1.10.11
အားလုံးအတွက် စေတနာထမင်းပေါင်း
ဘုရားတွေလည်း ဖူးလို့ဝလောက်ပြီဆိုတော့ ဒီတစ်ခေါက် စာဖတ်သူတို့အတွက် စေတနာသဒ္ဓါ ထက်သန်စွာနဲ့ အစားအသောက်ရပ်ဝန်းလေးတစ်ခု အဖြစ် ရေညှိထမင်းလိပ်နဲ့ ထမင်းပေါင်း ဘယ်အစားအစာ အရင်လုပ်ရ ပိုကောင်းမလဲ စဉ်းစားနေတုန်း  မသဒ္ဓါလှိုင်း အွန်လိုင်းတက်လာတာကိုမြင်လိုက်တော့ အားကိုးတကြီးမေး ကြည့်တယ်။ 'တရုတ်ထမင်းပေါင်း' စားချင်တယ်တဲ့း) ကျမအခုချက်တဲ့ ထမင်းပေါင်းက ဘယ်လိုထမင်းပေါင်း ဆိုတာသေချာ မသိပါဘူး။ အသား သီးရွက်စုံလင်စွာနဲ့ ချက်ထားတဲ့ထမင်းပေါင်းဆိုတော့ တီတင့်ရဲ့ 'စေတနာ ထမင်းပေါင်း' လို့ပဲ မှတ်လိုက်ကြပါနော်း) 
ပါဝင်အသုံးပြုရမည့် အစာတွေကတော့-
နှစ်သက်ရာအသား၊ငုံးဥ၊ မှိုခြောက်၊ မျှစ်ချဉ်၊ပန်းပွင့်၊ ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ ပဲတောင့်ရှည်၊ ရွှေပဲသီး၊ ခရမ်း ချဉ်သီး၊ ဂေါ်ရခါးသီး၊ မုန်ညှင်းဖြူ၊ တရုတ်နံနံ၊ ကြက်သွန်မိတ်၊ကော်မှုန့်၊ ပဲငံပြာရည်၊ ဆား၊ကြက်သားမှုန့်၊ ငရုပ်ကောင်းမှုန့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ယိုးဒယားငံပြာရည်။(ငါးဖယ်လုံး ကြက်သားလုံးတို့ကိုလည်း ထည့်ပြီးစားသုံးနိုင်ပါ တယ်)
ထမင်းအိုး တစ်အိုးတည်ထားပါ။
ကြက်သား (သို့မဟုတ်) ဝက်သားကို အတုံးလေးတွေတုံးပါတယ်။ အသားတုံးများကို ရေဆေးပြီး ဆား၊ ပဲငံပြာ ရည်၊ ယိုးဒယားငံပြာရည် တို့နဲ့နယ်ပြီးနှပ်ထားပါ။ ကြက်သွန်နီပါးပါးလှီးထားပြီး  ကြက်သွန်ဖြူကို လေးစိတ်ကွဲ ထုပါ (အသားအတွက်အပြင် အရွက်ကြော်ရာတွင်လည်း အသုံးပြုပါတယ်)။ ဂျင်းကိုအရည်ညှစ်ထားပြီး အဆင် သင့်ဖြစ်က နှပ်ထားသော အသားကို ကြက်သွန်နီ ကြက်သွန်ဖြူ ဂျင်းအစာတို့နဲ့နယ်ပြီး ဆီအနည်းငယ်ထည့် ကာ မီးဖိုပေါ် တင်ကာ အသားနူးသည်အထိ ပြုတ်ကြော်လုပ်ပါ။ အရောင်လှပြီး အသားနူးကာ မွှေးလာသည့် အခါ မီးဖိုပေါ်မှ ချထားလိုက်ပါ။ ပုစွန်ကိုလည်း ခေါင်းဖြုတ် အညစ်ကြေးထုတ်ပြီး ဂျင်းရည်ညှစ်ကာ ဆီပြန်လုံး ထားပါ။
ငုံးဥကိုအမာပြုတ်ပြီးအခွံသင်ထားပါ၊ မျှစ်ချဉ်ကို နှစ်ရေကျပြုတ်ပြီးရေစစ်ကာ သင့်တော်သော အရွယ်လှီးထား ပါ၊ မှိုခြောက်ကိုအရင်ဆုံး သဲများ စင်ရန် ရေနှင့်စိမ်ထားပါ၊ အနယ်ကျလောက်ချိန်မှာ ထပ်ဆေးကြောပြီး သင့်တော်သည့် အရွယ်ညှပ်ထားပါ။ ပန်းပွင့်၊ ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ ရွှေပဲသီး၊ ပဲတောင့်ရှည်၊ ဂေါ်ရခါးသီး၊ မုန်ညှင်းဖြူ၊ တရုတ်နံနံတို့ကို လှီးပြီးရေဆေးကာ စစ်ထားပါ။ ခရမ်းချဉ်သီးကို အလုံးလိုက်ရေဆေးပြီး ၄စိတ် စိတ်ကာ အတွင်းမှ အစေ့များထုတ်ထားပါ။ကော်မှုန့် ကို  ရေဖျော်ထားပါ။ 
                                         ပဲပြားကို အကြောတင်းရုံလောက်သာ ကြော်ထားပါ
             ဂေါ်ဖီထုပ်၊ ကြက်သွန်နီနဲ့ သခွားသီးကို အချဉ်လုပ်ရန် ပါးပါးလှီးထားပါ
ထုထားသောကြက်သွန်ဖြူကို ဒယ်အိုးတွင် မွှေးလာတဲ့အထိ ဆီသတ်လိုက်ပါ။ ရေဆေးပြီးစစ်ထားသော ဟင်း သီးဟင်းရွက်များ၊ ရေစိမ်ထားသော မှိုခြောက်၊ ရေစစ်ထားသော မျှစ်ချဉ်တို့ကိုထည့်ကာ ခပ်စိမ်းစိမ်း၊ကြော်ပါ။ ဆား ကြက်မှုန့် ပဲငံပြာရည်တို့ကိုတော့ လိုအပ်သလို ခန့်မှန်းထည့်ပါ။ ပြီးလျှင် အသားနဲ့ ငုံးဥတို့ကို ထည့်ပြီးနှံ့ စပ်အောင်မွှေကာ ဖျော်ထားသော ကော်ရည်ကိုလောင်းထည့်ပါ။ ကြက်ရိုးပြုတ်ထား သည့် ဟင်း ရည်ချိုကို ထည့်ခြင်းဖြင့် မွှေးကြိုင်ပြီး အရသာရှိသည့် အသားကော်ရည် အစိမ်းကြော်တစ်ခွက်ကို ရမည်။
                                              ဟင်းသီးဟင်းရွက်စုံကို စိမ်းစိမ်းလေးကြော်ပါ
     ဟင်းသီးဟင်းရွက်စုံထဲသို့ ငုံးဥ ခရမ်းချဉ်သီး အသားများထည့်ပြီး ငရုပ်ကောင်းမှုန့်အနည်းငယ်ထည့်ပါ
                   ကော်ရည်နှင့် ကြက်ရိုးပြုတ်ဟင်းရည်တို့ထည့်ပါ
                          ထမင်းပူပူပေါ်သို့ အသားကော်ရည် အစိမ်းကြော်ဟင်းအား လောင်းထည့်ပါ
                                   မနက် ၁၀နာရီတွင် နေ့ဆွမ်းအတွက် ဦးဖယ်လိုက်ပါတယ်
                                             စေတနာထမင်းပေါင်း စားသုံးရန်အဆင်သင့်ပါ
ထမင်းပူပူပေါ်တွင် အသား အစိမ်းကြော်ကော်ရည်ဟင်း လောင်းထည်ခြင်းဖြင့် စားသုံးရန်အသင့်ဖြစ်သော ထမင်းပေါင်းကိုရပါပြီ။ ကြက်ရိုးဟင်းချိုတွင် ငရုပ်ကောင်းမှုန့်နှင့် ကြက်သွန်မိတ်ထည့်ခြင်းဖြင့် အရသာရှိ ဟင်းချိုတစ်ခွက်ရပါပြီ။ အအီပြေစေရန်အတွက် ကြက်သွန်နီ၊ သခွားသီးနဲ့ ဂေါ်ဖီထုပ်တို့ကို ပါးပါး လှီးရေဆေး သန့်စင်ပြီး ရောနယ်ကာ မိမိနှစ်သက်ရာ ငရုပ်သီးဆော့ ခရမ်းချဉ်သီးဆော့တို့ထည့်ကာ ထမင်းပေါင်းကို ဟင်းချို အချဉ်တို့နဲ့ တွဲဘက်ကာ စိတ်တိုင်းကျ သုံးဆောင်ကြပါနော်။
အလည်လာရောက်ပြီး စာဖတ်သူများအားလုံး စိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခပြည့်ဝကြပါစေ။
မေတ္တာဖြင့်
အန်တီတင့်
 


ခဏစောင့်ပါ...