16.1.25
နာခဲ့ဘူးသောတရားတော်တစ်ပုဒ်
ဗောဇ္ဈင် (၇) ပါးတရားတော်ကို ရိုသေလေးမြတ်စွာနာခဲ့ဘူးတယ်၊ တရားနာတဲ့အခါ ဆရာတော်များ ညွှန်ကြား သင်ပြ ဆုံးမထားတော်မူတဲ့အတိုင်း-
‘နားကတရားနာ ဉာဏ်ကခန္ဓာလှည့်’
ဆိုတာကို ကျင့်သားရနေသူ ယောဂီများအဖို့ အချိန်တိုအတွင်း သမာဓိတည်ပြီး ဖြစ်ပျက်မြင်ကြမှာ ဧကန်မလွဲပါ။
စကြာရတနာ (၇) ပါးနှင့် ပြည့်စုံသော စကြာမင်းသည် အတုမရှိသော စည်းစိမ်ကို ခံစားရသကဲ့သို့ ဗောဇ္ဈင် (၇) ပါးပြည့်စုံသော ယောဂီသည်လည်း သာသနာတော်အစီးအပွားတွင် အတုမရှိသော သမဏစည်းစိမ်ကို ခံစားရ၏။
ဗောဇ္ဈင် (၇) ပါး ဟူသည် သစ္စာ (၄)ပါး မြတ်တရားကို သိမြင်တတ်သော မဂ်ဉာဏ်၏ အတောင်အလက် အစိတ်အပိုင်းဟု အဓိပ္ပာယ်ရရှိပါသည်။
ဗောဇ္ဈင် (၇) ပါးမှာ -
(၁) သတိသမ္ဗောဇ္ဈင် = သတိပဋ္ဌာန်၊ သတိန္ဒြေ၊ သတိဗိုလ်၊ သမ္မာသတိမဂ္ဂင်ခေါ်သော သတိစေတသိက်။
(၂) ဓမ္မဝိစယသမ္ဗောဇ္ဈင် = ဝီမံသိဒ္ဓိပါဒ်၊ ပညိန္ဒြေ၊ ပညာဗိုလ်၊ သမ္မာဒိဋ္ဌိမဂ္ဂင်ခေါ် ပညာစေတသိက် (တနည်း) ဒိဋ္ဌိဝိသုဒ္ဓိ အစရှိသော ပညာဝိသုဒ္ဓိ (၅) ပါး၊ အနုပဿနာဉာဏ် (၃) ပါးနှင့် ဝိပဿနာဉာဏ် (၁၀) ပါးသည် ဓမ္မဝိစယသမ္ဗောဇ္ဈင် မည်၏။
(၃) ဝိရိယသမ္ဗောဇ္ဈင် = သမ္မပ္ပဓာန် (၄) ပါး၊ ဝီရိယိဒ္ဓိပါဒ်၊ ဝီရိယိန္ဒြေ၊ ဝီရိယဗိုလ်၊ သမ္မာဝါယာမခေါ်သော ဝီရိယစေတသိက်။
(၄) ပီတိသမ္ဗောဇ္ဈင် = ကာယဂတာသတိ(ထွက်သက်ဝင်သက်) စသည်ကို တည်ထောင်မိ၍ ထင်မှုမြင်မှု တိုးပွားလာသောအခါ ဝမ်းမြောက်ခြင်း၊ နှစ်သက်ခြင်း ပီတိစေတသိက်။
(၅) ပဿဒ္ဓိသမ္ဗောဇ္ဈင် = စိတ်မငြိမ်သက်မှု၊ စိတ်အကြံများမှုကြောင့်ဖြစ်သော ကိုယ်စိတ်ပူပန်ခြင်းများ၏ ငြိမ်းချမ်းခြင်း။
(၆) သမာဓိသမ္ဗောဇ္ဈင် = သမာဓိန္ဒြေ၊ သမာဓိဗိုလ်၊ သမာဓိမဂ္ဂင်ဟူသော သမာဓိတရား။
(၇) ဥပေက္ခာသမ္ဗောဇ္ဈင် = ကမ္မဋ္ဌာန်းအလုပ်တွင်း၌ အချိုးအစားမကျနိုင်သေး၍ ကြောင့်ကြစိုက်ရသော ဗျာပါဒအမှုများစွာရှိသည်။
အချိုးအစားကျလာသောအခါ၌ ကြောင့်ကြစိုက်ရမှု ကင်းရှင်းလာခြင်းဟူသော တတြမဇ္ဈတ္တတာ စေတသိက်။
လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်း ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။
🙏🙏🙏
မေတ္တာဖြင့်
တီတင့် (၁၆-၁-၂၀၂၅)
ခဏေစာင့္ပါ...