x

5.9.12

ကျမရဲ့အင်တာဗျူး


အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ ... ဒီတစ်ပတ် ဘလော့ကာ အင်တာဗျူး အစီအစဉ်လေးမှာ ကိုယ်တွေ့ အကြောင်းလေးတွေကို သုတရသ စာပေအဖြစ် ရေးသားနေတဲ့ ဘလော့ကာ တစ်ယောက်ကို စာဖတ်သူများနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဒီလအတွက် ရွေးချယ်ထားတဲ့ သူကတော့ ဘလော့ဂါ အန်တီတင့် (https://auntytint.blogspot.com/) ဖြစ်ပါတယ်။

https://auntytint.blogspot.com/ ဘလော့မှာ ဆိုရင် အန်တီတင့် ရေးသားထားတဲ့ ကိုယ်တွေ့ အကြောင်းအရာ လေးတွေဖြစ်တဲ့ မှတ်တမ်း ၊ ခရီးသွား ၊ ရသစာပေများ ၊ ကဗျာ ၊ ၀တ္ထု ၊ ဆောင်းပါး ၊ မိသားစု ၊ သူငယ်ချင်းများ ၊ အခြားကဏ္ဍများ ၊ အစားအသောက် ၊ ဘာသာရေးကဏ္ဍ ၊ ဗဟုသုတ ၊ တဂ်ပို့(စ်) စတဲ့အကြောင်း အရာများကို ရေးသား မျှဝေပေးနေတာဖြစ်ပြီး ဘလော့ဂါ အန်တီတင့်ရဲ့ အကြောင်းအရာများကို အသေးစိပ် သိရှိနိုင်ဖို့ အတွက် အင်တာဗျူးလေး မေးမြန်းဖြစ်ခဲ့ပါတယ်။


မင်္ဂလာပါ အန်တီတင့် ..
မင်္ဂလာပါ မောင်နေဇော်လင်း ....


အန်တီတင့်ရဲ့ ဆိုက်လေးနဲ့ ပက်သက်ပြီး အင်တာဗျုး မေးခွင့်ပြုပါ ခင်ဗျာ။
ဟုတ်ကဲ့ မေးလို့ရပါတယ်ကွယ် ..... တီတင့် ကြိုးစားဖြေသွားပါ့မယ်


မေး = ပထမဆုံး သိချင်တာလေးက အန်တီတင့် သုတရသစာပေနဲ့ ပက်သက်ပြီးဘယ်တုန်းက စတင်ရေးဖြစ်လဲ ?
မှတ်မှတ် ရရတော့ ၂၀၁၁ခုနှစ်ဧပြီလ ၂၃ရက်နေ့မှာ သုတရသ စာပေနဲ့ ပတ်သက်ပြီး ပထမဦးဆုံးအကြိမ် ဘလော့ စာမျက်နှာမှာစနစ်တကျ မရှိပဲရိုးစင်းတဲ့ အလှူပို့စ်လေးတစ်ပုဒ်ကို စတင်ရေးဖြစ်ခဲ့ပါတယ်။

မေး = စာပေရေးသားတဲ့ အပိုင်းနဲ့ ပက်သက်ပြီး အန်တီတင့် ငယ်ငယ်ကလည်း ဝါသနာ ပါခဲ့တာပေါ့ ?
ဟုတ်ပါတယ်။ စာပေရေးသားတဲ့ အပိုင်းနဲ့ ပတ်သက်ပြီး တီတင့် အထက်တန်းကျောင်းသူ ဘဝမှာထဲက ဝါသနာပါခဲ့တာပါ။ ကျောင်းစာတွေ လစ်ဟင်းမှာစိုးလို့ အဒေါ်လုပ်သူက အပိုအလုပ်တွေလုပ်တာကို တားမြစ်ပါတယ်။ ဒီကြားထဲ အဒေါ်ရဲ့ အလစ်မှာ စိတ်ခံစားမှုအပေါ် မူတည်ပြီး ကာယံမညီတဲ့ ကဗျာတိုလေးတွေ အစီအစဉ် မကျတဲ့ ကိုယ်တွေ့ ဝတ္ထုတိုလေးတွေကို စာမူကြမ်းအဖြစ် ဗလာစာအုပ် တစ်အုပ်မှာ အမြဲရေးထား လေ့ရှိပါတယ်။

မေး = အခုလက်ရှိ အန်တီတင်ရဲ့ ကိုယ်ပိုင် ဘလော့လေး တစ်ခုကို ထောင်ထားပြီး စာရေးနေတယ် ဆိုတော့ ကိုယ်ပိုင် ဘလော့လေးကို ဘယ်တုန်းကစတင် ပြုလုပ်ဖြစ်တာလဲ ?
ကိုယ်ပိုင် ဘလော့လေးကို စတင်ပြုလုပ်ခဲ့တာကတော့ သုတရသ စာပေတွေ စာမျက်နှာ တစ်ခုအဖြစ် မရေးခင် အချိန်ကာလ၂၀၀၈ခုနှစ် စက်တင်ဘာလ၂၂ရက်နေ့ထဲက မိသားစုဆိုင်ရာ မှတ်တမ်းလေးတွေ အမှတ်တရ သိမ်းဆည်းထားချင်တဲ့ ရည်ရွယ်ချက်လေးနဲ့ စတင်ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကတော့ တီတင့် ဘလော့ စာမျက်နှာလေးဟာ ကိုယ်ပိုင်ဆောက်လုပ်ထားတဲ့ အကြမ်းထည် အိမ်လေးသာသာပါပဲ။

မေး = အန်တီတင်ရဲ့ ဘလော့လေးမှာ ဘယ်လိုအကြောင်းအရာ လေးတွေကို ဦးစားပေး ရေးသားဖြစ်လဲ ?
တီတင့် အနေနဲ့ ကဗျာ ဆောင်းပါး ဝတ္ထုတို ဝတ္ထုရှည် အစရှိတဲ့ စာပေတွေကိုပုံဖော် စိတ်ကူးယဉ်ပြီး စကားလုံး ကြွယ်ကြွယ် စိတ်ဝင်စားဖွယ်ရာမျိုး မရေးတတ်သလို နည်းပညာပိုင်းမှာလည်း အားနည်းသူပီပီ တီတင့် စိတ်အားသန်တဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေပဲ စာမျက်နှာပေါ် ရေးတင်လေ့ရှိပါတယ်။ တစ်ခါတစ်ရံတော့ စာဖတ်သူတို့ အသိနဲ့ယှဉ်ပြီးတွေးနိုင်စေဖို့ အသိပေးစာပေများနဲ့ ဘာသာရေးဆိုင်ရာ ကဏ္ဍလေးတွေ ထည့်ရေးပါတယ်။

မေး = အန်တီတင့် ရေးတဲ့ သုတရသ စာပေနဲ့ ပက်သက်ပြီးဘယ်လိုခံစားပြီးရေးသားဖြစ်လဲ ?
ကိုယ်တွေ့ဖြစ်ရပ်တွေကို ရေးလေ့ရှိတယ်ဆိုတော့ ဖြစ်ပေါ်နေတဲ့ အကြောင်းအရင်းပေါ်မှာ ဝမ်းနည်းဝမ်းသာပျော်ရွှင် ကြည်နူးမှု လေးတွေကို ခံစားရင်းရေးသွားလေ့ ရှိသလို တစ်ချို့ ကိစ္စရပ်လေးတွေမှာ စာဖတ်သူတို့ အတွက် သတိသံဝေဂလေးတွေ ရစေချင်တဲ့ စေတနာကြောင့် ဆရာတော်ကြီးများရဲ့ သတိပေး ဆုံးမစာလေးတွေကို တီတင့်တင်မဲ့ ပို့စ်လေးတွေမှာ ရောတင်ပေးလေ့ ရှိပါတယ်။


မေး = အန်တီတင့် စာပေရေးသားတဲ့ အပိုင်းနဲ့ ပက်သက်ပြီး ဘယ်လိုစာတွေ ဖတ်တယ် မှတ်တယ် ဆိုတာစာဖတ် သူများသိအောင် အသေးစိတ် ပြောပြပေးလို့ရမလား ?
တီတင့် အတွက် သီးသန့်ကွဲကွဲပြားပြားထားပြီး ဖတ်တဲ့စာရယ်လို့မရှိပါဘူး မျက်စေ့အရှေ့ကိုရောက်လာတဲ့ စာပေမှန်သမျှကို အချိန်ရှိတဲ့ အပေါ်မူတည်ပြီး ဖတ်ဖြစ်ပါတယ်။ ပုဂ္ဂိုလ်စွဲအဖြစ် ထားတဲ့ စာရေးဆရာလို့ မရှိပါဘူး။ ဂျာနယ် မဂ္ဂဇင်းတွေကအစ မြင်သမျှကိုဖတ်ပြီး ကိုယ်ဖတ်မိတဲ့ စာပေတွေထဲကနေ နှစ်သက် သဘောကျတဲ့ စာကြောင်းမျိုးလေးပါလာရင် တီတင့်ရဲ့ မှတ်စု စာအုပ်မှာ ရေးမှတ်ထားလေ့ရှိပါတယ်။ တီတင့် စာရေးတဲ့ အခါမှာ မှတ်သားထားတဲ့ စာကြောင်းလေးတွေကို ကိုယ့်ရဲ့ စိတ်ကူးနဲ့ ပြုပြင် ရေးသားပါတယ်။ စာ တစ်ကြောင်းလုံး ကူးပြီး ထည့်သွင်းတာမျိုးတော့ မလုပ်ဖူးပါဘူး။

မေး = ကိုယ်တိုင်ရေးရသ စာပေတွေကိုအန်တီတင့်ရဲ့ ဘာလော့လေးမှာ ပဲတင်ပေးဖြစ်လား ? တစ်ခြားအွန်လိုင်း စာမျက်နှာတွေမှာရော မျှဝေဖြစ်လား ?
ကိုယ်တိုင်ရေး ရသစာပေတွေကို တီတင့်ရဲ့ ဘလော့ထဲမှာတင်ပြီးတိုင်း ဘလော့ကိုအလည် မလာနိုင်တဲ့ စာဖတ်သူတို့အတွက် ဖေ့ဘုတ်မှာလည်း မျှဝေပေးလေ့ရှိပါတယ်။

မေး = အန်တီတင့်ရေးတဲ့ စာပေတွေထဲမှာ အန်တီတင့်ဆိုတဲ့ နာမည်လေးကိုစတင်သိစေတဲ့ ပိုစ့်လေးကို လည်း ဖြေကြားပေးစေလိုပါတယ်။
ပထမဦးဆုံးပို့စ် တစ်ပုဒ်ဖြစ်တဲ့ ‘နော်ဝေးက စေတနာရှင် မလေးအတွက်’ ရေးသားခဲ့တဲ့အချိန်မှာတော့ အန်တီတင့် ဆိုတဲ့နာမည်ကို ဆွေမျိုးသားချင်းတွေနဲ့ မိတ်ဆွေ အနည်းစုလောက်ပဲ သိကြပြီး ၁၁-၉-၁၁ ရက်နေ့ အိမ်မှာ လုပ်စားဖြစ်တဲ့ အစားအသောက်ပို့စ်လေး တစ်ပုဒ်ဖြစ်တဲ့ ‘လတ်ဆတ်သန့်စင် ထိုင်းငါးကင်’ ပို့စ်မှာလာရောက် ဖတ်ရှုသူ သုံးထောင်ကျော်တဲ့ အတွက် အန်တီတင့်ဆိုတဲ့ နာမည်ကို လူသိ များလာတယ်လို့ ယူဆမိပါတယ်။

မေး = အန်တီတင့် ရေးတဲ့ လတ်ဆတ်သန့်စင် ထိုင်းငါးကင် ပိုစ့်လေးနဲ့ ပက်သက်ပြီး အကြောင်းအရာတစ်စိတ် တစ်ဒေသကို ပြောပြပေးလို့ ရမလား ?
အဲ့ဒီ ထိုင်း ငါးကင်နဲ့ပတ်သက်ပြီး လုပ်ပုံ အဆင့်ဆင့်ကို ပုံလေးတွေ ရှင်းပြတာက စာရေးတာထက် ပိုမိုရှင်းလင်းပြီး စိတ်ဝင်းစားစရာကောင်းပါတယ်။ ဆလားဗီးယားငါး (ကျမသားကတော့ တီးလားဗီးယားတဲ့)၊ ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း၊ ချီတို (ငရုပ်သီးဆော့)၊ ပဲငံပြာရည်၊ ဆား၊ ကြက်မှုန့်(အရသာမှုန့်)၊ သံပရာသီး၊ ရှမ်းနံနံ၊ ပင်စိမ်းရွက်၊ အလျူမီနီယံအချပ် (Aluminium Foil) တို့ဖြစ်ပါတယ်။ လုပ်ပုံ အဆင့်ဆင့်ကို ဒီနေရာမှာ အသေးစိတ် ရှင်းပြထားပါတယ်။

မေး = သုတရသ စာပေစာရေးသူ တစ်ယောက်အနေနဲ့ အန်တီတင့်ရဲ့ ကိုယ်ပိုင် အချိန်တွေကို ဘယ်လိုအသုံးချဖြစ်လဲ ?
ဝမ်းတစ်ထွာကို ဖြည့်ဆည်းနေရတဲ့ တီတင့်အတွက် ကိုယ်ပိုင် လုပ်ငန်းလေးတွေကို ဦးစားပေး လုပ်ကိုင်ရင်း အားချိန်တိုင်းမှာ အွန်လိုင်းပေါ်တက်ပြီး တီတင့်ရဲ့ ဘလော့ စာမျက်နှာပေါ်မှာ ပို့စ်လေးတွေ ရေးဖြစ်ခဲ့သလို ဘလော့တွေမှာ ရှိတဲ့ ပို့စ်တွေကိုလည်း ဖတ်ဖြစ်ပါတယ်။ စာရေးချိန် စာဖတ်ချိန်ရယ် လို့တော့ သတ်သတ် မှတ်မှတ် ထားလို့ မရပါဘူး။

မေး = လူတိုင်းမှာ ရည်ရွယ်ချက်တွေ ရှိကြပါတယ်။ အန်တီတင့်ရဲ့ အနာဂတ် ရည်ရွယ်ချက်လေးကို ပြောပြပေးပါဦး ...
အနာဂါတ်ရည်ရွယ်ချက် ကတော့ ဘလော့ဂါသက်တမ်း တစ်နှစ်ကျော်လာတဲ့ တီတင့် အနေနဲ့ ‘ဘလော့ဂါများ၏ အမှတ်တရစာစုများ’ ဆိုတဲ့ခေါင်းစဉ်နဲ့ လစဉ် မဂ္ဂဇင်းစာအုပ် ထုတ်ချင်တဲ့စိတ်က လွန်ခဲ့တဲ့ လကစပြီး သန္ဓေတည်ခဲ့ပါတယ်။ စိတ်ကူးလေးကိုလည်းလက်တွေ့ အကောင်အထည် ဖော်ချင်တာ တီတင့် ရင်ထဲက ဆန္ဒပါ။ ပါဝင်မည့်အခန်း ကဏ္ဍတွေ အနေနဲ့လည်း သတင်း ဘာသာရေးနည်းပညာ ကဗျာ ဆောင်းပါး ဝတ္ထု စားသောက်ဖွယ်ရာ အစရှိတဲ့ သုတ ရသစုံစုံ လင်လင်ပါတဲ့ မဂ္ဂဇင်း စာအုပ်မျိုး ဖြစ်စေချင်ပါတယ်။ အကြောင်းကံ တိုက်ဆိုင်လို့ ဆောင်ရွက်ခွင့် ကြုံခဲ့မယ်ဆိုရင်လည်း ဘလော့ဂါများရဲ့ ဝိုင်းဝန်း ကူညီ ပံ့ပိုးမှုကို ရယူလိုတာမို့ အကူအညီ ပေးကြစေလိုပါတယ်။

မေး = အန်တီတင့်ရဲ့ ခံစားချက် ကောင်းခြင်းဆိုးခြင်း တစ်ချို့ကိုလည်း ပြောပြပေးပါလား ?
ခံစားချက် ကောင်းခြင်းဆိုးခြင်းနဲ့ ပတ်သက်ပြီး ခြုံငုံပြောရရင် တီတင့်ကဝတ္ထု ဇာတ်လမ်းတွေမှာတောင် ပျော်ရွှင်ဖွယ် ဇာတ်သိမ်းတာကို နှစ်သက် သဘောကျသူ ဆိုတော့ ဖြစ်ရပ်မှန်ဖြစ်စေ ရုပ်ရှင်ဖြစ်စေယုတ်စွ အဆုံးဝတ္ထုမှာတောင် စိတ်ဆင်းရဲစေမည့် အကြောင်းအရာတွေကို တတ်နိုင်သမျှ ရှောင်လေ့ ရှိတဲ့ကြားက မြင်ရကြားရ ဖတ်ရတဲ့အခါ စိတ်မကောင်း ဖြစ်မိ တတ်ပါတယ်။ တရားသဘောနဲ့ ဆင်ခြင်ပြီး စိတ်ကိုလည်း ပြန်ဖြေလေ့ရှိပါတယ်။

မေး = အန်တီတင့်ရေးဖြစ်တဲ့ သုတရသစာပေများနဲ့ ပက်သက်ပြီး စာအုပ်တိုက်တွေဆီကို ပို့တာတို့ ဒါမှမဟုတ် စာအုပ်ထုပ်ဖို့ရော အစီအစဉ်ရှိလား ?
ရေးထားတဲ့ စာပေတွေက တစ်ကြိမ်တစ်ခါမှတော့ စာအုပ်တိုက်တွေဆီ မပို့ဖြစ်သေးပါဘူး။ အပေါ်မှာပြောထားတဲ့ အတိုင်း ‘ဘလော့ဂါများ၏ အမှတ်တရစာစုများ’ ဆိုတဲ့ စာအုပ်တော့ ထုတ်ချင်တဲ့ ဆန္ဒရှိနေပါတယ်။ အဲဒီစာအုပ်ကိုထုတ်ဝေဖို့ အခြေအနေပေးလာတဲ့ တစ်နေ့မှာတော့ စာအုပ်တိုက်တွေ အပြင် နေရာအတော်များများ ကိုပို့နိုင်မယ်လို့ ယုံကြည်မိပါတယ်။

မေး = အခု လက်ရှိကိုယ်တိုင်ရေး ပိုစ့်တွေ ဘယ်လောက်ရှိနေပြီလဲ ?
ဒီကနေ့ အထိတင်ထားတဲ့ ၁၇၆ပို့စ်မှာ ဓာတ်ပုံတွေနဲ့ မျှဝေတဲ့ ဘာသာရေး လင်္ကာလေးတွေ ဖယ်လိုက်ရင် တီတင့်ရဲ့ကိုယ်တိုင်ရေး သုတရသ စာအနေနဲ့ ပို့စ် အပုဒ် ၁၅၀ ရှိပါပြီ။


မေး = သုတရသ စာတွေ ကိုအဓိက ရေးသားဖြစ်တယ် ဆိုတော့ ချစ်သူတွေချစ်ခြင်း ၁၅၀၀ နဲ့ မိသားစုချစ်ခြင်း ၅၂၈ နဲ့ ပက်သက်ပြီး အန်တီတင့်ရဲ့ အမြင်လေးခံယူချက် လေးတွေလည်း အမှတ်တရ ပြောပြပေးပါဦး ...
အများအားဖြင့် ဖတ်သိကြား သိနေရတာက ၁၅၀၀ မေတ္တာဆိုတာ ပူလောင်တယ် ၅၂၈မေတ္တာကျတော့ အေးချမ်းတယ်လို့ ဆိုကြပါတယ်။ တီတင့် အမြင်နဲ့ ယူဆချက်လေးကို ပြောရရင်တော့ ပူလောင်ခြင်းအေး ချမ်းခြင်းဆိုတာအကြောင်း အကျိုးအကောင်း အဆိုးတို့ ဆက်စပ်နေတာမို့ ကိုယ်တိုင် ဖန်တီးတာရဲ့ ရလာဒ်လို့ပဲ ယူဆမိပါတယ်။ ဥပမာပြောရရင် တစ်ပါးသူကိုချစ်တာ မုန်းတာကိုယ်တိုင် ဖန်တီးမှုပဲ ဖြစ်ပါတယ်။ ချစ်တတ်ရင် ၁၅၀၀ မေတ္တာဟာလည်း ပူလောင်ခြင်းကင်းတဲ့ အချစ်တစ်ခုအဖြစ် လက်ခံရရှိနိုင်တယ်လို့ သုံးသပ်မိတယ်။ တီတင့် မိသားစုအပေါ်မှာ အခြေခံပြီး ဖြေကြားထားတာမို့ ရှုထောင့်ကိုယ်စီမှ ခံယူချက်ခြင်းများနဲ့တော့ ကွာခြားမှုလေး ရှိနေမှာပါ။

မေး = ဘလော့ဂါ ဆိုတဲ့ အကြောင်းလေးကို အန်တီတင့် ဘယ်လိုနားလည်ထားလဲ ?
တီတင့် နားလည် သလောက်ကတော့ “ဘလော့ဂါဆိုတာ ကိုယ့်ရင်ထဲမှာ ကိန်းအောင်းနေတဲ့ စကားလုံးတွေကို ကဗျာစကားပြေ စာသားများအဖြစ် ပြောင်းလဲပြီး စာဖတ်သူများကို စေတနာ သဒ္ဓါ ထက်သန်စွာနဲ့ အခမဲ့ ဖတ်ခွင့်ရှိအောင် ဖန်တီးပေးတဲ့သူ"လို့မြင်ပါတယ်။

မေး = ဘလော့ဂါ တစ်ယောက်ရဲ့ ခံယူချက် ခံစားချက်လေးတွေကို စာဖတ်သူများ ဗဟုသုတရအောင် ဖြေကြားပေးစေလိုပါတယ်။
စာရေးသူဖြစ်စေ စာဖတ်သူဖြစ်စေ လူအမျိုးမျိုးစိတ် အထွေထွေမို့ တစ်ဦးနဲ့တစ်ဦးဟာခံစားချက် ခံယူချက် သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်တွေ ကွဲပြားနေကြတဲ့တိုင် ကိုယ်ပိုင်ရှုထောင့်ကကြည့်ရင် အမှန်ချည်းပါပဲ။ ဒါကြောင့်လည်း စေတနာကနေ ဝေဒနာဖြစ်တယ် ဆိုတဲ့ စကားရပ်တွေ ပေါ်လာခြင်းပါ။ တီတင့် အမြင်ပြောရရင် စာရေးသူဆိုတာ စာဖတ်သူအတွက် စေတနာထားပြီး မိမိအရေးအသားများကို မျှဝေပေးခြင်း ဖြစ်သလို စာဖတ်သူဆိုတာကလည်း စာရေးသူကိုတစ်ဖက်တစ်လမ်းကနေ စိတ်ခွန်အား ဖြည့်ဆည်း ပေးနေသူလို့ မြင်ပါတယ်။

မေး = အခုလို မြန်မာဘလော့တွေ ပေါများလာတာနဲ့ ပက်သက်ပြီး အဆိုးအကောင်းကိစ္စများကို အန်တီတင့်ရဲ့ အမြင်လေးပြောပြပေးနိုင်မလား ?
အပေါ်မှာ ပြောခဲ့သလိုပဲ ကိုယ်ပိုင် ခံယူချက်တွေနဲ့ ရေးထားတာမို့ ဖတ်သမျှ စာပေတွေကိုအပြုသဘော ထားဖတ်ရင် ဖြစ်စေ တကယ်လို့ ကိုယ်မနှစ်မြို့တဲ့ စာပေတွေကို မဖတ်ပဲလစ်လျူရှု လိုက်ရင် အဆိုးဆိုတာလည်း ရှိလာနိုင်မှာ မဟုတ်ပါဘူး။


မေး = အန်တီတင့် လေးစားအားကျတဲ့ ဘလော့တွေ ဘလော့ဂါ တွေကိုပြောပြပေးပါဦး ?
ဒီအပိုင်းမှာ တီတင့်ရဲ့ ဘလော့စာမျက်နှာကို မဖွင့်ခင်ထဲက ဘလော့တွေကိုလည်ပတ်ပြီး ဖတ်ဘူးနေတာကြောင့် တီတင့် အားကျတဲ့ ဘလော့တွေ ဘလော့ဂါတွေ နှစ်ဆယ်ကျော်လောက် ရှိတာမို့ အတော်လေးများပါတယ်။ တစ်ခုချင်းပြောဘို့ မလွယ်ပါဘူး အဲဒီဘလော့တွေ ဘလော့ဂါတွေကို အားကျခဲ့တာကြောင့်လည်း ဒီနေ့ ဒီအချိန်မှာ ‘အန်တီတင့်၏ အမှတ်တရလေးများ’ စာမျက်နှာ ဖြစ်ပေါ် လာခဲ့ရခြင်းပါ။

မေး = အန်တီတင့်ရဲ့ စာဖတ်သူမိတ်ဆွေများအတွက် အန်တီတင့် ပြောချင် အသိပေးချင်တဲ့ အမှတ်တရ ဖြစ်စေမဲ့ စကား လက်ဆောင်လေးပြောပေးပါလား ?
တီတင့်ရဲ့ တင်သမျှ ပို့စ်တွေကို ကောင်းကောင်းဆိုးဆိုး အချိန်ပေးပြီးလာရောက်အားပေးတဲ့ ဘလော့ဂါများနဲ့ စာဖတ်ပရိသတ် အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အခွင့်အခါ ပေးနေသမျှ ကာလပတ်လုံးလည်း ပို့စ်လေးတွေကို ကြိုးစား တင်နေအုံးမှာပါ။ တီတင့်ရဲ့ပို့စ်တွေပေါ်မှာ ဘလော့ဂါများနဲ့ စာဖတ်သူတို့ရဲ့ ကွန်မန့်လေးတွေကို ပြန်လည်ဖြေကြားဖို့ ပျက်ကွက်တာနဲ့ပတ်သက်ပြီးလည်း နားလည် ခွင့်လွှတ်ပေးကြဖို့ ဒီနေရာကနေ တောင်းပန်ရင်း မေတ္တာရပ်ခံပါတယ်။ စာဖတ်သူ အားလုံးအတွက် တီတင့်ရဲ့စကားလက်ဆောင် ကတော့ ‘စိတ်ဓာတ်အစဉ် ကြည်လင် အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ’ လို့ပြောပါရစေ။

မေး = အန်တီတင့် ရေးတဲ့ ရသစာပေနဲ့ ပက်သက်ပြီးဝေဖန် အကြံပေးမယ်ဆိုရင် ဘယ်လို ဆက်သွယ်ရမလဲ ?
တီတင့်ရဲ့ https://auntytint.blogspot.com/ ဘလော့လေးနဲ့ auntytint@gmail.com ကို ဝေဖန် အကြံပေးမယ်ဆိုရင် ဆက်သွယ်လို့ရပါတယ်။

အခုလို ကျွန်တော် မေးသမျှကို အချိန်ပေးဖြေကြားပေးသော ဘာလော့ဂါ အန်တီတင့် ဒီထက်မက တွေးနိုင် ရေးနိုင်ပြီး အန်တီတင့် ရည်ရွှယ်သော အရာအားလုံး ဖြစ်မြောက်ပါစေ။ သုတရသစာပေအပိုင်း တစ်ထောင့် တစ်နေရာမှ အသိပညာပေးနိုင်သူ တစ်ယောက် ဖြစ်ပါစေခင်ဗျာ။ 
အခုလို အင်တာဗျူး အစီအစဉ်လေး အတွက်လည်း တီတင့်က မောင်နေဇော်လင်း ကိုကျေးဇူးတင်ပါတယ်။ အချိန်အခါ ပေးနေသမျှ ကာလပတ်လုံး တီတင့်ရဲ့ ဘလော့လေးကို ရှင်သန်နေစေပြီး သုတရသစာပေတွေကိုလည်း စာဖတ်သူတို့အတွက် အသိပညာရရှိစေနိုင်ဘို့ တတ်စွမ်းသလောက် ရေးသား ဖြန့်ဝေ ပေးနေမှာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

သုတ ရသ စာပေရေးသားသူ အန်တီတင့် နဲ့ ဒီလောက်ပဲ စကားပြောဖြစ်ခဲ့ပါတယ်။ ဘလော့ဂါ အန်တီတင့် ရေးသားထားတဲ့ စာပေများကို အန်တီတင်ရဲ့ ဘလော့လေးမှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။ ဘလော့ဂါ အင်တာဗျူး အစီအစဉ်လေးမှာ စာဖတ်သူများ မေးလိုသော ဘလော့ဂါများ ကိုလည်း ပဲမေးနိုင်ပါတယ်။ နောက်အပတ်တွေမှာ အောင်မြင်နေတဲ့ ဘလော့ဂါထဲမှာ ဘယ်သူဖြစ်နိုင်မလဲ စောင့်မျှော် အားပေးကြလို့ ပြောကြားရင်းနဲ့ အခုလို လာရောက် ဖတ်ရှု အားပေးကြသော စာဖတ်သူ မိတ်ဆွေများကို ကျေးဇူး တင်ရှိပါတယ် ခင်ဗျာ။

နေဇော်လင်း

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz