11.6.11
ကြက်-အာလူး ပလာတာ ချက်စားကြစို့ကွယ်
ဒီကနေ့ စနေနေ့မှာ ညီအစ်မတွေ ကျမနေတဲ့အိမ်မှာ ဆုံကြတယ်လေ ညီမအကြီးနဲ့ ညီမအငယ်ကတော့ စင်္ကာပူမှာ နေတာကြာပါပြီ ကျမလည်း သားတွေဆီ အလည်ရောက်နေတဲ့အချိန် မနေ့ညက ညီမအလတ်က ရန်ကုန်ကနေ သူ့သားမွေးနေ့ဆိုပြီး ရောက်လာပြန်တယ်။ ညီမတွေအားလုံး ဆုံပြီဆိုရင် ကျမနေတဲ့အိမ်မှာ တစ်ခုခုလုပ်စားလေ့ရှိပါတယ်။ အငယ်ဆုံးကို ဦးစားပေးမေးတော့ ကြက်သား အာလူး ပလာတာ စားချင်ပါ တယ်တဲ့ ဒါနဲ့ပဲ ဒီကနေ့မနက် ကြက်-အာလူး ပလာတာ လုပ်စားကြပါတယ်။ ကြက်သား အာလူး ပလာတာ လုပ်နေစဉ်မှာ ကျမ စဉ်းစားမိပါတယ်။ ရပ်ဝေးရောက် မိတ်ဆွေများနဲ့ ဘလော့ဂ်ဂါမိတ်ဆွေတွေလည်း လွယ်ကူစွာ လုပ်လို့ရတဲ့ ကြက်သား အာလူး ပလာတာကို လုပ်စားကြမှာပါ ဒါပေမယ့် လုပ်နည်းလေးတွေ နည်းနည်းပါးပါး လွဲတာလောက်တော့ ရှိမှာပေါ့နော်။ အဓိက ကတော့ လွယ်ကူ မြန်ဆန်ပြီး စားကောင်းတဲ့ ဟင်းတစ်ခွက်ဖြစ်လာဖို့ပါပဲ။
ကြက်သားကို အသင့်အတင့် အတုံးကလေးတွေ တုံးပြီး ဆား ဆနွင်း ငရုပ်မှုန့် မဆလာမှုန့် ကြက်မှုန့် ငံပြာ ရည်တို့နဲ့ နယ်ပြီးနှပ်ထားပါ။
ကြက်သွန်နီ  ကြက်သွန်ဖြူ ဂျင်း တို့ကို ကြိတ်ပြီး ခရမ်းချဉ်သီးကို အစေ့များထုတ်ကာ ပါးပါးလှီးပါ။ အဲဒီနောက် မှာ ကြိတ်ပြီး သိုမဟုတ် ထောင်းပြီး အစာများနှင့် လှီးပြီး ခရမ်းချဉ်သီးတွင် ဆား ဆနွင်း ငရုပ်မှုန့် တို့နှင့်ရော နယ်ပြီး ယခင်နှပ်ထားသော ကြက်သားထဲသို့ထည့်ပါ။ ဆီထည့်ပြီး မီးဖိုပေါ်တွင်တည်လိုက်ပါ။
                အာလူးကို သင့်တော်တဲ့ အတုံးလေးတွေ တုံးပြီး ဆား ဆနွင်း နယ်ပြီး ကြော်ထားပါ။
 ကြက်သွန်နီ ဂေါ်ဖီ ငရုပ်သီး သခွားသီးတို့ကို ပါးပါးလှီးပြီး ဆားအနည်းငယ် ထည့်နယ်ပါ။ အဲဒီနောက် သံပုရာ ရည်ညှစ်ပြီး သမအောင် နယ်ခြင်းဖြင့် ကြက်-အာလူး ပလာတာနှင့် တွဲပြီးစားသုံးနိုင်တဲ့ အချဉ်ကို စားသုံရန် အသင့်ဖြစ်ပါပြီ
ကြက်သားဟင်းလည်းနူးပြီး အာလူးတုံးကျော်လည်း နူးပြီဆိုရင် နှစ်ခုရောပြီး ၅မိနစ်ခန့် ဆက်မွှေပြီးလျှင် ပလာတာနဲ့ စားဖို့ရာ ကြက်သား အာလူးဟင်း အဆင်သင့်ဖြစ်ပါပြီ
ပလာတာကိုတော့ ဂျုံနဲ့လုပ်ရပါတယ်။ ဆားအနည်းငယ်နှင့် ရေထည့်ကာ နယ်ရပါတယ် နယ်ပြီးလျှင် အခွံပါကွမ်းသီးလုံးခန့် အလုံးများလုံးပြီး ဂျုံမှုန့်ဖြူးထားသော မျက်နှာပြင်ပေါ်မှာ တစ်လုံးချင်း ဒလိမ့်တုံးနဲ့ အချပ်ဝိုင်း လုပ်ရပါတယ်။ ရလာတဲ့ အချပ်ဝိုင်းကို  ဆီနည်းနည်းနဲ့ ကြော်ပါက ပလာတာရပါပြီ။ 
တကယ်လို့သာ အထပ်တစ်ရာ ပလာတာ စားချင်တယ် ဆိုရင်တော့ ဆီသုတ်ပြီး ပါးပါးလေးရတဲ့အထိ အချပ် ဝိုင်းလုပ်ရပါတယ်။ အဲဒီအချပ်ဝိုင်းကို လိပ်လိုက်ပါ အရှည်အလိပ်လေး ရပြီဆိုရင် ခရုခွေလိုခွေလိုက်ပါခွေပြီး ရင် အပေါ်ကနေပြန်ပြီးဒလိမ့်တုံးနဲ့ လှိမ့်ခြင်းဖြင့် ကြော်ရန် အသင့်ဖြစ်သော အထပ်တစ်ရာ ပလာတာကို ရပါပြီ။ 
ကြက်-အာလူး ပလာတာကို အချဉ်လေးနဲ့ သုံးဆောင်လို့ရပါပြီကွယ်။
ညီအစ်မလေးယောက် အမှတ်တရ (၁၁-၆-၂၀၁၁)
မေတ္တာဖြင့်
အန်တီတင့်
 


ခဏစောင့်ပါ...