘုမ္မိကြီးကဲ့သို့ ခံစားရတတ်ကြောင်း သိရှိထားရန်ဖြစ်သည်။
ဘုမ္မိယတြာကျင့်စဉ်

၁။ တနင်္ဂနွေ၊ အင်္ဂါ၊ စနေ သား/သမီးများ
မိမိတို့မွေးနေ့မှစ၍ အရှေ့သို့ (၇)ရက်ပြည့်အောင် နံနက် (၅)နာရီ ဖယောင်းတိုင် (၁)တိုင်၊ နံနက် (၆)နာရီ ဖယောင်း (၁)တိုင်၊ နံနက် (၇)နာရီ ဖယောင်း (၁)တိုင် ညနေပိုင်းတွင် ညနေ (၅)နာရီ ဖယောင်း (၁)တိုင်၊ ညနေ(၆)နာရီ ဖယောင်း (၁)တိုင်၊ ညနေ (၇)နာရီ ဖယောင်း (၁)တိုင်အားဖြင့် တစ်နေ့ တစ်နေ့လျှင် ဖယောင်း (၆)တိုင် ပူဇော်ရမည်ဖြစ်သည်။ ပူဇော်၍ ပြီးတိုင်းပြီးတိုင်း၊
“နမော တေ ဝိဇိတ သင်္ဂါမ” ဟု မိမိတို့ ရောက်ရှိသော အသက်ထက်တစ်ခေါက်ပို ရွတ်ဆိုပါ။

၂။ တနင်္လာ၊ ဗုဒ္ဓဟူး(ရာဟု) သား/သမီးများ
မိမိတို့ မွေးနေ့မှစ၍ အရှေ့သို့ (၉)ရက်တိတိ နံနက် (၅)နာရီ သောက်တော်ရေ (၅)ဖလား လှူဒါန်းပါ။ မွန်းတည့်ချိန်တွင် ပထမ ကပ်လှူထားသော ရေဟောင်းကိုစွန့်ပြီး ရေအသစ် ထပ်လှူပါ။ ညနေ (၅)နာရီတွင် ယခင်ရေဟောင်းကို စွန့်၍ ရေအသစ် ထပ်လှူထားပါ။ ရေဟောင်းများကို စွန့်သောအခါ မိမိတို့၏ သက်ဆိုင်ရာ ဘုမ္မိအရပ်တွင်စွန့်ပါ။ ရေတော် ကပ်လှူပြီးတိုင်းပြီးတိုင်း၊
“နမော တေ မာရဝိဇယ” ဟု မိမိတို့ ရောက်ရှိသော အသက်ထက်တစ်ခေါက်ပို ရွတ်ဆိုပါ။

တနင်္လာ သား/သမီးတို့ အတွက် ဘုမ္မိအရပ်က အနောက်မြောက်ထောင့် ဖြစ်တဲ့ ရာဟုထောင့် ဖြစ်ပါတယ်။

ဗုဒ္ဓဟူး သား/သမီးတို့ အတွက် ဘုမ္မိအရပ်က အရှေ့မြောက်ထောင့် ဖြစ်တဲ့ တနင်္ဂနွေထောင့် ဖြစ်ပါတယ်။

ရာဟု သား/သမီးတို့ အတွက် ဘုမ္မိအရပ်က တောင်ဘက်အရပ်ဖြစ်တဲ့ ဗုဒ္ဓဟူးထောင့်ဖြစ်ပါတယ်။

၃။ ကြာသပတေး၊ သောကြာ သား/သမီးများ
မိမိတို့ မွေးနေ့၌ ဖယောင်းတိုင် (၅)တိုင်၊ မွေးလွန်တစ်ရက်၌ ဖယောင်းတိုင် (၆)တိုင်၊ မွေးလွန် (၂)ရက်၌ ဖယောင်းတိုင် (၇)တိုင် ထွန်းညှိပူဇော်ပါ။ ဖယောင်းတိုင်များကို လင်ပန်း၌ စိုက်၍ ရေထည့်ပြီးမှ ညှိထွန်းပူဇော်ပါ။ ပူဇော်ရန် အချိန်မှာ ညဦးပိုင်း (၇)နာရီအချိန်တွင် ညှိထွန်းပူဇော် ရမည်ဖြစ်ပါသည်။ ပူဇော်၍ ပြီးပါက-
“သော ဘဂဝါ ဣတိပိ အနုတ္တရော” ဟု မိမိတို့ အသက်ထက် တစ်ခေါက် ပိုရွတ်ဆိုပါ။
တကယ်လို့သာ အချိန်ရမယ်ဆိုရင် တင်ခဲ့ဘူးတဲ့ ပို့စ်လေး ဖတ်ကြည့်စေချင်ပါတယ်။
‘မယုံသော်ရှိ ယုံသော်ရှိ ကြိုးစားကြည့်စေချင်’
တကယ်လို့များ တင်ခဲ့တဲ့ပို့စ်မှာ အမှားအယွင်းတစ်စုံတစ်ရာပါခဲ့ရင် နားလည်ခွင့်လွှတ်ကြပါလို့-

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz