x

31.8.25

မှတ်မှတ်ရရ ဩဂုတ်လ


သြဂုတ်လ ၃၁ရက်​​နေ့ ရောက်ခဲ့ပြီဆိုရင် ပီပြင်တဲ့အတိတ်ရဲ့ အရိပ်​တွေကို သတိရတယ်၊ တချိန်ကစိတ်ကူး စိတ်သန်း​လေး​တွေကိုအုတ်မြစ်ချပြီး ​​ရောက်တတ်ရာရာစာ​စုလေး​တွေသီကုံးလို့ ပို့စ်​လေး​တွေနဲ့ကိုယ့်ရဲ့ ဘ​လော့အိမ်​လေးကို တန်ဆာဆင်ခဲ့ဘူးတယ်။ ဒီမနက် မယ်မိုရီပြန်တက်လာ​ချိန်မှာ အရာခပ်သိမ်းကုန်တို့ရဲ့ မမြဲ​သောတရားကိုဆင်ခြင်ရင်း တရားတစ်ပုဒ်ကို မျှ​ဝေဖြစ်သွားတယ်။ 

လက္ခဏာရေးသုံးပါးတင် ဝိပဿနာဉာဏ်နဲ့ဆင်ခြင်- 
(က) အနိစ္စ- မမြဲခြင်း၊ မမြဲတာဘာကြောင့်လဲ မခိုင်မမြဲ မတည်တန့်ဘဲ ပျက်စီးပျောက်ကွယ်ခြင်းသဘောဆောင်လို့ပါ၊ ဤသို့ မပျက်စီးခင် မပျောက်ကွယ်ခင်၊ မရှိခြင်းသဘောတရားမဖြစ်ခင်မှာ ‘ဖြစ်ဖို့လိုပါတယ်’ ပျက်တယ်ဆိုတာလဲ ပျက်ချင်တိုင်း ပျက်လို့မရပါ။ အဖြစ်မရှိဘဲ အပျက်ကို ကူးလို့မရပါ၊ မပျက်ခင် အဖြစ်ဆိုတာ ရှိရမှာဖြစ်ပါတယ်။ အနိစ္စ တရားသဘော၌ အဖြစ်သဘောရှိသော ဓမ္မတာတစ်ခုသည် ဓမ္မတာ၏ နိယာမအတိုင်း ပျက်သွားရပေမည်။ ထိုသို့ဓမ္မတာတစ်ခု ဖြစ်ပြီးပျက်သွားခြင်းသည် မမြဲသော အနိစ္စသဘောဖြစ်ပါသည်။ 
(ခ) ဒုက္ခ- ဆင်းရဲခြင်းသဘောပါ၊ ဘာကြောင့်ဆင်းရဲခြင်းဖြစ်ရပါသလဲ တည်တန့်ခိုင်မြဲမှုမရှိ ပျက်စီးခြင်းသဘောနှင့်ရင်ဆိုင်ရလို့၊ ပျက်စီးခြင်းသဘောဆောင်လို့ပါ။ မပျက်ခင် ဖြစ်ခြင်းသဘောလိုပါတယ်။ ဒုက္ခဆင်းရဲခြင်းသဘော၌ ဒုက္ခဆင်းရဲခြင်းဖြစ်ရန်၊ တည်တံ့ခိုင်မြဲမှု မရှိခြင်းကြောင့် ဖြစ်သည်။ တည်တံ့ခိုင်မြဲမှုမရှိ၍ ပျက်စီးရသည်၊ ပျက်ရခြင်းသည် ဖြစ်မှုမရှိဘဲနှင့် မပျက်နိုင်ပေ၊ ဖြစ်မှုလိုသည်။ ဒုက္ခဆင်းရဲခြင်းသဘော၌ ဓမ္မတာတစ်ခုဖြစ်ပြီး ပျက်ရသည်။ ပျက်တော့ဆင်းရဲသည်၊ထို့ကြောင့် ဒုက္ခဆင်းရဲခြင်းသည် ဖြစ်ပျက်သဘောတရားပင်ဖြစ်ပါသည်။ 
(ဂ) အနတ္တ- ကိုယ်ပိုင် ကိုယ်ဆိုင် မဟုတ်သည့်သဘော၊ တား ဆီး ပိတ်ဆို့လို့ မရတဲ့သဘော၊ ကိုယ့်သဘောသို့ မလိုက်ပဲ သူ့သဘောသူဆောင်သည့် သဘော။ 
ဓမ္မတာတို့သည် သူ့သဘောသူဆောင်၍ ဖြစ်ပြီးပျက်ကြသည်၊ ခန္ဓာ(၅)ပါး- ရုပ်နာမ်(၂)ပါး ဓမ္မတို့ကို ငါပိုင်ဆိုင်သည့်သဘော ဖြစ်ခြင်း ပျက်ခြင်းတို့ကို လုပ်ဆောင်၍ မရပါ။ တားဆီး ပိတ်ပင်လို့လည်း မရပါ၊ ငါသည်လည်း ဖြစ်နိုင်အောင် မလုပ်ဆောင်နိုင်ပါ။ 
ရုပ်ကို ကံ ဥတု စိတ် အဟာရ တရားသည် မလုပ်ဆောင်လျှင် ရုပ်ပျက်ရပါမည်။ နာမ်ကိုလည်း အာရုံနှင့်ဒွါရ မလုပ်ဆောင်လျှင် နာမ်ပျက်ပါသည်။ ဓမ္မတို့ ဖြစ်ပျက်ခြင်းသည်အနတ္တသဘောအရဖြစ်ပျက်လျက် ရှိပါသည်။ ထို့ကြောင့် အနတ္တသည် ကိုယ်ပိုင်ကိုယ်ဆိုင် မဟုတ်သည့် သဘောဖြင့် ဖြစ်ပျက် ၍နေပါသည်။ 
ဝိပဿနာတရား​တော်မြတ်တို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါ​စေ။ 
သာဓု သာဓု သာဓု 
🙏🙏🙏 

 မေတ္တာဖြင့် 
တီတင့်(၃၁-၈-၂၀၂၅)

ခဏေစာင့္ပါ...

 
©2012 အန္တီတင့္၏ အမွတ္တရေလးမ်ား | Design by Mozz