14.11.26
ကိုယ့်အရိုးကိုယ်သယ်နိုင်တုန်းလေး-
တစ်ရက်နဲ့တစ်ရက်ရပ်မနေတဲ့အသက်တွေကတရွေ့ရွေ့နဲ့ကြီးလာသလို ဒီရုပ်ခန္ဓာကြီးကိုသယ်ပိုးနေရတဲ့ ဒုက္ခကြီးကလည်း တစ်နေ့တစ်မျိုး ပိုတိုးလို့သာ ထင်ရှားလာပါတယ်။ စက္ကန့်မလတ်ဒလစပ်ပျက်စီးနေတဲ့ ရုပ်ခန္ဓာကြီးကို သတိလေးနဲ့ယှဉ်ပြီး မမေ့မလျော့မှတ်နေတဲ့ကြားက သတိကလွတ်ချင်ချင်ရယ်။
သက်တမ်းစေ့ နေနိုင်သူတို့အဖို့ အသက် (၇၀)တန်းဆိုတာ တကယ်တော့ နေဝင်ချိန်နီးကပ်နေပါပြီ။ ကိုယ့်ထက်ကြီးသူ၊ ကိုယ်နဲ့ရွယ်တူ၊ ကိုယ့်အောင်ငယ်သူ မောင်နှမသားချင်း၊ ဆွေးမျိုးညာတိနဲ့ မိတ်ဆွေသူငယ်ချင်းတွေလည်း တစ်ယောက်ပြီး တစ်ယောက် လက်ဗလာနဲ့ ထွက်ခွာသွားကြပြီ။
မနှစ်က ဆရာသိန်းနဲ့တီတင့်တို့ ကိုယ့်အရိုးကို ကိုယ်သယ်နိုင်တုန်းလေး ဗုဒ္ဓဂယာကို နောက်တစ်ကြိမ် ဘုရားဖူးထပ်သွားဘို့ တိုင်ပင်ခဲ့ကြပြီး ဒီနှစ်မှာတော့အကောင်အထည် ဖော်ဖြစ်ကြပါတယ်။ တစ်နည်းအားဖြင့်တော့ သားတွေရဲ့ပံ့ပိုးမှု ကုသိုလ်ဆိုလည်း မမှားပါဘူး။ မကြာမီ ဗုဒ္ဓဂယာဘုရားဖူးထွက်ရမှာကို ကြိုတွေးပြီး သံဝေဇနိယ (၄)ဌာနကို အကြိမ်ကြိမ် ကြည်ညိုနေမိတယ်။
သံဝေဇနိယ (၄)ဌာန ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်တို့ သဒ္ဓါတရား ပွားများစေရန်၊ သံဝေဂတရား (တရားသတိ) ရရှိစေရန်နှင့် ဖူးမြော်ကြည်ညိုထိုက်သော မြတ်စွာဘုရားရှင်၏ အဖြစ်အပျက်ကြီး (၄) ပါး ဖြစ်ပေါ်ခဲ့ရာနေရာဒေသများ ဖြစ်သည်-
၁။ လုမ္ဗိနီ အင်ကြင်းတော – မြတ်စွာဘုရားရှင် ဖွားမြင်တော်မူရာ ဌာန
၂။ မဟာဗောဓိမဏ္ဍိုင် (ဗုဒ္ဓဂါယာ) – မြတ်စွာဘုရားရှင် အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူ၍ ဘုရားစင်စစ် ဖြစ်တော်မူရာ ဌာန
၃။ မိဂဒါဝုန်တော (ဗာရာဏသီ) – မြတ်စွာဘုရားရှင် ဓမ္မစကြာတရားဦး ဟောကြားတော်မူရာ ဌာန
၄။ ကုသိနာရုံပြည် (အင်ကြင်းဥယျာဉ်) – မြတ်စွာဘုရားရှင် ခန္ဓာအကြွင်းမရှိ ပရိနိဗ္ဗာန်စံဝင်တော်မူရာ ဌာနတို့ဖြစ်သည်။
သဒ္ဓါတရားဖြင့် အဆိုပါ (၄) ဌာနကို အောက်မေ့ဖူးမြှော်၍ ကြည်ညိုစိတ်ဖြင့် ကွယ်လွန်သွားသူများသည် သုဂတိနတ်ရွာ သို့ ရောက်မည်ဟု မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ပိဋကတ်တော်လာ မဟာပရိနိဗ္ဗာနသုတ်တွင် အတိအလင်း ဟောကြားလမ်းညွှန်ခဲ့ဖူးသည်။
သာဓု သာဓု သာဓု
🙏🙏🙏
မေတ္တာဖြင့်
တီတင့် (၁၄-၁၁-၂၀၂၆)


ခဏေစာင့္ပါ...